မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၂
မျက်နှာစာအမျိုးမျိုးနဲ့ ရန်ကုန်မြို့
စစ်အာဏာသိမ်းပြီး တနှစ်ခွဲနီးပါးအကြာ မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ စီးပွားရေးအရ အချက်အချာအကျဆုံး ရန်ကုန်မြို့က စီးပွားရေးအရ ပုံမှန်ပြန်လည်ပတ်ဖို့ ကြိုးစားနေတဲ့ အသွင်ရှိပါတယ်။ လောင်စာဆီစျေးတွေ ယခင် တနှစ်ကျော်လောက်နဲ့စာရင် ၂ ဆကျော်ထိ မြင့်တက်လာနေပြီး တလီတာ ကျပ် ၂၀၀၀ ကျော် ဒေါ်လာအားဖြင့် တဒေါ်လာကျော်ထိ တက်လာနေပေမယ့်လည်း မြို့တွင်း ယာဥ်အသွားအလာက သိသိသာသာကြီး လျော့ကျမသွားတာ တွေ့ရပါတယ်။ ကုန်ကျစရိတ်တွေကြီးမြင့်လာတာတော့ အမှန်ပဲဖြစ်ပြီး အငှားကားခ ကုန်တင်ယာဥ်ခ နယ်အဝေးယာဥ်စီးခတွေ ကုန်ပစ္စည်းတင်ပို့ခတွေ မြင့်တက်လာနေတာတွေနဲ့ လိုက်ညှိပြီး ရှင်သန်လည်ပတ်နိုင်အောင် ကြိုးစားနေကြရတဲ့ အနေအထားမျိုးဖြစ်ပါလိမ့်မယ်။
ဇွန်လ ပထမပတ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့နောက် ကျောင်းချိန်တွေမှာ ရန်ကုန်မြို့လမ်းတွေမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ကိုဗစ်မတိုင်ခင်နီးပါး ပြန်များလာတာတွေ့ရပါတယ်။ ပုဂ္ဂလိကကျောင်းတွေ နဲ့ စစ်ကောင်စီကြီးကြပ်တဲ့ အစိုးရကျောင်းတွေမှာ တက်နေကြတဲ့ ကျောင်းသားတွေ ကိုဗစ်မတိုင်ခင် အရေအတွက်လောက် မရောက်သေးတာတော့ သတိပြုမိပါတယ်။ အွန်လိုင်းက နေ တက်တဲ့ကျောင်းတွေမှာ တက်ရောက်သူအရေအတွက်လည်း မနည်းလှတာကြောင့် အရင် အနေအထားလောက်ထိ ရာနှုန်းပြည့် လူကိုယ်တိုင်ကျောင်းတက်ကြတာမျိုး မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေ အနေနဲ့တော့ စက်ရုံအလုပ်ရုံတွေ လည်ပတ်နေကြဆဲ ဖြစ်ပေမယ့် ဒေါ်လာကို အဝင်အထွက် ကြပ်မတ်လိုက်တဲ့ မူဝါဒ၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားကြောင့် ပြန်လည်ထွက်ခွာသွားတဲ့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ တနှစ်ကျော်ကာလအတွင်း ရှိနေခဲ့တာကြောင့် အကျဖက်ကို ဦးတည်နေတဲ့ သဘောမျိုးဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ မရှိတဲ့ကာလ ငွေကြေးဖောင်းပွလာလို့ နေထိုင်စားသောက် စရိတ် သွားလာစရိတ်မြင့်တက်လာတဲ့ ကာလ၊ ဆေးဝါးကုသမှုအတွက် ငွေပမာဏပိုသုံးစွဲကြရတဲ့ ကာလလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။
နံနက်က စလို့ ညနေမိုးချုပ်သည့်တိုင် ရပ်ကွက်တွေထဲ လှည့်လည်စျေးရောင်းသူတွေ အမျိုးမျိုး လှည့်လည်ရောင်းချနေကြတာတွေ့ရပါတယ်။ ကိုဗစ်ကူးစက်မှုကာလ အပြင်ထွက်ခွင့် ကန့်သတ်ခဲ့ချိန်က စလို့ ရပ်ကွက်တွေထဲ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပန်း၊ မုန့်ပဲ သရေစာက အစ စျေးမသွားပဲ အိမ်ရှေ့အရောက် လာရောင်းကြတဲ့ အလေ့အထ ထွန်းကားလာပြီး အခုအချိန်ထိ နေအိမ်တွေအရောက် အသားငါး ဟင်းသီးဟင်းရွက်တွေ ရောင်းချတဲ့သူတွေ တွင်တွင်ကျယ်ကျယ် ဖြစ်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ တနေ့တာ လှုပ်ရှားမှုတွေက အရင် ကိုဗစ်မတိုင်ခင်က အခြေအနေမျိုး မရောက်နိုင်သေးတာတွေ့ရမှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ စားသောက်ဆိုင်တွေ အများစုက နေ့ခင်းအလင်းရောင်ကောင်းကောင်းရှိချိန်မှာ လည်ပတ်ကြပြီး ညမိုးမချုပ်ခင် ဝန်ထမ်းတွေ အိမ်ပြန်ရောက်ဖို့ ကို ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။ ညမထွက်ရ အမိန့်က ည ၁၂ နာရီထိ ဖြစ်ပေမယ့်လည်း ညမိုးချုပ်ပြီးနောက်မှာ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေ၊ အငှားကားတွေ စီးနင်းရတာ မလုံခြုံတော့တဲ့ အနေအထားမျိုးရှိတာကြောင့် ဘီယာဆိုင်တွေ၊ အဖျော်ယမကာနဲ့တွဲ ရောင်းချတဲ့ စားသောက်ဆိုင်တွေကလွဲရင် ညနေမိုးမချုပ်ခင်ကို လုပ်ငန်းသိမ်းကြတာ မျိုးဖြစ်ပါတယ်။
ရန်ကုန်မြို့ဟာ ဟိုးအရင်နဲ့မတူပဲ နံနက်စောစောပိုင်းကတည်းက သွားစရာရှိတာသွားလာကြ လုပ်ဆောင်ကြပြီး မိုးမချုပ်ခင် ပြန်ကြတဲ့ မြို့ဖြစ်လာတာ တနှစ်ကျော်လာပြီဖြစ်ပါတယ်။ ညပိုင်းမှာတော့ ဘီယာဆိုင်တွေ ဘားတွေ ကလပ်တွေမှာ သွားရောက်စားသောက်ကြသူတွေ ရှိကြပေမယ့်လည်း အဲဒါက သီးခြားအလွှာတခု လှုပ်သာလူးသာ ရှိနေသေးတဲ့ အလွှာတခု အသက်အရွယ်အားဖြင့် အလွှာအားဖြင့် သီးခြားအလွှာလို့ ဆိုရမယ်ထင်ပါတယ်။
ညအမှောင် နဲ့ နံနက်အာရုံမတက်ခင် မှာ သွားလာလှုပ်ရှားကြတာ ကုန်စိမ်းသည်တွေ သားငါးစျေးအတွက် ပြင်ဆင်ကြသူတွေနဲ့ တခါတရံ မြို့ပြပြောက်ကျား အဖွဲ့ဝင်တွေ ဖြစ်ပါလိမ့်မယ်။
နယ်မြို့တွေ ကျေးလက်က ငွေကြေး ချောင်လည်သူအချို့လည်း ကျေးလက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖမ်းဆီးမှုတွေ နေအိမ်မီးရှို့ခံရမယ့်အရေး အသက်ဘေးကနေ တိမ်းရှောင်ပြီး ရန်ကုန်မြို့မှာ ခေတ္တပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိပါတယ်။ စစ်ကိုင်းတိုင်းက မကွေးတိုင်းဘက်က ချင်းပြည်နယ်က ကယားပြည်နယ်တို့က နေ တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။
ရန်ကုန်မြို့ဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့မြို့ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေနဲ့ အနည်းငယ် ဝေးပေမယ့် ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အနီးဆုံးအကွာအဝေးနဲ့ မန္တလေးနဲ့ မိုင် ၄၀၀ မရှိတရှိ အကွာအဝေးမှာ ရေကြောင်း လေကြောင်းတွေ ရဲ့ လမ်းဆုံမြို့ဖြစ်လို့ တော်လှန်ရေးအတွက်ရော စစ်ကောင်စီကို ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက်မှာပါ အချက်အချာကျနေဦးမယ့် မြို့ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar