မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၈ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၈ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၂
နိုင်ငံရေး အကျပ်အတည်း၊ ထပ်ဆင့်လာမယ့် စီးပွားရေး အကျပ်အတည်းနဲ့ မြန်မာနိုင်ငံ
ပြီးခဲ့တဲ့လတွေ တလျှောက်လုံး ကမ္ဘာ့ရေနံဈေးမြင့်တက်မှုနဲ့အတူ မြန်မာနိုင်ငံထဲမှာ လောင်စာဆီဈေးနှုန်းတွေ တဆင့်ပြီးတဆင့်မြင့်တက်လာခဲ့တာကြောင့် ခရီးသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေး၊ လောင်စာဆီ သုံးစွဲရတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက အစ စီးပွားရေးလုပ်ငန်းမဟုတ်တဲ့ ပညာသင်ကြားရေးလိုမျိုးအထိ လောင်စာဆီဈေးနှုန်းမြင့်တက်မှု ဂယက်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။ ခုသီတင်းပတ်အနည်းငယ်မှာတော့ ကမ္ဘာ့ရေနံဈေး အနည်းငယ်ကျဆင်းလာတာကြောင့် ဓါတ်ဆီနဲ့ ဒီဇယ်ဆီ တလီတာကို ရာဂဏန်းအနည်းငယ် ပြန်ကျလာခဲ့တာ ဖြစ်ပါတယ်။ လောင်စာဆီဈေး မြင့်တက်မှုဒဏ်ကို ခံစားရတာ ရန်ကုန်-မန္တလေးလို ကားအရေအတွက် အများအပြားသုံးတဲ့ မြို့တွေချည်း မဟုတ်ဘဲ အစွန်အဖျားကျတဲ့ ဒေသတွေက လူထုတွေအဖို့လည်း တနေရာနဲ့တနေရာ သွားလာရေးအတွက် လောင်စာဆီ၊ စိုက်ပျိုးရေး ရေတင်၊ ထွန်စက်မောင်း စတာတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ လောင်စာဆီကို ရန်ကုန်၊ မန္တလေးထက် ဈေးများစွာမြင့်မားစွာနဲ့ ဝယ်သုံးနေကြရတာဖြစ်ပါတယ်။ လောင်စာဆီဈေးမြင့်တက်မှုက စီးပွားရေး တင်မကပဲ ပညာရေးနဲ့ ကျန်းမာရေးတွေမှာပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ခံစားနေကြရတာ တွေ့ရပါတယ်။
ခုတဖန် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေတွေကို ထိန်းချုပ်လဲလှယ်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်မှုတွေက မြန်မာနိုင်ငံထဲမှာ ကြီးမားတဲ့ ဂယက်ရိုက်ခတ်လာနေပြီး ယနေ့တရက်တည်းမှာ ၁ ဒေါ်လာလဲနှုန်း ကျပ် ၁၀၀ ကျော်မြင့်တက်ပြီး ၁ ဒေါ်လာ ၂၃၅၀ ကျပ် ထိမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဒေါ်လာလဲနှုန်းကို ၁၈၅၀ ဝန်းကျင်မှာ သတ်မှတ်ထားပေမယ့် အပြင်မှာ ဖြစ်နေတဲ့ နှုန်းထားက ၂၃၅၀ ကျပ်ဖြစ်နေပြီး မှောင်ခိုဈေးကွက်က ပြန်ကျယ်ပြန့်လာကာ စီးပွားရေးကို ကြီးမားတဲ့ ဂယက်တွေ ရိုက်ခတ်လာနိုင်တာ ဖြစ်ပါတယ်။
သီတင်းပတ်တွေအတွင်း ကျဆင်းလာတဲ့ လောင်စာဆီဈေးဟာ အခု ဒေါ်လာလဲနှုန်းတွေ ထပ်မံမြင့်တက်လာတဲ့ ဂယက်နဲ့ ပြန်လည်မြင့်တက်လာဦးမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဒေါ်လာထိန်းချုပ်ရေး အမိန့်တွေ ညွှန်ကြားချက်တွေဟာ ဆိုးရွားနေတဲ့စီးပွားရေးကို ပိုပြီး ကသောင်းကနင်း ဖြစ်စေမှာ ဖြစ်ပါတယ်။ ခုလို စစ်ကောင်စီက ဒေါ်လာနဲ့ပတ်သက်တဲ့ အမိန့် ညွှန်ကြားချက် မကြာခဏထုတ်ပြန်တာ၊ ဝင်လာတဲ့ငွေတွေကို ၂၄ နာရီအတွင်း မြန်မာကျပ်ငွေလဲခိုင်းတာတွေဟာ သီရိလင်္ကာနိုင်ငံက စီးပွားရေးပြိုလဲတဲ့ ဖြစ်ရပ်ကို စစ်ကောင်စီခေါင်းဆောင်တွေ မြင်ပြီး ပြည်တွင်းစီးပွားရေးနယ်ပယ်က ဒေါ်လာတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာမျိုး ဖြစ်နိုင်သလို အခြားသော ဖြစ်နိုင်ခြေတခုက စစ်ကောင်စီလက်ထဲမှာ နိုင်ငံခြားအရန်ငွေ ပြတ်လပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ မိသားစုနဲ့ ဆွေမျိုးကောင်းစားရေးကို ဦးတည်တဲ့ ခေါင်းဆောင် သမ္မတ ရာဂျာပက်ဆာရဲ့ စီမံခန့်ခွဲမှု အလွဲတွေ၊ နိုင်ငံရဲ့ နိုင်ငံခြားငွေ အများဆုံးရတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကူးစက်မှုနဲ့ အဲဒီမတိုင်ခင် အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေက နိုင်ငံခြားငွေရရှိမှုကို ကြီးမားစွာ ထိခိုက်စေခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးပုံမှန်လည်ပတ်နေဖို့ အတွက် လိုအပ်ချက်အချို့ကိုတောင် မဖြည့်ဆည်းနိုင်ဘဲ ပြည်ပသွင်းကုန်အတွက် နိုင်ငံခြားငွေအကျပ်အတည်းနဲ့ နောက်ပိုင်း လောင်စာဆီ မတင်သွင်းနိုင်တော့ပဲ တိုင်းပြည်ရဲ့ စီးပွားရေး အကျပ်အတည်းအဆင့်မဟုတ်တော့ဘဲ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေပါ အားလုံးထိုးရပ်ပြီး ဆန္ဒပြမှု သမ္မတအိမ်ကို ဝင်ရောက်စီးနင်းတဲ့အထိ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အဲဒီလိုအခြေအနေမျိုးကို ဆိုက်ရောက်မှာစိုးရိမ်တာကြောင့် နိုင်ငံခြားငွေကို ထိန်းချုပ်တာလည်း ဖြစ်နိုင်ခြေတခု ဖြစ်ပါတယ်။ သို့မဟုတ် သီရိလင်္ကာကိစ္စနဲ့ မဆိုင်ဘဲ စစ်ကောင်စီအဖို့ စစ်ရေး အသုံးစရိတ်တွေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးအရ ရော စီးပွားရေးအရပါ အထီးကျန် ဖြစ်လာနေတာတွေရဲ့ ဂယက်ကြောင့် နိုင်ငံခြားငွေ အကျပ်အတည်းက ဖြစ်ပျက်နေနှင့်ပြီး အခြေအနေလည်း ဖြစ်နိုင်ပါတယ်။
ကိုဗစ်ကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ကမ္ဘာမှာ နိုင်ငံအများအပြားရဲ့ စီးပွားရေး ထိခိုက်ကျဆင်းခဲ့ရသလို ယူကရိန်း-ရုရှားစစ်ပွဲရဲ့ အကျိုးဆက် ရေနံဈေးနှုန်းမြင့်တက်မှု စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှုတွေရဲ့ အကျိုးဆက်ကို မြန်မာနိုင်ငံလည်း အနည်းနဲ့အများ ခံစားနေရပြီဖြစ်ပါတယ်။ ရေနံဈေးမြင့်တက်မှုရဲ့ ဆိုးကျိုးတွေကို ပြည်တွင်းမှာ ဆက်လက် ရင်ဆိုင်ကြရဦးမယ့် အနေအထားမှာ နိုင်ငံခြားငွေကို ထိန်းချုပ်လိုတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုက ထပ်ဆင့် ပြဿနာတွေ ပေါ်ပေါက်လာစေနိုင်တာ ဖြစ်ပါတယ်။
တချို့သော နိုင်ငံရေးရှုထောင့်အရတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးအာဏာကို လက်နက်ကိုင် တိုက်ခိုက်တဲ့နည်းလမ်း နိုင်ငံရေးနည်းလမ်းတွေသာမက စီးပွားရေး အလွဲစီမံခန့်ခွဲမှုတွေကြောင့် ဖြစ်လာတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန် အခွင့်အရေးအဖြစ် အသုံးချပြီး သီရိလင်္ကာမှာ သမ္မတကို ဖြုတ်ချနိုင်ခဲ့တဲ့ နည်းလမ်းမျိုးနဲ့ အဆုံးသတ်နိုင်လိမ့်မယ်လို့ ယူဆမှုတွေ ရှိကောင်းရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar