မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၁ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၂
သမိုင်းတကျော့ မလည်စေဖို့ သင်ခန်းစာ
သမိုင်းဘီးက တပတ်ပြန်လည်လာလေ့ရှိတယ်ဆိုတဲ့ ဆိုရိုးစကားက နိုင်ငံရေးနယ်ပယ်မှာ အားလုံးသိရှိကြားဖူးကြပြီးသား ဆိုရိုးစကားဖြစ်ပါတယ်။ သမိုင်းအဖြစ်အပျက်တွေက အတိတ်မှာဖြစ်ပျက်ခဲ့ဖူးတဲ့ ဖြစ်စဥ်မျိုး နောက်တကြိမ် သမိုင်းမှာ ထပ်တလဲလဲ ပြန်ဖြစ်ပွားလေ့ရှိတယ်ဆိုတာပါ။ နိုင်ငံရေး၊ စစ်ရေးအားပြိုင်မှုတွေ တဖက်နဲ့ တဖက် အနိုင်ရဖို့ ကြိုးစားကြ ယှဥ်ပြိုင်ကြစဥ်မှာပဲ မိမိတို့ အင်အားစုတွေထဲ အကျိုးစီးပွားမတူတာ၊ အမြင်မတူတာတွေ ပေါ်ပေါက်လာနိုင်တာ ဖြစ်ပြီးအဲဒီလိုကာလမှာ အင်အားစုကြီးထဲက ခွဲထွက်တာ၊ ကွဲသွားတာတွေ ဖြစ်လာတဲ့ သဘောမျိုး၊ တဖန် အရင်က အတူတူလက်တွဲ လုပ်ဆောင်ခဲ့ကြတဲ့သူတွေအကြား ကွဲပြားသွားတဲ့ ရပ်တည်ချက် အကျိုးစီးပွားကြောင့် ပဋိပက္ခဖြစ်ကာ ရန်ဘက်များလာတာမျိုးတွေ ဖြစ်လာတဲ့အဖြစ်မျိုးတွေ အတိတ်သမိုင်းမှာ ရှိခဲ့ကြတာဖြစ်ပါတယ်။
တကြိမ်နဲ့ တကြိမ် အဖြစ်အပျက်တွေတိုင်းမှာ အစအဆုံး အကြောင်းအရာ ဖြစ်ပျက်ပုံ တထေရာထည်း တူညီလိမ့်မယ်လို့တော့ မဆိုနိုင်ပါဘူး။ အဖြစ်အပျက်တိုင်းမှာ ယေဘုယျ တူညီတဲ့လက္ခဏာတွေ ရှိသလို သီးခြားကွဲပြားခြားနားတဲ့ ဝိသေသလက္ခဏာတွေလည်း ရှိကြတာအမှန်ပဲဖြစ်ပါတယ်။
အခု ရည်ညွှန်းတဲ့ သမိုင်းဘီးတကျော့ပြန်လည်တယ်ဆိုတဲ့ အဖြစ်အပျက်က လတ်တလော သက်တမ်းဆယ်စုနှစ် ၇ ခုရှိပြီဖြစ်တဲ့ ကေအန်ယူအဖွဲ့ ရဲ့ လက်တံတခုဖြစ်တဲ့ KNDO တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်အဖြစ်ကနေ မကြာသေးတဲ့ လပိုင်းမှာ တာဝန်ရပ်ဆိုင်းခံထားရသူ ဦးစီးပြီး မြန်မာ-ကရင် တပ်မတော် Kawthoolei Army ဖွဲ့စည်းလိုက်တဲ့ အဖြစ်ကို ဆိုချင်တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်က ၁၉၉၄/၉၅ ခုနှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကေအန်ယူကနေ DKBA တပ်ခွဲထွက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဥ်ကြည့်စရာ သမိုင်းအဖြစ်အပျက်ချင်း နှိုင်းယှဥ်စရာ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီး နှစ်အနည်းငယ်အကြာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မယ့် ပြည်မကနေ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေဆီ သွားရောက်ကြတဲ့ အင်အားစုတွေကို လက်ခံပြီး အာဏာသိမ်းထားတဲ့ နဝတ စစ်တပ်နဲ့ အကြီးမားဆုံး ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအန်ယူကနေ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာ ကွဲပြားမှုကို အကြောင်းပြုလို့ အင်အားခွဲထွက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဥ်စဥ်းစားစရာ ဖြစ်လာတဲ့ သဘောပါ။
တစုတစည်းတည်း ဖြစ်နေတဲ့ လက်နက်ကိုင်အင်အားစုထဲက အချို့ ခွဲထွက်သွားတဲ့ အဖြစ်အပျက်က ၉၄/၉၅ ခုနှစ်တွေတုန်းက အဖြစ်အပျက်မျိုးနဲ့ ယေဘုယျ သဘောအရ ဆင်တူတာ ဖြစ်ပြီး နောက်ခံအကြောင်းကတော့ ကွဲပြားခြားနားပါတယ်။ ခုအဖြစ်အပျက်မှာ ခွဲထွက်တဲ့ KNDO ရဲ့ အစိတ်အပိုင်းအရေအတွက်က အရင် DKBA ခွဲထွက်တဲ့ အရေအတွက်နဲ့ နှိုင်းစာရင် အများကြီးလျော့နည်းပါလိမ့်မယ်။ ခုခွဲထွက်တဲ့ စောနယ်ဒါးမြ ခေါင်းဆောင်တဲ့ ကော်သူးလေတပ်မတော်မှာ စစ်အာဏာသိမ်းမှုအပြီး လက်နက်ကိုင်ဖို့ တောခိုခဲ့ကြတဲ့ PDF လူငယ်တွေထဲက အင်အားတချို့ စုစည်းပါဝင်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဥကရစ်ထ စခန်းသိမ်းဖို့ ကြိုးစားခဲ့ကြတဲ့ စစ်ဆင်ရေးမှာ ကေအန်ဒီအိုရဲ့ စစ်ကြောင်းတွေက ဦးစီးခဲ့ကြပြီး PDF လူငယ်တွေလို့ ခေါ်ဆိုကြတဲ့ တောခိုသွားတဲ့လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
စောနယ်ဒါးမြကို ရာထူးမှ ရပ်နားခဲ့တဲ့ အဖြစ်အပျက်က ကရင်ပြည်နယ် ဝေါ်လေ ကနဲလေးကျေးရွာနားက တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်က အရပ်သား ၄၀ ကျော်ဖမ်းဆီးပြီးနောက် သူလျှိုလို့ စွပ်စွဲခံရတဲ့ ၂၅ ဦးဝန်းကျင်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ ဖြစ်ရပ်က ယမန်နှစ် နှစ်လယ်ပိုင်းက ဖြစ်ပျက်ခဲ့ပြီး အဲဒီဖြစ်ရပ်မှာ ဒီလိုသတ်ဖြတ်ခဲ့တဲ့ ကေအန်ဒီအိုတပ်ဖွဲ့ရဲ့ တာဝန်အရှိဆုံး စစ်ဦးစီးချုပ် စောနယ်ဒါးမြကို ကေအန်ယူက ရာထူးမှ ရပ်နားလိုက်ကြောင်း ယခုနှစ် ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ သို့ပေမယ့် စောနယ်ဒါးမြအနေနဲ့ ကေအန်ယူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ သူ့အနေနဲ့ ကေအန်ဒီအိုရဲ့ စစ်ဦးစီးချုပ်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကေအန်ယူဗဟိုရဲ့ အမိန့်ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်နာခြင်းမပြုတဲ့ စောနယ်ဒါးမြက ဆက်လက်တာဝန်ယူထားတဲ့ အခြေအနေတွေ ၆ လလောက် ဆက်လက်ဖြစ်ပွားနေရာက အခုလို ခွဲထွက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
စစ်အာဏာရှစ်စနစ် ပြုတ်ကျအောင် လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် ဖယ်ရှားကြမယ်လို့ ရည်မှန်းထားကြချိန်မှာ အခုလို မိမိတို့အင်အားစုတွေအကြားထဲ လမ်းစဥ်အမြင် မတူညီကွဲပြားကြတာကို အကြောင်းပြုလို့ အင်အားစုတွေ ထပ်ကွဲထွက်ကြခြင်းဟာ တဖက် စစ်အာဏာရှင်စနစ်ကို အားပြန်ဖြည့်ဖို့ အခွင့်အလမ်းရစေမှာလည်း ဖြစ်ပါတယ်။
၉၄/၉၅ ခုနှစ်တွေက DKBA ခွဲထွက်တဲ့ ဖြစ်ရပ်မှာ နဝတရဲ့ ထောက်လှမ်းရေးက ကြားဝင် နှပ်ကြောင်းပေးတာ DKBA ကိုကူညီတာတွေ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတင်သူတွေက ရေးကြပါတယ်။ အဲဒီကာလ အာဏာသိမ်းစစ်တပ်က အင်အားတောင့်တင်းတဲ့ ကေအန်ယူကို ဖြိုခွဲဖို့ ကေအန်ယူထဲက အင်အားစုတချို့ကို ခွဲထွက်အောင် စည်းရုံးခဲ့ကြ ကူညီခဲ့ကြတယ်လို့ ဆိုပြီး နောက်ပိုင်းမှာလည်း ကေအန်ယူ ဌာနချုပ်၊ အခြေစိုက် စခန်းတွေကို သိမ်းယူရာမှာ DKBA တပ်ဖွဲ့ဝင်တွေ ပါဝင်ကူညီခဲ့ကြတဲ့ ဖြစ်ရပ်တွေ သမိုင်းမှတ်တမ်းတွေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို မြန်မာ-ကရင်တပ်မတော် ထူထောင်တဲ့ ဖြစ်ရပ်မှာ ဘေးကကြားဝင် အားပေးမှု သပ်လျှိုမှုတွေ မဝင်ရောက်နိုင်အောင် သက်ဆိုင်တဲ့သူတွေအနေနဲ့ ညှိနှိုင်းဆွေးနွေးကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ နို့မဟုတ်ခဲ့ရင် အတိတ်က သမိုင်းတပတ် ပြန်လည်တယ်ဆိုတာမျိုး အရင်က ရဲဘော်ဖြစ်ခဲ့တဲ့သူအချင်းချင်း ပြန်လည်တိုက်ခိုက်နေရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ခြေတွေ ရှိပြီး အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးမှာ အင်အားကွဲပြားပြီး ချည့်နဲ့ လာနိုင်စရာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar