Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၆ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၂


ကာကွယ်ဆေးထိုးခွင့်မရကြတဲ့ မွေးဖွားပြီးခါစ ကလေးငယ်တွေ၊ မြို့နဲ့ ကျေးလက် လုံခြုံရေးအနေအထား 

ကမ္ဘာမှာ မွေးဖွားလာပြီးနောက် လအလိုက် နှစ်အလိုက် ကာကွယ်ဆေးထိုးကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့လိုမျိုးက ထောက်ပံ့တဲ့ ကာကွယ်ဆေးတွေကို အခုနှစ်ပိုင်း မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေ ထိုးခွင့်မရကြဘူးလို့ ကုလသမဂ္ဂအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကူးစက်မှု ကပ်ဘေးကြောင့်နဲ့ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေကြောင့် မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ ဝက်သက်၊ မေးခိုင် အစရှိတဲ့ ကာကွယ်ဆေး ထိုးခွင့်မရကြရတဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတဲ့ သဘောဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေ တိုင်းတွေမှာ ကျေးရွာတွေ တိုက်နယ်ဆေးရုံတွေမှာ ကာကွယ်ဆေးထိုးမပေးနိုင်တော့တဲ့ အခြေအနေမျိုး ကြုံနေရပြီး အချို့ဒေသတွေမှာ ပြည်သူတွေကိုယ်၌က မြို့နဲ့ဝေးကွာတဲ့ ကျေးရွာနဲ့ အလှမ်းဝေးတဲ့ တောတောင်ထဲ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကို သီတင်းပတ် သို့မဟုတ် လနဲ့ချီ တိမ်းရှောင်နေကြရတာကြောင့် မွေးဖွားလာပြီးနောက် အချိန်ကာလအလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေ ထိုးခွင့်မရကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စီဒီအမ် လုပ်ဆောင်ကြတာကြောင့်လည်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်က လူအင်အား သိသာစွာ လျော့နည်းသွားရာက နယ်တွေအထိ စောင့်ရှောက်မှုမပေးနိုင်တော့တဲ့ အနေအထားမျိုးလည်း ကြုံနေကြရတဲ့ သဘောဖြစ်ပါတယ်။ 

ဒီလို ကလေးငယ်တွေ ကာကွယ်ဆေးမထိုးနိုင်တဲ့ အခြေအနေမျိုးကြုံရတာ ကမ္ဘာမှာများများစားစားတော့ မရှိပါဘူး။ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အတွင်းစာရင်းတွေအရ ဆို ကာကွယ်ဆေးထိုးခွင့်မရတဲ့ နှစ်နိုင်ငံဟာ အာဖရိကတိုက်က မိုဇမ်ဘစ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ကပ်ဘေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပျက်စီးလုနီးပါးဖြစ်နေတဲ့ အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကြောင့် အသက်ဆုံးရှုံးရသူတွေ အရေအတွက်ဟာ ကလေးသူငယ်တွေအပြင် အရွယ်ရောက်ပြီးသူတွေမှာလည်း အများအပြားရှိတာ ဖြစ်ပါတယ်။ ပဋိပက္ခ၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု ၊ လုပ်ကြံသတ်ဖြတ်မှု စတဲ့အကြောင်းအရာတွေမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ၄င်းတို့ရဲ့ ထောက်ခံသူ တဖက်ရဲ့ လက်ချက်ကြောင့်အသက်ဆုံးရှုံးရသူတွေကို စာရင်းကောက်ယူ မှတ်တမ်းတင်ကြပေမယ့် ၊ အခုလို ကျန်းမာရေး စောင့်ရှောက်မှု ပျက်ယွင်းတာကြောင့်သော်လည်းကောင်း လူမှုစီးပွား အခြေအနေ ရုတ်တရက် နိမ့်ကျသွားတာကြောင့် ကုသမှုမခံယူနိုင်ကြတော့တာကြောင့် သေဆုံးမှုတွေကိုတော့ ဘယ်အဖွဲ့အစည်းမှ ကောက်ယူနိုင်ခြင်းမရှိပါဘူး။ ဥပမာအားဖြင့်ပြောရရင် ယမန်နှစ် ယခုလိုကာလက ကိုဗစ်ကူးစက်မှုကြောင့် တရက်ကို လူထောင်ချီ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းတွေးကြည့်ရင် ကူးစက်ရောဂါရဲ့ ရိုက်ခတ်မှုအပြင် ယိုယွင်းပျက်စီးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်၊ လုံခြုံရေးအခြေအနေတွေကြောင့် ညမထွက်ရ အမိန့်တွေ၊ စီးပွားရေး အဆင်မပြေကြရာက ကုသမှုရယူနိုင်ခြင်းမရှိတာတွေ စတဲ့အကြောင်းရင်းတွေက အသက်ဆုံးရှုံးမှု ပိုများစေခဲ့တယ် ဆိုတဲ့အချက်ကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ 

ကိုဗစ်ကူးစက်မှုက ကမ္ဘာကို ရိုက်ခတ်ခဲ့ရာမှာ ကမ္ဘာ့နိုင်ငံတွေအသီးသီးမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေ တာဝန်ယူတဲ့ အချိန်ကာလနဲ့တိုက်ဆိုင်တာမျိုး ၊ နိုင်ငံရေးအကျပ်အတည်း လက်နက်ကိုင် ပဋိပက္ခတွေအကြား ရောက်နေတဲ့ နိုင်ငံတွေမှာ ရောဂါကပ်ဘေးနဲ့ နိုင်ငံရေးကပ်ဘေး ၂ ခု ဆင့်ကာခံစားကြရလို့ အသေအပျောက်များပြားခဲ့ကြတဲ့ သာဓကတွေ သမိုင်းမှာ အမည်းရောင် ကာလတွေအဖြစ် မှတ်တမ်းကျန်ရစ်ခဲ့ပါလိမ့်မယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ သတင်းအားဖြင့် မထူးဆန်းသော်လည်း သက်ရောက်မှု များပြားတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ လူဦးရေ ၅ ထောင်လောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်း၊ အလားတူ ကရင်ပြည်နယ်နဲ့ နယ်ချင်းဆက်စပ်နေတဲ့ ပဲခူးတိုင်း ကျောက်ကြီးဘက်မှာလည်း လူပေါင်းသောင်းချီ တိမ်းရှောင်နေကြရတဲ့ သတင်းတွေဖြစ်ပါတယ်။ ဒီလိုသတင်းတွေက မကြာခဏ ဖြစ်ပျက်နေလို့ မထူးခြားသလို မြင်ရပေမယ့် လက်တွေ့ခံစားရတဲ့ ပြည်သူတွေအဖို့တော့ ဘဝမှာ တကြိမ် တခါ ကြုံရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားကြရတာ၊ အသက်ဘေး လွတ်အောင် တိမ်းရှောင်ကြရတာ တနေ့တနေ့ အသက်ရှင်သန်နေထိုင်ဖို့ စားသောက်ရေးအတွက် အကူအညီရဖို့ မျှော်လင့်တောင်းခံကြရတာ၊ ခက်ခဲသူအချင်းချင်းကူညီမှုတွေကို လက်ခံရယူကြရတာတွေ ဖြစ်ပါတယ်။ 

ကျေးလက်တွေမှာ အခုလို အသက်ဘေးလွတ်အောင် ပြေးနေကြရတဲ့အချိန်မှာ မြို့ကြီးတွေမှာ နေထိုင်သူတွေအနေနဲ့ ပုံမှန်နေ့စဥ်ဘဝလို သွားလာလုပ်ကိုင်နေတာကို နှိုင်းယှဥ်ပြီး ခံစားချက်ဖြစ်ပေါ်ကာ မြို့ကြီးတွေမှာ နေထိုင်သူတွေလည်း စစ်ကောင်စီကို ထကြွပုန်ကန်ကြဖို့ တွေးမိတဲ့ အတွေးတွေလည်း တခါတရံရှိကြတာ ကြားသိရပါတယ်။ ကျေးလက်က သူတွေ စစ်အင်အားနဲ့ ဖိခံနေရချိန် မြို့ပေါ်ကသူတွေ စားဝတ်နေရေးအတွက် ပုံမှန်သွားလာနေတာ လိပ်ပြာလုံရဲ့လားဆိုတဲ့ စောဒက ဖြစ်ပါတယ်။ တကယ်တော့ ကျေးလက်တွေမှာ လူတွေ တိမ်းရှောင်နေကြရ အသက်ဆုံးရှုံးကြရ၊ နေအိမ်တွေမီးရှို့ခံကြရတာတွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကနေ စဥ်းစားကြရမှာ ဖြစ်ပါတယ်။ မပျက်စီးသေးတဲ့ မြို့တွေကိုပါ တပြိုင်နက်ထည်း ထကြွလှုပ်ရှားကြဖို့ ဆိုတဲ့ အယူအဆမှာ အဲဒီလို မြို့တွေပါ တပြိုင်နက်တည်း ထကြွလှုပ်ရှားနိုင်တဲ့ ပြင်ဆင်မှု၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရှိနှင့်ပြီး ဖြစ်ရမှာ ဖြစ်သလို အဲလိုအင်အားမျိုး တည်ဆောက်ထားနိုင်တဲ့အခြေအနေမျိုးမှာ တပြိုင်နကတည်း တခုထည်းသော စီမံခန့်ခွဲမှု ဗျူဟာအောက်မှာ လှုပ်ရှားမှုမျိုးမှသာ အောင်ပွဲရမှာ ဖြစ်ပြီး အဲဒီလို အစီအမံ ပြင်ဆင်မှု ကွပ်ကဲမှုမပါတဲ့ နှိုးဆော်မှုတွေက အောင်ပွဲရစေမှာမဟုတ်ပဲ ရှိနေတဲ့အခင်းအကျင်း နေစရာ စားစရာတွေကိုပါ ဖျက်ဆီးလိုက်သလို ဖြစ်စေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အခုအခြေအနေမျိုးမှာတော့ ကျေးလက်တွေကို ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ ဆိုတဲ့အခြေခံ စဥ်းစားမှုမျိုးကနေ နည်းလမ်းရှာသင့်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar