ဆောင်းဝေ (နတ်မောက်) - ဆရာစွမ်းဆီမှ စုတ်ချက်များထဲမှ ကျွန်တော်ရခဲ့သော ‘လိုင်း’ အနည်းအကျဉ်း
ဆရာစွမ်းဆီမှ စုတ်ချက်များထဲမှ ကျွန်တော်ရခဲ့သော
‘လိုင်း’ အနည်းအကျဉ်း
ဆောင်းဝေ(နတ်မောက်)
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၂
အခုတလော ကျွန်တော်အလုပ်နားနေရသည်မို့ အားလပ်ချိန်များနေပါသည်။ အလုပ်လုပ်နေတဲ့အချိန်တုန်းကအိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ်အစုန်အဆန်နေ့စဉ်သွားနေရသည်မို့ အားလပ်ချိန်နည်းခဲ့တာကြောင့် ကိုယ်သွားချင်တဲ့နေရာတွေမသွားခဲ့ရသလို ကိုယ်တွေ့ချင်တဲ့လူတွေနဲ့လည်း မတွေ့ခဲ့ရပါ။ အခုလိုအလုပ်နားရက်မှာတေ့ာ ကိုယ်တွေ့ဆုံတဲ့လူတွေနဲ့အချိန်ပေးတွေ့ဆုံဖြစ်ဖို့စဉ်းစားထားပါသည်။ ထိုအထဲမှာ ဆရာမောင်စွမ်းရည်နဲ့တေ့ာ မဖြစ်မနေတွေ့ဆုံရပါလိမ့်မည်။ ပြီးခဲ့တဲ့နှစ်က ဆရာစွမ်းက ကျွန်တော့်ကိုအင်္ဂလိပ်ကဗျာစာအုပ်တစ်အုပ်ဖတ်ဖို့ ငှားခဲ့ဖူးပါသည်။ ကျွန်တော်ကတေ့ာ အင်္ဂလိပ်စာလည်းသိပ်မကျွမ်းကျင်သလို စာဖတ်ချိန်လည်း နည်းလွန်းတာကြောင့် ထိုစာအုပ်ကိုသိပ်မဖတ်ဖြစ်ခဲ့ပါ။ စာအုပ်လက်ထဲရောက်နေတာ တစ်နှစ်ဝန်းကျင်ရှိနေပြီမို့ ပြန်ပေးရန်အတွက် ဆရာစွမ်းရဲ့အိမ်ကို အားလပ်ရက်တခုမှာထွက်လာခဲ့ပါသည်။ ကျွန်တော် ငှားနေတဲ့အခန်းနဲ့ ဆရာစွမ်းရဲ့အိမ်က သိပ်မဝေးလှပါ။ လမ်းလျှောက်ရင် ၁၅ မိနစ်လောက်သာ ဝေးပါသည်။
ထိုစာအုပ်ကိုဆရာစွမ်းရဲ့လက်ထဲပြန်အပ်ပြီးချိန်မှာ နောက်ထပ်ဖတ်ဖို့အင်္ဂလိပ်ကဗျာစာအုပ်နှစ်အုပ်ကို ထပ်ငှားလိုက်ပါသေးသည်။ ဆရာစွမ်းရဲ့ကတော်ကလည်း လက်ဖက်ရည်၊ မုန့််များနဲ့လည်း ဧည့်ခံပါသေးသည်။ စကားပြောဆိုကြတယ်ဆိုသော်လည်း ကျွန်တော်ကပြောဆိုရတာမဟုတ်ပဲ ဆရာစွမ်းပြောတာကိုသာ ကျွန် တော်ဘက်ကနားထောင်မှတ်သားနေရုံပဲဖြစ်ပါသည်။ ဆရာစွမ်းမှာ အမေရိကန်ရောက်နေတာကြာပြီဆိုသော် လည်း စကားပြောဆိုပုံမှ ာအညာလေ သံ အညာစတိုင်မပျောက်သေးပါ။ အညာသားကျွန်တော်မှာလည်း အညာမြို့လေးတမြို့မှလက်ဖက်ရည်ဆိုင်တခုမှာအေးအေးဆေးဆေးထိုင်စကားပြောနေသလိုမျိုးတောင် ခံစားနေမိပါသေးသည်။ ဆရာစွမ်းမှာ အသက် ၈၃ နှစ်ရှိနေပြီဆိုပေမယ့် နား အနည်းငယ်လေးရုံကလွဲလို့ မျက်လုံးလည်းကောင်း၊ မှတ်ဉာဏ်များလည်း တောက်ပဲနေဆဲဖြစ်သလို စိတ်ဓာတ်များလည်းကြည်လင်လန်းဆန်းနေဆဲပင်ဖြစ်ပါသည်။ ဆရာနဲ့ဆုံရတာက ဒီအကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်တွေ့တာက သူ့အိမ်မှာ၊ ဒုတိယအခေါက်က နယူးယောက်မှာရှိတဲ့စိန့်ဂျိမ်းဘုရားကျောင်းမှာ ဆရာကာတွန်းအော်ပီကျယ် နဲ့ ဆရာမင်းကိုနိုင်တို့စာပေဟော ပြောပွဲလာဟောတုန်းက ဖြစ်ကာ၊ တတိယအခေါက်ကတေ့ာ ဘုန်းကြီးကျောင်းတခုမှာဖြစ်ပါသည်။ မြန်မာပြည်မှာတုန်းကဆရာနဲ့မဆုံခဲ့ဖူးသလို အမေရိကန်မှာလည်းဆရာနှင့်တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မစဉ်စားခဲ့ဖူးပါ။ အခုလိုတွေ့ဆုံခွင့်ရလာတေ့ာ အဲဒီအခွင့်အရေးကို ကျွန်တော်တန်ဖိုးထားမိပါ သည်။ ကျွန်တော့်အသက်အရွယ်၊ ကျွန်တော့်ပညာနဲ့က ဆရာရှေ့မှာဘာစကားမှပြောစရာမရှိပဲ ဆရာပြောသမျှကိုထိုင်နားထောင်ကာ လိုက်လံမှတ်သားနေရုံပဲဖြစ်ပါသည်။
ကဗျာဆရာမောင်စွမ်းရည်၊ နိုင်ငံခြားရေဒီယိုအသံလွှင့်ချက်များထဲမှနားထောင်ခဲ့ရသော၊ တချိန်က မြန်မာ့စာ ပေတိုက်ပွဲများထဲတွင်ထင်ရှားခဲ့သော၊ မန္တလေးမှလူထုတိုက်တွက်စာရေးဆရာကဗျာဆရာများထဲမှတယောက်အပါအဝင်ဖြစ်သော၊ ခေတ်အဆက်ဆက် အထင်ကရဖြစ်ခဲ့သော ဆရာမောင်စွမ်းရည်ကို ကျွန်တော်စကား ပြောခွင့်နှင့် သူ့ထံမှပညာဆည်းခွင့်ရနေပြီဖြစ်ပါသည်။ ကျွန်တော်တို့နှင့်ခေတ်ချင်း အဆမတန်ကွာခြားခဲ့သောဆရာ့ထံမှ သူ့တို့ဖြတ်သန်းခဲ့ရသောခေတ်ထဲမှစာပေဖြတ်သန်းမှု။ ကဗျာဆရာတယောက်ရဲ့တိုက်ပွဲများ၊ သမိုင်းဆိုင်ရာအဖြစ်အပျက်များစတာတွေကို အများကြီးပြောပြသွားခဲ့ပါသည်။
ဆရာစွမ်းမှာ လူထုဦးလှနှင့်လူထုဒေါ်အမာတို့တည်ထောင်ထုတ်ဝေခဲ့သော လူထုသတင်းစာတိုက်ထွက် ကဗျာဆရာ၊ စာရေးဆရာတယောက်ဖြစ်သလို လူထုမိသားစုနှင့်လည်းမိသားစုဝင်တယောက်ပမာ ထဲထဲဝင်ဝင် ချစ်ခင်ရင်းနှီးခဲ့သူလည်းဖြစ်ပါသည်။ ဆရာသည် လူထု၏မျက်နှာကိုရှေ့ရှုခဲ့သော၊ လူထု၏ဆန္ဒနှင့်တသားတည်းဖြစ်ခဲ့သလို လူထု၏နားမျက်စိများကိုဖွင့်ပေးခဲ့သော ကဗျာဆရာ၊ စာရေးဆရာတယောက် ဖြစ်ခဲ့ပါသည်။ သမိုင်းဝင်လူထုသတင်းစာခေတ်ကို ကျွန်တော်တို့မသိမီလိုက်သော်လည်း စာအုပ်များထဲမှပြန်လည်ဖတ်ရှုခဲ့ရာကစပြီး လူထု၏ တန်ဖိုးကို ကျွန်တော်တို့နောက်မျိုးဆက်ကလေးစားအထင်ကြီးခဲ့ရ မြတ်နိုးအားကျခဲ့ကြရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အမြဲလေးစားအထင်ကြီးခဲ့ရသော မောင်သာနိုး၊ ဇော်ဇော်အောင်၊ တင်မိုး၊ ကြည်အောင်၊ မုံရွာဝင်းဖေ၊ မောင်သာနိုး၊ မောင်မိုးသူ .. အစရှိတဲ့ နာမည်ကျော်စာ ရေးဆရာ၊ ကဗျာဆရာ၊ ဘာသာပြန်ဆရာ၊ ရုပ်ရှင်ဒါရိုက်တာများမှာလည်း သူနှင့်သူငယ်ချင်းအရင်း အချာများဖြစ်ခဲ့ကြောင်းကိုလည်း ပြောပြပါသေးသည်။
မောင်သာနိုးလို့ အသံကြားတာနှင့် ကျွန် တော်တို့လူငယ်များက “ထင်ရှူးပင်ရိပ်”ကို ပြေးမြင်မိတတ်ကြပါသည်။ ၁၉၇၀ ဝန်းကျင်ကထွက်ရှိခဲ့သော ထိုစာအုပ်မှာကမ္ဘာအရပ်ရပ်မှမော်ဒန်ကဗျာများကိုဘာသာပြန်ဖော်ပြထားရာ ခေတ်ပေါ်ကဗျာရေးသားလိုကြသည့်နောက်မျိုးဆက်ကဗျာဆရာများအတွက် အတိုင်းမသိတန်ဖိုးကြီးမားခဲ့ပါသည်။ ဆရာမောင်သာနိုး၏ထွက်ရှိခဲ့သောစာအုပ်အားလုံးလိုလိုမှာ ပညာရပ်ဆိုင်ရာစာအုပ်များသာ များပါသည်။ သူ၏သူငယ်ချင်းမောင်သာနိုးမှာ ငယ်စဉ်အချိန်ကတည်းက အိမ်မှာအင်္ဂလိပ်လိုပဲပြောဆိုရပြီး အင်္ဂလိပ်ကျောင်းများမှာပဲလေ့လာသင်ကြားခဲ့ရသည်ဟု ဆိုပါသည်။ အသက် ၁၅ နှစ်ရောက်မှ မန္တလေးမှသာ သနာပိုင်ဆရာတော်တပါး၏ ခေတ်အခြေအနေအရ မြန်မာစာတက်မြောက်ထားသင့်ကြောင်း အကြံပေ းချက်အရ မိဘများမှမြန်မာစကားသင်ယူဖို့ စီစဉ်စဉ်းစားပေးခဲ့ကြသည်ဟု ပြောပါသည်။ ဒါပေမယ့် အခုအချိန်မှာတေ့ာ မောင်သာနိုးဟာ မြန်မာစကားနှင့်ပတ်သက်တဲ့ဝေါဟာ ရများ၊ သဒ္ဒါတည်ဆောက်ပုံနှင့် အသံနေအသံ ထားထွက်ရှိပုံ (Voicing rule)ကို ကောင်းမွန်စွာသိမြင်တက်မြောက်တဲ့ပညာရှင်တဦးဖြစ်ကြောင်း ဆရာစွမ်းကပြောပါသည်။ ဆရာဇော်ဇော်အောင်အကြောင်းကို ကျွန်တော်ကမေးတေ့ာ ဆရာစွမ်းကသူ့ရှေ့မှာရှိတဲ့နံရံအဖြူသားကိုခဏစိုက်ကြည့်ပြီး သူနဲ့ငါနဲ့ကငယ်သူငယ်ချင်းတွေဆိုပေမယ့် နောက်ပိုင်းစာပေတိုက်ပွဲတွေဖြစ်တေ့ာဝေးသွားကြတယ်၊ ဇော်ဇော်အောင်သေခါနီးတေ့ာ “နိုင်ငံရေးအရောင်တွေကြောင့် တကယ့်သူငယ်ချင်းအရင်းတွေလည်း ဝေးသွားကြရတယ်” ဆိုပြီးရေးသွားခဲ့တယ်ဟု လွမ်းဆွေးစွာပြောပါသေးသည်။ သူနဲ့ငါက စာမျက် နှာတွေပေါ်ကနေ နိုင်ငံရေးရောစာပေရေးရာတွေကော တိုက်ပွဲတွေဆင်နွဲှခဲ့ကြတာ ဟုဆိုပါသည်။
“တခါက ငါကမန္တလေးကနေရန်ကုန်ခဏရောက်တေ့ာ ဇော်ဇော်အောင့်အိမ်ကို စက်ဘီးလေးနဲ့ရောက်သွားတာ၊ သူ့အိမ်ကိုတခါမှမရောက်ဖူးပေမယ့် ဒီလိုပဲဟိုမေးဒီမေးနဲ့ ရောက်သွားတာ”။
ဆရာစွမ်းကအဲဒီလိုပြောပြတေ့ာ စာမျက်နှာတိုက်ပွဲတွေကြားကသူငယ်ချင်းနှစ်ယောက်ရဲ့ပုံရိပ်ကို ဘယ်လိုပုံစံများဖြစ်နေကြမလဲ၊ ဘယ်လိုအနေအထားနဲ့တွေ့ဆုံကြမလဲဟုလည်း တွေးဆနေမိပါသည်။ “ ငါ သူ့အိမ်ထဲရောက်သွားတေ့ာ သူ့ကိုတွေ့တယ်၊ ဘယ်သူနဲ့တွေ့ချင်လို့လဲလို့ သူကမေးတေ့ာ ဇော်ဇော်အောင်နဲ့တွေ့ချင်လို့ပါ ငါက ပြောတယ်၊ ခင်ဗျားက ဘယ်သူလဲတဲ့၊ ငါ့ကို၊ အဲဒါနဲ့ သူ့ပခုံးကိုဖက်ပြီး အိမ်နောက်ခန်းထဲဝင်သွားတေ့ာ သူ့မိန်းမကိုတွေ့တယ်၊ ခင်ဗျားက ဘယ်သူလဲလို့ ဒီကောင်ကထပ်မေးတေ့ာ .. ဟာ ငါဝင်းဖေလေကွာ မန္တလေးကမင်းသူငယ်ချင်းကြီးလေကွာ လို့ပြောတေ့ာ ဒီကောင်အံ့သြသွားတယ်“။
ဆရာစွမ်းက အဲဒီလိုပြောတဲ့အချိန်မှာ ဆရာဇော့်ရင်ထဲမှာ ဘယ်လောက်ကြည်နူးသွားမလဲ၊ ဘယ်လောက်စိတ်လှုပ်ရှားသွားမလဲလို့လည်းတွေးကြည့်မိပါသေးသည်။ ဆရာဇော်ကလည်း တကယ်ပင်မမှတ်မိတာဖြစ်ကြောင်း ၊ စာပေတိုက်ပွဲတွေလည်းဖြစ်နေတေ့ာ ခုလိုအပြင်မှာပြန်ဆုံဖို့ထင်မထားမိကြောင်းနှင့် ခုလိုရုတ်တရက်ကြီးတွေ့တေ့ာလည်း ချက်ချင်းကြီးမမှတ်မိတာလည်းဖြစ်ကြောင်း ပြန်ပြောသည်ဟု ဆိုပါသည်။
နှစ်ပေါင်းများစွာဝေးကွာနေတဲ့သူငယ်ချင်းနှစ်ယောက်၊ ကျောင်းအတူတက်ခဲ့ကြသူ၊ စာရေး ဆရာကဗျာဆရာတယောက်ရဲ့ခရီးရှည်ကိုစတင်အတူတူဖြတ်သန်းခဲ့ကြသူတွေ ရုတ်တရက်ပြန်လည်တွေ့ဆုံကြတဲ့အခါ အဲဒီလူသားနှစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လိုစိတ်လှုပ်ရှားမှုမျိုးဖြစ်နေမလဲဆိုတာကိုတေ့ာ ကာယကံရှင်များမှလွဲ၍ အခြားသူတွေသိနိုင်ဖို့ခက်ခဲလိမ့်မည်ထင်ပါ သည်။ ကျွန်တော်နှင့်ခေတ်ချင်းကွာဟခဲ့သော ဆရာဇော်ဇော်အောင်၏ပင်ကိုလက်ရာဖြစ်သော ” ယုဇနမခင်ပျို“ဝတ္ထုတိုကို နောက်ပိုင်းကျမှပြန်လည်ဖတ်ရှုခဲ့ရခြင်းဖြစ်ပါသည်။ ဆရာဇော်၏ ကဗျာဆိုင်ရာဆောင်းပါးများ၊ မော်ဒန်၊ ပို့စ်မော်ဒန်များနှင့်ပတ်သက်သောစာအုပ်များကို ကျွန် တော်တို့တလေးတစားဖတ်ရှုခဲ့ကြရပါသည်။ ထိုဆောင်းပါးများနှင့်စာအုပ်များသည် နောက်မျိုးဆက်သစ်စာရေးဆရာ၊ ကဗျာဆရာများရဲ့အပေါ်မှာ များစွာသက်ရောက်မှုကြီးမားခဲ့ပါသည်။ ဆရာစွမ်းပြောခဲ့သော ထိုခေတ်ကျောင်းသားလူငယ်များ၊ ကဗျာဆရာ၊ စာရေးဆရာတို့၏ နိုင်ငံ ရေးကိုစိတ်ဝင်စားပုံ၊ တက်ကြွစွာပါဝင်ပတ်သက်ကြပုံများကိုနားထောင်ရသည်မှာ စိတ်ကြည် နူးဖို့လည်းကောင်းသလို လွမ်းဆွတ်အားကျစိတ်လည်းဖြစ်မိပါသည်။
အဲဒီခေတ်က လူထုသတင်းစာတိုက်အကြောင်း၊ ဝါသနာတူလူငယ်တွေစုလုပ်ကြတဲ့ကလောင် ရှင်အသင်းစာအုပ်တိုက်အကြောင်း၊ တယောက်နှင့်တယောက်အမြဲမပြတ်တွေ့ဆုံကြရင်း ကဗျာစာတွေကို ဆွေနွေးကြပုံများကိုကြားရတေ့ာ ယနေ့ခေတ်အချိန်မှာနယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသောဆရာအထွေထွေတို့ ၏ အတိတ်နေ့ရက်များအကြောင်းကို တပိုင်းတစသိခွင့်ရခဲ့ပြန်ပါသည်။
အဲဒီခေတ်ကတေ့ာ အထက်မြန်မာပြည်မှာရှိနေတဲ့ မြို့နီးပါးအားလုံးနှင့်ပြည်နယ်များမှကျောင်း သားလူငယ်တွေဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလို့ တက္ကသိုလ်တက်ရောက်ရတေ့ာမည်ဆိုလျှင် မန္တလေးကိုလာတက်ကြရသည်ဟုဆိုပါသည်။ မန္တလေးတက္ကသိုလ်မှာပင် အနီးအနားမြို့တွေကကျောင်းသားလူငယ်တွေဆုံဆည်းကြ၊ မိတ်ဆွေဖြစ်ကြ၊ အသိဉာဏ်ပညာချင်းဖလှယ်ကြ၊ ဝါသနာတူကြသူတွေပေါင်းစည်းကြ စသဖြင့် လူငယ်တို့၏ဘဝတွေကို သူတို့၏တက်ကြွ သော နှလုံးသားဖြင့်ရင်ခုန်ခဲ့ကြပါလိမ့်မည်။ အဲဒီအထဲကလူငယ်တစုကတေ့ာ ကဗျာရေးခြင်းစာရေးခြင်းကိုဝါသနာပါကြသည်ဖြစ်ရာ လူထုသတင်းစာတိုက်မှာဝင်ရောက်ရေးသားကြရင်းဖြင့် အချင်းချင်းပိုမိုစည်းလုံးကြ၊ အနာဂတ်ခရီးရှည်ဖို့ရောက်အောင်ချီတက်ဖို့ ဇွဲ့လုံ့လထက်သန်ခဲ့ကြပါသည်။
“ဇော်ဇော်အောင် ကြည်အောင်၊ တင်မိုး နဲ့ ငါတို့က ဖျာတချပ်ထဲအတူအိပ်ခဲ့ကြတာ၊ ပြီးတေ့ာ တစ်နှစ်တည်းမွေးခဲ့ကြတာ “ဟုလည်း မမေ့မလျော့ပြောပါသေးသည်။ “ ပေါ်ဦးသက်နဲ့ မုံရွာဝင်ဖေတို့က လူထူမှာကာတွန်းနဲ့ပန်းချီ ဝင်ရေးကြတယ်၊ သူတို့ကိုမော်ဒန်ပန်းချီသင်ပေးတာက မန္တလေးက ဘဏ်အရာရှိဖြစ်တဲ့ ဦးခင်မောင်ကသင်ပေးတာ၊ မော်ဒန်အနုပညာဆိုတာကလည်း လုပ်ချင်တိုင်းလုပ်လို့ရတာမျိုးမဟုတ်ပဲ Modern sensibility ရှိမှအဆင်ပြေတာဆိုတေ့ာ ခေတ် ပညာတတ်သူတို့အတွက် အကြိုက်ဖြစ်သွားတာပေါ့“ဟုလည်း ယနေ့အချိန်မှာမော်ဒန်ပန်းချီနှင့်ပက်သက်ပြီးအလွန်အင်မတန်ထင်ရှားလွန်းသော သူ့ခေတ်ထဲမှသူ့မိတ်ဆွေရင်းနှစ်ယောက်အကြောင်းကိုလည်း ပြောပါသေးသည်။
“ တနေ့တေ့ာ ငါတို့သူငယ်ချင်းတွေစုပြီး ကလောင်ရှင်အသင်း ဆိုပြီးစာအုပ်တိုက်တခုထောင်ကြမယ်ပေါ့၊ အဲ ဒီလိုမှမဟုတ်ရင်လည်း လူတယောက်စာအုပ်ထုတ်ဖို့ဆိုတာလည်း မလွယ်ဘူးဟ၊ အဲဒီခေတ်ကတေ့ာ ပိုဆိုးတာပေါ့“ ဟုဆိုတေ့ာ ရန်ကုန်မှာနေတုန်းက စာအုပ်တိုက်တခုလုပ်ပြီး စာအုပ်အနည်းငယ်ထုတ်ဝေခဲ့ဖူးသောအခက် အခဲတွေကို ကျွန်တော်ပြန်စဉ်းစားမိပါသည်။ အသင်းနာမည်ကိုစာပေစိစစ်ရေးရုံးမှာမှတ်တမ်းတင်ရ၊ တရားဝင်ထုတ်ဝေခွင့်ကဒ်ရဖို့ကြိုးစားရ၊ ပုံနှိပ်တိုက်တွေနဲ့ချိတ်ဆက်ရ၊ အမြဲအတက်အကျဖြစ်နေတတ်တဲ့စာရွက်ဈေး နှုန်းနဲ့ဖလင်ခဈေးနှုန်းကို အမြဲလေ့လာရ၊ ကွန်ပျူတာစာစီရ၊ ပန်းချီဆရာနှင့်ဒီဇိုင်းဆရာငှားရများအပါအဝင် အခြားသောအခက်အခဲမျိုးစုံကို စာအုပ်တအုပ်မဖြစ်မြောက်ခင်မှာဖြတ်ကျော်ရပါသည်။ ဒါတောင်မှ အင်တာနက်နှင့်ဖုန်းစနစ်လွယ်ကူသောခေတ်မှာ ဖြစ်ပါသည်။ ကိစ္စတစုံတရာသိဖို့၊ဆက်သွယ်ဖို့ခက်ခဲသော အင်တာနက်နှင့်ဖုန်းမလွယ်ကူသော အရင်ခေတ်တွေမှာဆိုလျှင် ပိုမိုခက်ခဲကြမည်မှာသေချာသလောက်ရှိပါသည်။
“ ကလောင်ရှင်အသင်း ဆိုပြီး စာအုပ်တိုက်တေ့ာထောင်ပြီးပြီ၊ ဘယ်သူ့စာအုပ်စထုတ်ကြမလဲ ဆိုပြီး စဉ်စားတေ့ာ တင်မိုးရဲ့ ဖန်မီးအိမ်ကဗျာစာအုပ်ကိုထုတ်ဖို့ ငါတို့မြင်ကြတယ်၊ တင်မိုးကလည်း အဲဒီတင်မိုးနာမည်ကို အဲဒီစာအုပ်ကိုစပေးတာ၊ စာအုပ်ကလည်း အဲဒီမှာပထမဆုံးထုတ်ဖူးတာ၊ ဖြစ်ချင်တေ့ာ အဲဒီနှစ်အမျိုးသားစာပေဆုကို တင်မိုးက အဲဒီစာအုပ်နဲ့ရသွားတယ်” ။
ဆရာစွမ်းက အဲဒီလိုပြောတေ့ာ ကျွန်တော်က ကလောင်ရှင်စာအုပ်တိုက်နဲ့ဆရာတင်မိုးအစား ဝမ်းသာကြည်နူးမိပါသည်။ “ ဒုတိယနှစ်လည်းကျရော ငါတို့အသင်းအနေနဲ့ဒီနှစ်လည်း စာအုပ်ဆက်ထုတ်သင့်တယ်ပေါ့၊ အဲဒါနဲ့ ငါတို့ရဲ့သူငယ်ချင်းဖြစ်တဲ့ အင်းဝကကြည်အောင်ရဲ့ကဗျာစာအုပ်ကိုထုတ်ကြမယ်ပေါ့၊ အဲဒါနဲ့ သူငယ်ချင်းတွေစုပြီး အဲဒီစာအုပ်ကို ဝိုင်းလုပ်ကြတယ်၊ ကြည်အောင်ကလည်း သူ့နာမည်ကို အဲဒီစာအုပ်ကျမှ စပြီးနာမည်ပေးတာ၊ အဲဒီနှစ်အမျိုးသားစာပေဆုလည်း ကြည်အောင်က အဲဒီစာအုပ်နဲ့ရသွားပြန်ရော“ ။
ကျွန်တော်ကတေ့ာ နားထောင်နေရင်းနဲ့ နှုတ်ကနေမထင်မှတ်ပဲ “ဟာ“ဆိုပြီး လွှတ်ခနဲထွက်မိသွားပါသည်။
ကျွန်တော်နည်းနည်းရင်ခုန်နေပါပြီ။ တတိနှစ်ကျရင် ဘယ်သူ့စာအုပ်ထုတ်မလဲ၊ အဲဒီစာအုပ်ကော ဆုရပါ့မလားဆိုပြီး စိတ်လှုပ်ရှားနေပါပြီ။ “ တတိယနှစ်ကျတေ့ာ တအုပ်တေ့ာထုတ်ကြမယ်ပေါ့၊ ဘယ်သူ့စာအုပ်ထုတ်ကြမလဲဆိုပြီး ဝိုင်းစဉ်းစားကြတယ်၊ အဲဒီအချိန်မှာ တင်မိုးက မင်းစာအုပ်ထုတ်ပါလားလို့ ငါ့ကိုပြောတယ်၊ ဟာ ငါ့ကဗျာတွေ အဲဒီလောက်မများသေးဘူး လို့ပြန်ပြောတေ့ာလည်း မရဘူး၊ သူငယ်ချင်းတွေက ဇွတ်အတင်းထုတ်ခိုင်းတယ်၊ အဲဒါနဲ့ငါ့ကဗျာစာအုပ် ထုတ်ဖြစ်သွားတယ်၊ ဖြစ်ချင်တေ့ာ အဲဒီနှစ်အမျိုးသားစာပေဆုကို ငါ့စာအုပ်ကရသွားတယ်“။
ဘာရယ်မဟုတ် ကြားထဲကနေကျွန်တော်ကဝမ်းသာနေမိပါသည်။ ကလောင်ရှင်အသင်းမှာလုပ်နေကြတဲ့လူ ငယ်တွေလည်း ဘယ်လောက်တောင်ပျော်နေကြမလဲဟုလည်း စိတ်ကူးဖြင့်မှန်းဆနေမိပါသည်။
လူထုဦးလှနှင့်လူထုဒေါ်အမာကတေ့ာ သူတို့ရဲ့လူငယ်တွေအခုလိုအောင်မြင်နေကြတဲ့သတင်းတွေကို ကြားသိရချိန်မှာ ဂုဏ်ယူဝမ်းမြောက်နေကြမည်မှာ ကျိန်းသေသလောက်ရှိပါသည်။ ဆရာစွမ်း ဆက်ပြောမယ့်စကားတွေကိုကျွန်တော်အမြန်နားထောင်ချင်လှပါပြီ။ “ စတုတ္ထနှစ်လည်းကျရော ဘုတလင်ချစ်လေးက သူ့စာအုပ်ကို ငါတို့ကလောင်ရှင်အသင်းကထုတ်ပေးပါတဲ့၊ ဟာ ကျုပ်တို့စာအုပ်တိုက်က ပိုက်ဆံမရှိဘူး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်နေကြတာ လို့ပြောတေ့ာ ပိုက်ဆံသူပေးပါ့မယ်၊ ထုတ်ပေးပါ တဲ့“ ။
ဖြစ်နိုင်ပါသည်။ ကျောင်းသားလူငယ်တွေမှာ ပိုက်ဆံပေါပေါများများမရှိနိုင်ကြပါ။ အခုအလုပ်တွေကလည်း ပိုက်ဆံရှိလို့လုပ်နေကြတာမဟုတ်ပဲ တားမနိုင်ဆီးမရဝါသနာကြောင့်သာ စွန့်စားလုပ်နေကြတာဖြစ်ပါလိမ့်မည်။ “အဲဒါနဲ့ ဘုတလင်ချစ်လေးရဲ့ချစ်လေးရဲ့စာအုပ်ကို ငါတို့ဝိုင်းလုပ်ကြတာ၊ အဲဒီနှစ်အမျိုးသာစာပေဆုကို အဲဒီစာအုပ်က ရသွားတယ်”။
နားထောင်ကြားသိနေရသည်မှာ အရသာရှိလှပါသည်။
“ ပဉ္စမနှစ်လည်းကျရော ကြည်အောင်ရဲ့သူငယ်ချင်းဖြစ်တဲ့ အင်းဝက ကိုလေးရဲ့စာအုပ်ကိုထုတ်ကြတယ်၊ အဲဒီစာအုပ်လည်း အမျိုးသာစာပေဆုရသွားတယ်“။ အနာဂတ်ခရီးကိုဆက်ပြီးလျှောက်လှမ်းဖို့ ရဲရင့်တက်ကြွမှုတွေ၊ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ဘယ်လောက်တောင် ရင်ထဲကိန်းဝပ်သွားကြလိုက်မလဲလို့လည်း သူတို့ကိုယ်စား ကျွန်တော့်စိတ်ထဲတက်ကြွနေမိပါ သည်။
“နောက်နှစ်တွေလည်း သန်းဌေး၊ မျိုးမြင့်၊ မုံရွာဝင်းဖေတို့ရဲ့စာအုပ်တွေ နှစ်စဉ်ဆက်ထုတ်ဖြစ်တယ်၊ အများစုက ဆုရကြတာများတယ်၊ ပြီးတေ့ာ ကလောင်ရှင်အသင်းကထုတ်တဲ့စာအုပ်တွေက အသစ်တွေများတယ်၊ ဆုရချင်လို့သာ ရနေပေမယ့် ကလောင်နာမည်တွေက လူသစ်တန်းတွေ၊ ဘုတလင်ချစ်လေးက လွဲရင် အားလုံးကအသစ်တွေချည်းပဲ” လို့ ဆရာကထပ်ပြောပါသေးသည်။
အိမ်အပြန်လမ်းမှာ ကျွန်တော့်ခြေလှမ်းတို့မှာတက်ကြွနေကြပါသည်။ စိတ်အတွေးများမှာ ကြည်လင်နေကြပါသည်။ ဆရာစွမ်းပြန်ပြောပြခဲ့သော သူတို့ခေတ်မန္တလေးမှစာရေးဆရာ၊ကဗျာဆရာတို့၏ဖြတ်သန်းကြပုံများ၊ စည်းလုံးညီညွတ်ကြပုံများ၊ တယောက်နှင့်တယောက် အားပေးကူညီခဲ့ကြပုံများကိုကြားရတေ့ာ လေးစားအားကျစိတ်လည်းဖြစ်မိသလို လွမ်းလည်းလွမ်းမိပါသည်။ အဲဒီခေတ်မှာ ကျွန်တော်မမွေးဖွားခဲ့သေးပါ။ ဒါပေမယ့် စာအုပ်တွေထဲမှာဖတ်ခဲ့ရတာမဟုတ်ပဲ၊ ရုပ်ရှင်တွေသီချင်းတွေထဲမှာ ကြည့်မြင်ကြားသိခဲ့ရတာမဟုတ်ပဲ ကိုယ်လေးစားအားကျခဲ့ရတဲ့ ထိုသမိုင်းကိုဝင်ရောက်ထမ်းပိုးခဲ့သူဆီက ကံကောင်းထောက်မစွာ တိုက်ရိုက်ကြားသိခဲ့ရခြင်းဖြစ်ပါသည်။
သမိုင်းတို့သည် ရှေ့သို့စီးဆင်းရွေ့လျားခဲ့ကြ၊ရွေ့လျားသွားကြပါလိမ့်မည်။ လူ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးမှာပါဝင်အားထုတ်ကြိုးပမ်းခဲ့ကြသော စာရေးဆရာ၊ ကဗျာဆရာတို့၏တန်ဖိုးကိုလည်း ကောင်းမွန်သောသမိုင်းက ကောင်းမွန်စွာဆက်လက်သယ်ဆောင်သွားပါလိမ့်မည်။ ။
ဆောင်းဝေ (နတ်မောက်)
May 27, 2019
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar