နေသွင်ညိဏ်း - လူနှင့်ခြင် (အက်ဆေး)
လူနှင့်ခြင် (အက်ဆေး)
နေသွင်ညိဏ်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
ကျနော်ညံ့တယ်။ ခြင်မှာ အာရုံ ဘယ်နှယ်ပါးရှိလဲ မသိခဲ့ဘူး။ လူကို လာနားဖို့ သွေးစုပ်ဖို့ ဘယ်အာရုံကို သုံးလဲ။ ဥပမာ ခြင်တကောင်ကို ရိုက်ဖို့ ခြေသံ ပြင်းပြင်း လျောက်သွားရင်သူ ကြားနိုင်လား၊ သူ့အနား ပုံမှန်ချဉ်းကပ်သွားရင် သူ သိနိုင် ကြားနိုင်လား။ ခြင်တကောင်ရဲ့ ဆင်ခြင်နိုင်စွမ်းက ဘယ်လောက်မြင့်လဲ။ ကျနော်မသိဘူး။ ခြင်တကောင် ပုန်းခိုနေတာ ထွက်ပြေးတာဟာ အကြောက်တရားလား၊ ဆင်ခြင်ဉာဏ်လား၊ ခြင်တကောင် သွေး စုပ်နေတာ လောဘလား၊ ရှင်သန်ခွင့်လား။ စဉ်းစားကြည့်တော့ ကျနော် ဘာမှ မသိ။
သေချာတာက ခြင်တကောင်စဉ်းစားသလို ကျနော်မစဉ်းစားတတ်ဘူးလေ။ ကျနော်စဉ်းစားသလိုမျိုး ခြင်တကောင်လည်း မစဉ်းစားတာလည်း သေချာတယ်။ ပြောရရင် ဒီလိုစဉ်းစားတာတွေက ဘာမှ မသေချာဘူးလေ။ ဒီလိုနဲ့ ခြင်နဲ့ကျနော် တအိမ်ထဲနေတယ်။
ကျနော့်အိမ်က ရေချိုးကန်မှာ ဒါမှမဟုတ် ဘုရားပန်းအိုး ဒါမှမဟုတ် ရေစင်လေးနံဘေးက ရေကျန်ထဲက ဒါမှမဟုတ် ကျနော်တို့ရပ်ကွက်ထဲက ရေမြောင်း ဒါမှမဟုတ် ရေသန့်ဖူးခွံ အဟောင်းထဲကနေ ပေါက်တဲ့ခြင်တကောင်နဲ့ကျနော် တအိမ်တည်းအတူနေတာ ဖြစ်နိုင်တယ်။
ကျနော် စာဖတ်နေတဲ့ အခါ၊ ကျနော် တီဗီကြည့်နေတဲ့အခါ ကျနော် ကွန်ပြူတာသုံးနေတဲ့အခါ အနားရောက်လာတတ်တယ်။ တခါတခါ ကျနော် မသိအောင် ကျနော့်အရေပြားကို ကိုက်သွားတယ်။ ယားယံမှ သတိထားမိလို့ လှုပ်လိုက်ရင် ထွက်ပြေးသွားတာမျိုး။ တချို့ရက်တွေမှာ မီးပိတ်လိုက်မှ ကျနော့်နား အနားမှာ တဝီဝီ အော်နေတတ်တယ်။ တခါတခါ မှန်တံခါးမှာ နားနေတယ်။ တခါတခါ အဝတ်ညစ်တွေ လျော်ဖို့ ခြင်းထဲကနေ ထုတ်လိုက်ရင် ပျံထွက်လာတယ်။
ဒီခြင်ဟာ ဒီနေရာတွေမှာ ဘာလုပ်နေတာလဲ။ ကျနော့်ကို အလစ်အငိုက်ကိုက်ဖို့ ပုန်းခိုနေတာလား။ ဒါမှမဟုတ် ကျနော့် ရေခဲသေတ္တာထဲက မခွဲရသေးတဲ့ ပန်းသီးရဲ့ အချိုရည်ကို စုပ်ဖို့ စောင့်နေတာလား။ ဒါမှ မဟုတ် ဒီခြင်ဟာ သိပ္ပံနည်းကျ မျိုးဗီဇပြောင်းထားတဲ့ ထောက်လှမ်း ရေးခြင်တကောင် ဖြစ်နေနိုင်သေးတယ်။ ဒါမှမဟုတ်သူ့ကိုယ်ပေါ်မှာ စပိုင်ကင်မရာတပ်ပြီး ကျနော် အိမ်ရဲ့ အတွင်းရေးကို တယောက်ယောက်က ထောက်လှမ်းနေသလား။ ကျနော့် ကိုယ်ထဲ ရောဂါပိုးမွှား ထည့်ဖို့ တယောက်ယောက်က လွှတ်လိုက်တာလား ကျနော့် သွေး နမူနာ ယူဖို့ DNA ယူဖို့ သူလျှိုလား။
တကယ်တော့ မိတ်ဆွေ လူရဲ့ ဆင်ခြင်ဉာဏ်ဟာ ဘယ်လောက် ရှုပ်ထွေးတယ် ဆိုတာ အခုလောက်ဆို ခင်ဗျား ခန့်မှန်း မိလောက်ရောပေါ့။ ကျနော် ပြောနေတာ မနေ့ က ကျနော့် အိမ် မျက်နှာကြက် တနေရာမှာ အိမ်မြောင်စားခံလိုက်ရတဲ့ ခြင်တကောင် အကြောင်းပါ။ အဲ့ဒီ ခြင်ဟာ အိမ်မြောင် မစားခင်အထိ ကျနော်အကြောင်းကို ကျနော် သူ့အကြောင်းတွေးသလောက် တွေးမသွားလောက်ပါဘူး။ ကျနော် ညံ့ခဲ့ တာဝန်ခံပါတယ်။
နေသွင်ညိဏ်း
(ဇူလိုင် ၂၄၊ ၂၀၁၈)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar