Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၄ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၂


ပညာရေး သင်ကြားခွင့် အားလုံ တန်းတူလွတ်လပ်သလား

သူ့နိုင်ငံရဲ့ စီးပွားရေး ပြိုလဲမှုကြောင့် လူထုဆန္ဒပြပွဲတွေကနေ  နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၄ ရက်က စင်ကာပူနိုင်ငံကို ရောက်ရှိလာပါတယ်။ ၂၀၂၂ မှာ အာရှနိုင်ငံတခု လူထုဆန္ဒပြပွဲကြောင့် အစိုးရခေါင်းဆောင်တယောက် ပြုတ်ကျသွားတာ ပထမဆုံး ဖြစ်ပါတယ်။ အဲသည်မှာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ခဲ့ရင်တော့ ရလဒ်က တမျိုးတမည် ဖြစ်လာနိုင်ပါတယ်။ လူထုက ကျန်ရှိနေသေးတဲ့ ယာယီသမ္မတကိုပါ ဆင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေဆဲဖြစ်ပါတယ်။ ထွက်ပြေးတဲ့ သမ္မတကို မော်ဒိုက်နိုင်ငံဆီကို သီရိလင်္ကာစစ်လေယာဉ်က ပို့ပြီး၊ မော်ဒိုက်ကနေ စင်ကာပူကို ဆော်ဒီအာရေဗျက လေယာဉ်နဲ့ ဆက်ပို့ဆောင်ခဲ့ပါတယ်။ စင်ကာပူကလည်း ထွက်ပြေးတဲ့သမ္မတကို private visit ဆိုပြီး လက်ခံခဲ့ပါတယ်။ ဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတွေနဲ့ အစိုးရတွေက လက်ရှိအစိုးရခေါင်း ဆောင်ဆိုသူတွေကို အကာအကွယ်ပေးတတ်ကြတာ တွေ့နိင်ပါတယ်။ 

နောက်သတင်းတပုဒ်ကတော့ Kaung for You Education ရဲ့ ကျောင်းသားနဲ့ ဆရာစာရင်းတွေ ပေါက်ကြားပြီးနောက် ကျောင်းအုပ်ကြီးကို အဆက်အသွယ်မရဘဲ ဖြစ်နေပြီး မြန်မာပြည်ထဲက အဆိုပါကျောင်းကို အွန်လိုင်းတက်နေကြတဲ့ ကလေးတွေ ဆရာ ဆရာမတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းထွက်လာတာ ဖြစ်ပါတယ်။ အဲသည်ကျောင်းက စစ်ကောင်စီ၏ ကျောင်းများဖွင့်လှစ်တာကိုဖီဆန်ပြီး CDM ကျောင်းပညာရေးအဖြစ် ရပ်တည်တဲ့ကျောင်း ဖြစ်ပါတယ်။ Kaung For You လိုပဲ နွေဦးတော်လှန်ရေး ဘက်တော်သားများက CDM ကျောင်းဆရာ ဆရာမတွေ၊ စစ်ကောင်စီပညာရေးသပိတ်မှောက်တဲ့ ကျောင်းသားတွေနဲ့ ဖွင့်လှစ်တဲ့ နေရာဒေသအလိုက် အွန်လိုင်းကျောင်းတွေ စိုးမိုးနယ်မြေတွေ စစ်ဘေးရှောင်ဒေသတွေမှာ ဖွင့်တဲ့ မြေပြင်ကျောင်းတွေ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ အချို့က ဖယ်ဒရယ်ကျောင်းလို့ အမည်အားဖြင့် ညွှန်းဆိုကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက အဆိုပါ ကျောင်းတွေနဲ့ ပညာရေးစနစ်ကို ကြိုဆိုထောက်ခံပြီး အား ပေးကူညီတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ NUG အစိုးရကိုယ်တိုင် စီမံပြင်ဆင်ပေးတဲ့ ကျောင်းတွေ ပါဝင်လား မဝင်လားကိုတော့ အများက အတိအကျ မသိကြဘူးလို့ ဆိုပါတယ်။

အခုလို ကျောင်းစာရင်း ပေါက်ကြားပြီး စစ်ကောင်စီ၏ အဖမ်းအဆီးတွေ သတင်းထွက်လာပြီးနောက် NUG ပညာရေးဝန်ကြီးဌာနက သဘောထားတရပ် ထုတ်ပြန်ခဲ့ပါတယ်။ သဘောထားမှာ Kaung for You ကျောင်းကိုလည်း ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုအတွက် အပြစ်တင်ထားပြီး အကြမ်းဖက်စစ်အုပ်စုအနေနဲ့လည်း ပညာရေးသင်ကြားခွင့်ကို ခြိမ်းခြောက်ဖမ်းဆီးခြင်း မပြုအပ်ဘူးလို့ ကန့်ကွက်ထားပါတယ်။ စစ်ကောင်စီက အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်စဉ်က NUG ဘက်က ရပ်တည်သူများနဲ့ အစိုးရအဖွဲ့ဝင်အချို့က  CDM လှုပ်ရှားမှုကို ဆက်လက်ထိန်းသိမ်းသည့်အနေနဲ့ စစ်ကောင်စီကျောင်းများကို သပိတ်မှောက်ရန်၊ ကျောင်းတက်သူများ၏ပညာရေးကို အသိအမှတ်မပြုရန် ထုတ်ဖော် ပြောဆိုခဲ့ကြဖူးပါတယ်။ အခုကျမှ Right to Education လို့ စစ်ကောင်စီကို ဝေဖန်ပြစ်တင်တာက double standard လိုမျိုး သူတို့ကျောင်းတက်တာကိုတော့ ပြစ်တင်ပြီး ကိုယ့်ဖက်က ကျောင်းတွေကို ထောက်ခံတာမျိူးဖြစ်နေတယ်လို့ အကဲခတ်အချို့က မှတ်ချက်ပေးပါတယ်။

အဲသည်လို ပြင်ပ အွန်လိုင်းကျောင်းတွေ၏ကျောင်းသားနဲ့ ဆရာများအပေါ် အာမခံမှု ကာကွယ်မှု အရေးအခင်းများကြောင့် NUG ပညာရေးဝန်ကြီးဌာနက အွန်လိုင်းကျောင်းတွေကို စနစ်တကျ စိစစ်ပြီးမှ အသိအမှတ်ပြုတော့မယ်လို့ တရက်တည်းမှာပဲ ထုတ်ပြန်ပါတယ်။ 

ဒုဝန်ကြီး ဂျာထွယ်ပန်က ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်ရာမှာ - "ပညာရေးဝန်ကြီးဌာန အနေနဲ့ online ကျောင်းတွေကို စိစစ်ပြီးအသိအမှတ်ပြုပေးဖို့ လုပ်ဆောင်နေဆဲကာလဖြစ်ပါတယ်။ မကြာခင်မှာ အသိအမှတ်ပြုပြီး ကျောင်းတွေကို ကြေညာပေးမှာဖြစ်ပါတယ်။ အခုအချိန်အထိ online ကျောင်းတွေကို တော်လှန်ရေး ကာလ ကျောင်းတွေအဖြစ် အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ နှုတ်အားဖြင့် ပြောထားတာဖြစ်ပြီး (level 1 အသိ အမှတ်ပြုမှု)၊ ထုတ်ပြန်ထားတဲ့ Recognition policy အသိအမှတ်ပြုမှုမူဝါဒအရ (level 2 ) အသိအမှတ်ပြုပေးဖို့ စိစစ်နေဆဲဖြစ်ပါတယ်။ online ကျောင်းတွေအားလုံး level 2 အသိအမှတ်ပြုမှု ခံရယူရမှာဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေ ပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။ စစ်ကောင်စီ၏ ကျောင်းများကို ကျောခိုင်းပြီး ပြင်ပက အွန်လိုင်းကျောင်းတွေကို အားကိုးနေကြတဲ့ မိဘတွေ ကျောင်းသားတွေက NUG အစိုးရဘက်က မြန်မြန်သွက်သွက် ထိန်းကြောင်းမှု လမ်းညွှန်မှုတွေ ချမှတ်ပေးစေလိုတယ်လို့ ထုတ်ဖော် ပြောဆိုကြပါတယ်။

နွေဦးတော်လှန်ရေးကာလ တနှစ်ကျော် ၆လ နား ချဉ်းကပ်လာနေပါပြီ။ ကေအင်ယူ တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များ အခြေစိုက်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းတို့မှာလည်း PDF အဖွဲ့ပေါင်းစုံနဲ့ စစ်ကောင်စီတပ်များ ဆက်လက်တိုက် ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒေသခံတွေကိုယ်တိုင်လည်း နေရပ်စွန့်ခွာပြီး ရှောင်တိမ်းနေထိုင်ကြရပါတယ်။ အများက တောတောင်တွေထဲမှာ ထွက်ပြေးနေကြရပြီး အချို့ကတော့ အခြေအနေတည်ငြိမ်နေသေးတဲ့ မြို့ပြတွေကို စစ်ဘေးရှောင်လာကြပါတယ်။ မြို့ပြကြီးတွေကိုယ်တိုင်ကလည်း အခြေအနေများ ပုံမှန်လည်ပတ် သွားလာနေကြတယ် ဆိုပေမယ့် စစ်ကောင်စီလုံခြုံရေးများနဲ့ နွေဦးတော်လှန်ရေး၏ပြောက်ကျားအဖွဲ့တွေနဲ့ ထိတွေ့မှု တိုက်ခိုက်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar