ကိုလှိုင်းသစ် - ၂၀ ရာစုမြန်မာကာလပေါ်ဝတ္ထုခေတ်ဦးအကြောင်း တစေ့တစောင်း
Image- Crd
၂၀ ရာစုမြန်မာကာလပေါ်ဝတ္ထုခေတ်ဦးအကြောင်း တစေ့တစောင်း
ကိုလှိုင်းသစ်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
၂၀ ရာစုမြန်မာကာလပေါ်ဝတ္ထုအစကို ပြောရမယ်ဆိုရင် ၁၉၀၄ ခုနှစ်မှာထွက်တဲ့ ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင်မမယ်မ ဝတ္ထုနဲ့ စခဲ့တယ်ဆိုတာအားလုံးလက်ခံထားကြပါတယ်။ မြန်မာ့ပထမဆုံးကာလပေါ်ဝတ္ထုဟာ မောင်ရင်မောင်မမယ်မပါပဲ။ ဒါပေမယ့် အဲဒီစာအုပ်မတိုင်မီမှာ ဘာသာပြန်၀တ္ထုတချို့ ထွက်ခဲ့တယ်။ ၁၈၈၀ မှာ ရွှေတူးဆန်ဒီ (W.Shway Too Sandy) က အီစွပ်ပုံပြင်များ၊ ၁၈၈၆ မှာအက်စ်အေရာမန်း(S.A Rahman)က တစ်ထောင့်တစ်ညပုံပြင်များ (The Arabian Night’s Entertainment) ၊ ၁၈၈၉ ခုနှစ် ဝန်းကျင်မှာမောင်ဖိုးခင်ဟာ ဟင်တင်တာယီဝတ္ထုကို အာရဗီဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုရေးသားထုတ်ဝေခဲ့တယ်။ ၁၉၀၂ ခုနှစ်မှာဦးဖိုးစောဟာ Daniel Defoe ရဲ့ Robinson Crusoe (ရော်ဘင်ဆန်ကရူးဆိုး) ကိုဘာသာပြန်ထုတ်ဝေခဲ့တယ်။ ဆရာမလိခကတော့ မြန်မာဝတ္ထုအညွှန်းမှာပါယာယန (ရှင်မဟာသီလဝံသ) ၊ ရတနာကြေးမုံ (ရွှေတောင်သီဟသူ)၊ ဣန္ဒာဝုဓ (မြ၀တီမင်းကြီးဦးစ)၊ ဣန္ဒာဝံသ (လှိုင်ထိပ်ခေါင်တင်)တို့ကိုအညွှန်းမှာထည့်ခဲ့ပေမယ့် အားလုံးကတော့ ၁၉၀၄ ခုနှစ်မှာထွက်ခဲ့တဲ့ ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင်မမယ်မကို မြန်မာကာလပေါ်၀တ္ထု အစလို့ပဲ သတ်မှတ်ခဲ့ကြပါတယ်။
တကယ်က ၁၈၉၈ မှာရခိုင်တိုင်းရင်းသားတဦးရေးတဲ့ မြန်မာဝတ္ထုတပုဒ်ထွက်ဖူးပါတယ်။ ရခိုင်တိုင်းရင်း သားတွေရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကိုအခြေခံပြီးအင်္ဂလိပ်လိုရေးတာပါ။ လူသိနည်းပါတယ်။ အမှီးမဟုတ်လောက်ပါဘူး။ စာအုပ်နာမည်က MA PHYU, AN ARAKAN- ESE LOVE STORY ပါ။ ရေးသူနေရာမှာလည်း An Arakanese လို့ပဲရေးထားပါတယ်။ ဖတ်ခဲ့ဖူးတဲ့သူတဦးရဲ့ ရေးသားချက်အရ အင်္ဂလိပ်စာအရေးအသားတော်တော်ကောင်းတယ်လို့ ပြောပါတယ်။ ဟံသာဝတီတိုက်က ၁၈၉၈ မှာထုတ်ခဲ့တာပါ။ မူရင်းအင်္ဂလိပ်စာအုပ်ကတော့ တော် တော်ရှာရခက်လိမ့်မယ်ထင်ပါတယ်။ ဒီဆောင်းပါးရေးနေတုန်းမှာပဲ Softcopy ကိုလိုင်းပေါ်မှာကြိုးစားရှာကြည့်လိုက်တော့ ရပါတယ်။ Download လုပ်ပြီးပါပြီ။ ဖတ်ပြီးရင် သုံးသပ်ချက်လေးအမြင်လေးပြန်ရေးပေးပါမယ်။ ၁၈၉၈ ကတည်းကကိုယ့်တိုင်းရင်းသားတဦးက အင်္ဂလိပ်လိုရေးခဲ့တဲ့ ဝတ္ထုတပုဒ်ကို ဂုဏ်ယူစွာနဲ့ဖတ်ရမှာပါ။ ၁၈၉၈ ကတည်းကထွက်ခဲ့တဲ့စာအုပ်ဖြစ်တဲ့အတွက် ပထမဆုံးမြန်မာကာလပေါ်ဝတ္ထုအဖြစ် သတ်မှတ်ချင်ရင် သတ်မှတ်လို့ရပါတယ်။ အင်္ဂလိပ်လိုရေးခဲ့တဲ့စာအုပ်မို့လို့ မြန်မာကာလပေါ်ဝတ္ထု ခေတ်ဦးစာရင်းမှာ မပါတာလားတော့ မသိပါ။ စာအုပ်အနေနဲ့ပြောရရင် ဘာသာပြန်ထွက်ပါတယ်။ သစ်ဦးဇင်ဘာသာပြန်ပြီးမဖြူ (ရခိုင်မြေမှချစ်ပုံပြင်)ဆိုပြီး ဘာသာပြန်ထွက်ပါတယ်။ ဘာသာပြန်စာအုပ်က ထွက်တာသိပ်မကြာသေးပါဘူး၊ ရနိုင်ပါသေးတယ်။
မောင်ရင်မောင်မမယ်မက အမှီးဝတ္ထုပါ။ Alexandre Duma ရဲ့ Count of Monte Cristo ကိုမှီးပါတယ်။ တကယ် မှီးရုံပဲမှီးတာပါ။ စာဖတ်ဝါသနာပါတဲ့သူတွေလည်း ဖတ်ဖူးကြမှာပါ၊ ကိုရင်မောင် ထောင်ကထွက်တဲ့အထိပဲ မှီးတာပါ။ ကျန်တာ ကိုယ့်ဟာကိုယ် ဆက်ရေးသွားတာပါ။ ၁၉၀၄ ခုနှစ်မှာပဲမောင်ရင်မောင်မမယ်မထွက်ပြီးတဲ့နောက် ဆရာဘရဲ့ မောင်ဖေတင် မမေရှင်၊ ဝန်စာရေးဦးကြီးရဲ့ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းတို့ ထွက်လာပါတယ်။ ဝန်စာရေးဦးကြီးဟာ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထုနဲ့ နာမည်တက်လာပါတယ်။ အဲဒီခေတ်ကမောင်မှိုင်းဝတ္ထုရဲ့အရှိန်အဝါဟာ အများသိပြီးသားမို့ မရေးတော့ပါဘူး။ ဂျိမ်းစ်လှကျော်နဲ့ ဝန်စာရေးဦးကြီးတို့ဟာစာစရေးကြတာ သိပ်မကွာပါဘူး။ အဲဒီနောက်မှာတော့ မြန်မာဝတ္ထုတွေဟာ တဖြည်းဖြည်းနဲ့ စထွက်လာပါတယ်။
လက်လှမ်းမီသလောက် စာရင်းပြုစုရရင် ၁၉၀၅ မှာ ကိုကာစင်နှင့် မောင်လှဒင်တို့ရဲ့ မောင်မင်းကျော်ဝတ္ထုပထမတွဲ၊ ၁၉၀၉ မှာဒုတိယတွဲ ထွက်လာတယ်။ ၁၉၀၆ မှာမောင်ဘသင်ရေးတဲ့ မောင်တာနော၊ ထွက်လာတယ်။ မအေးခင်ရဲ့ ချစ်ရိုးအမှန် (၁၉၀၉)၊ မောင်စံသိန်းရဲ့ မောင်ဘရွှေနှင့် မလှမေ (၁၉၁၀)၊ ဆင်ဖြူကျွန်းဆရာသင်ရေးတဲ့ မောင်ရွှေတောင် (၁၉၁၁)၊ မောင်ဘိုးရီရေး မောင်မြဒင်နဲ့ မမယ်ယု (၁၉၁၁)၊ ဝန်စာရေးဦးကြီးရဲ့ မြကလေး (၁၉၁၂)၊ဦးလတ်ရဲ့ စပယ်ပင် (၁၉၁၂)၊ တီဘသွင်ရေး မောင်ချယ်ရီနှင့် မမြတ်လေး (၁၉၁၂)၊ မောင်သန်းရေး မောင်အေးဘေနှင့် မအေးမေ (၁၉၁၂)၊ ဒီနေဝင်းရေး မောင်မာနနှင့် မသင်္ခါ (၁၉၁၂)၊ ဒီနေဝင်းရေး မောင်သက်တင် (၁၉၁၃)၊ ဦးလတ်ရဲ့ ရွှေပြည်စိုး (၁၉၁၄)၊ မန္တလေးမောင်ခင်မောင် (လယ်တီပဏ္ဍိတဦးမောင်ကြီး)ရဲ့ ခင်မြင့်ကြီး (၁၉၁၄)၊ ဝန်စာရေးဦးကြီးရဲ့ မောင်ဘသန်းမသန်းမေ (၁၉၁၄)နဲ့ စကားတောင်စား (၁၉၁၄)၊ ဆရာသိန်းရေး တောင်တွင်းက မောင်ကင်း (၁၉၁၄)အစရှိသဖြင့် ထွက်ရှိလာပါတယ်။ လက်လှမ်းမီသလောက် ပြုစုထားတာပါ။ ကျန်ခဲ့တာတွေရှိနိုင်ပါတယ်။ တချို့စာအုပ်တွေကနာမည်ပဲရှိပြီးဘယ်လိုမှ ရှာမရနိုင်တော့တဲ့စာအုပ်တွေလည်းအများကြီးပါ။
၁၉၀၄ ကနေ ၁၉၁၄ အထိ ၁၀ နှစ်တာကာလထွက်ခဲ့တဲ့စာအုပ်တွေထဲမှာ ထင်ရှားတဲ့စာအုပ်တွေက ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင်မမယ်မ (၁၉၀၄)၊ ဝန်စာရေးဦးကြီးရဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း (၁၉၀၄)၊ မောင်ဘသင်ရေးတဲ့ မောင်တာနော (၁၉၀၆)၊ ဦးလတ်ရဲ့ စပယ်ပင် (၁၉၁၂)၊ ရွှေပြည်စိုး (၁၉၁၄)၊ မန္တလေးမောင်ခင်မောင် (လယ်တီပဏ္ဍိတဦးမောင်ကြီး)ရဲ့ ခင်မြင့်ကြီး (၁၉၁၄)၊ ဝန်စာရေးဦးကြီးရဲ့ မောင်ဘသန်း မသန်းမေ (၁၉၁၄) နဲ့ စကားတောင်စား (၁၉၁၄)တို့ နာမည်ကြီးပါတယ်။ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ခင်မြင့်ကြီးဝတ္ထုဟာ အဲဒီခေတ်ကတည်းကစထွက်တဲ့အချိန်မှ ာအတွဲ ၅ တွဲ၊ စာမျက်နှာ ၇၀၀ ကျော်နဲ့ ထွက်ခဲ့တယ်။ ဝတ္ထုရှည်ကြီးနော်။
၁၉၀၄ ကနေ ၁၉၁၄ အထိ ၁၀ နှစ်တာကာလထင်ရှားခဲ့တဲ့ အဲဒီဝတ္ထုစာအုပ်တွေကိုကြည့်ရင် ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင်မမယ်မအရေးအသားကရိုးတယ်၊ ရှင်းတယ်၊ အနောက်တိုင်း ဝတ္ထုရဲ့ အငွေ့အသက်ပါတယ်လို့ ပြောရမယ်။ နောက်တခုထူးခြားတာက ပထမအကြိမ်ထုတ်ခဲ့တဲ့စာအုပ်မှာ စာအုပ်အတွင်းသရုပ်ဖော် ဓာတ်ပုံတွေကို ထည့်သွင်းထားတာပါပဲ။ သရုပ်ဖော်ဓာတ်ပုံတွေပါ၊ ၁၂ ပုံလောက် ရှိပါတယ်။ ပန်းချီမဟုတ်ပါဘူး၊ အဲဒီပုံတွေကမှတဆင့် အဲဒီခေတ်ကဝတ်စားဆင်ယင်မှုကို လေ့လာနိုင်ပါတယ်။ ဒါ ပထမဆုံးမြန်မာဝတ္ထုရဲ့ ထူးခြားချက်ပါ။ ကျွန်တော်သိသလောက် နောက်ပိုင်းထွက်တဲ့စာအုပ်တွေတောင် သရုပ်ဖော်ဓာတ်ပုံမပါဝင်ပါဘူး။ ဒီနေ့ပြန်ထွက်တဲ့ ရာပြည့်စာအုပ်တိုက်ကထုတ်တဲ့မူမှ ာအဲဒီပုံတွေ ပါပါတယ်။ ဆက်ပြီးပြောရရင် ၁၉၈၀ ဝန်းကျင် မြန်မာစာဂုဏ်ထူးတန်းရဲ့ ပြဋ္ဌာန်းစာအုပ်မှာ မောင်ရင်မောင်မမယ်မစာအုပ် ပါတယ်လို့ ကြားဖူးပါတယ်၊ ပြီးတော့ မှီးတဲ့စာအုပ်ဖြစ်တဲ့ Count of Monte Cristo နဲ့ယှဉ်တွဲဖတ်ခိုင်းတယ်၊ အင်္ဂလိပ်စာခက်ရင် ဆရာကြီးရွှေဥဒေါင်းဘာသာပြန်တဲ့ ရတနာသိုက် စာအုပ်နဲ့ တွဲဖတ်ပြီး လေ့လာခိုင်းတယ်၊ ပြီးတော့ အဖွဲ့လိုက်၊ အစုလိုက် စာတမ်းတွေပြုစုခိုင်းတယ်လို့ဖတ်ဖူးပါတယ်။ ဒါ့အပြင် ၁၉၉၂ - ၉၇ ဝန်းကျင် နဝမတန်းမြန်မာစာ သင်ရိုးမှာဦးလတ်ရဲ့ရွှေပြည်စိုးဝတ္ထုထဲက တစ်စိတ်တဒေသကိုချစ်စွာသောသားအမည်နဲ့လည်းကောင်း၊ မောင်ရင်မောင်မမယ်မဝတ္ထုထဲက တစိတ်တစ်ဒေသကိုလည်းကောင်း ထည့်သွင်းသင်ကြားပေးခဲ့ပါတယ်။
အရေးအသားနဲ့ပြောရရင် အထက်မှာရေးခဲ့သလိုပဲ မောင်ရင်မောင်မမယ်မရဲ့ အရေးအသားက တိုတယ်၊ ရှင်းတယ်၊ ပြတ်တယ်။ ကာရန်နဘေတေးထပ်တွေမပါဘူး၊ ဆုံးမစာတွေသိပ်မပါဘူး။ မောင်ရင်မောင်မမယ်မနောက်ပိုင်းဆက်ထွက်လာတဲ့ ဝန်စာရေးဦးကြီးရဲ့ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းနဲ့ ရေးဟန်တွေ သိပ်မတူဘူး။ မောင်မှိုင်းကတေးထပ်တွေ၊ ပညာပေး၊ အဆုံး အမပေးတာတွေ ပါလာတယ်၊ ရှေးခေတ်မြန်မာစာပေစကားပြေအရေးအသားပုံစံမျိုးပါ။ ဇာတ်လမ်းက ဧရာဝတီမြစ်ရိုးတလျှောက် မောင်မှိုင်းသွားလိုက်ပြန်လိုက်နဲ့ မယားတွေအများကြီးယူတဲ့ဇာတ်လမ်းပါပဲ။ ဇာတ်ကောင်စရိုက်အသားပေးဇာတ်လမ်းလို့ပဲပြောရမယ်။ မောင်မှိုင်းဝတ္ထုဖြစ်ပေါ်လာပုံကိုပြောရရင် မောင်ရင်မောင်မမယ်မဝတ္ထုကို ဗြိတိသျှဘားမားပုံနှိပ် တိုက်က ထုတ်ဝေပါတယ်။ အဲဒီအချိန်မှာ ဟံသာ၀တီပုံနှိပ်တိုက်နဲ့ ဟံသာဝတီသတင်းစာတိုက်ပိုင်ရှင်က မစ္စတာရစ်ပလေပါ။ မစ္စတာရစ်ပလေဆိုတာ မင်းတုန်းမင်းလက်ထက်၊ မန္တလေးဆရာမတ်ကြီးကျောင်းမှာသုံးဆယ်မင်းသား၊ သီပေါမင်းသားတို့နဲ့ ကျောင်းနေဘက်ပါ။ မြန်မာစာ၊ မြန်မာစကားကို ကောင်းကောင်းကျွမ်းကျင်ပါတယ်။ မစ္စတာရစ်ပလေက သူ့အယ်ဒီတာတွေကိုအဲဒီလိုမျိုးမရေးနိုင်ကြဘူးလားလို့မေးတဲ့အခါမှ ာအယ်ဒီတာတဦးဖြစ်တဲ့ဦးကြီးက သူရေးပါမယ်ဆိုပြီး ရေးဖြစ်သွားတာပါ။ နန်းတွင်းအိပ်ဖန်စောင့်အချိန်မှာပြောကြတဲ့ပုံပြင်ကိုအခြေခံပြီး ရေးတယ်လို့ ကြားဖူးပါတယ်။ မောင်မှိုင်းစာအုပ်ကိုပထမအကြိမ်အဖြစ် ဟံသာ၀တီပုံနှိပ်တိုက်က ထုတ်ပါတယ်။ ဝန်စာရေးဦးကြီးဟာ မောင်မှိုင်းတတ္ထုနဲ့နာမည်ရခဲ့ပြီးနောက် စိန်ကလေးဝတ္ထု (၁၉၀၅)၊ မြကလေး (၁၉၀၅) ဝတ္ထုတွေကို ဆက်ရေးခဲ့တယ်။ မောင်မှိုင်းလောက်တော့ နာမည်မကြီးခဲ့ဘူး။
မောင်ဘသင်ရဲ့ မောင်တာနောက ၁၉၀၆ ခုနှစ်မှာ ထွက်ပါတယ်။ မှတ်တမ်းများအရမင်္ဂလာတိုင်းပုံနှိပ်တိုက်က ထုတ်တယ်လို့ သိရပါတယ်။ ရှေးခေတ် မြန်မာစကားပြေအရေးအသားပုံစံပါပဲ။ တေးတပ်၊ ဒွေးချိုး၊ သဖြန်နဲ့ လောကီရေးရာပညာပေးတွေအများကြီး ထည့်ထားတယ်။ ဒါပေမယ့် ဇာတ်လမ်းဇာတ်ကွက် ထူးဆန်းပါတယ်။ တကယ့်အဖြစ်အပျက်ကိုအခြေခံရေးတယ်လို့လည်း ဖတ်ဖူးပါတယ်။ ကွယ်လွန်ပြီးလို့ လူဝင်စားဖြစ်ပေမယ့် ဘ၀ဟောင်းကဇနီးသည်ကိုပဲ စွဲစွဲလန်းလန်းဖြစ်နေတယ်။ ဘဝဟောင်းကဇနီးသည်ကလည်း သက်ရှိထင်ရှားရှိနေသေးတော့ ဘဝဟောင်းကဇနီးသည်ဆီကိုဘဲ သွားဖို့ ကြိုးစားနေတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းကအပြီးအထိမထွက်ခဲ့ပါဘူး။ ပထမတွဲမှာပဲ ရပ်သွားခဲ့ပါတယ်။ ကောင်းခန်းမှာရပ်သွားခဲ့တယ်ပဲဆိုပါတော့။ ဒုတိယတွဲဆက်မထွက်တော့ပါဘူး။ အဲဒီခေတ်က တချို့စာအုပ်တွေကပြီးတဲ့အထိ ဆက်မထွက်ဖြစ်တာကို တွေ့ရတယ်။ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းလည်း ပြီးတဲ့အထိ ဆက်မထွက်ခဲ့ပါဘူး။ စတုတ္ထတွဲထွက်မယ်ဆိုပြီး တတိယတွဲတင် ရပ်သွားတာပါ။ မောင်တာနော၊ မှာတော်ပုံ၊ မောင်စံသူ မဖွားသိုက်တို့ဟာ ပြီးတဲ့အထိ ဆက်မထွက်ဖြစ်ပါဘူး။
ဦးလတ်ရဲ့စပယ်ပင်(၁၉၁၂)နဲ့ရွှေပြည်စိုး(၁၉၁၄) ကိုကြည့်ရင် အရေးအသားကရှေးခေတ်မြန်မာစကားပြေရေးဟန်နဲ့ပဲ ရေးထားတာကိုတွေ့ရတယ်။ တေးတပ်၊ ဒွေးချိုး၊ သဖြန်နဲ့ ပညာပေးတွေအထိုက်အလျောက် ပါတယ်။ ဒါပေမယ့် ၂ အုပ်စလုံးဟာ ဇာတ်လမ်းတည်ဆောက်ပုံအားကောင်းပြီး ဇာတ်လမ်းအသားပေးဝတ္ထုဖြစ်တယ်။ စံပယ်ပင်မှာဆိုရင် သီပေါမင်းပါတော်မူပြီးခေတ် အောက်မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်ကို ခပ်ပါးပါးလေးရေးဖော်ပြထားတယ်။ ရွှေပြည် စိုးမှ ာအနောက်တိုင်းယဉ်ကျေးမှုအန္တရာယ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလာတယ်။ ဝတ္ထုအနေနဲ့ အဆင့်အတန်းမြင့်တယ်။ ၂ အုပ်လုံးကဇာတ်လမ်းအသားပေး ဝတ္ထုမျိုးပါ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ ခင်မြင့်ကြီးကလည်း မောင်မှိုင်းဝတ္ထုလိုပါပဲ။ ဇာတ်ကောင်မောင်သန်းညွန့် ရည်းစားများတဲ့အကြောင်းကိုပဲ ရေးထားတာပါ။ လယ်တီပဏ္ဍိတဦးမောင်ကြီးဟာ စာစရေးတဲ့အချိန်မှာ မန္တလေးမောင်ခင်မောင်နာမည်နဲ့ ရေးပါတယ်။ အဲဒီနောက်မှာတော့ ဝန်စာ ရေးဦးကြီးရဲ့ မောင်ဘသန်း မသန်းမေဝတ္ထု၊ စကားတောင်စားဝတ္ထုတို့ထွက်လာတယ်။စကားတောင်စားဝတ္ထုက စကားအရာမှာ လိမ္မာပါးနပ်သူနှစ်ယောက်ရဲ့ လိမ်လည်ပုံတွေကိုရေ းထားတယ်။ ခေတ်စကားနဲ့ပြောရင်တော့ တော်ကီညက်တယ်ပေါ့။ စကားတောင်စားဝတ္ထုရဲ့ ရေးဖွဲ့ပုံကိုကြည့်ရင် ဦးကြီးရဲ့အရေးအသားဟာ အနည်းငယ်ပြောင်းလဲလာတာကို တွေ့ရမယ်။ သဖြန်တွေ၊ တေးထပ်တွေမပါတော့ဘူး။ အရေးအသားရှင်းလာတာကို တွေ့ရတယ်။ မောင်ဘသန်းမသန်းမေစာအုပ်ကတော့ နာမည်ကြားဖူးပေမယ့် စာအုပ်ကရှာလို့မရတော့ဘူး။ နှစ်အုပ်စလုံးဟာ ၁၉၁၄ ခုနှစ်မှာထွက်ခဲ့ပါတယ်။
မြန်မာကာလပေါ်ဝတ္ထုစထွက်ခဲ့တဲ့ ၁၉၀၄ ခုနှစ်ကစပြီး ၁၉၁၄ အထိ ၁၀ နှစ်တာကာလကိုသုံးသပ်ကြည့်ရင် အစဉ်အလာမြန်မာစကားပြေအရေးအသားပုံစံပဲ များတယ်၊ မောင်ရင်မောင်မမယ်မသာအစဉ်အလာမြန်မာစကားပြေအရးအသားပုံစံကခွဲထွက်ခဲ့ပေမယ့် ကျန်တဲ့စာအုပ်အများစုကတော့ အစဉ်အလာမြန်မာစကားပြေအရေးအသားပုံစံပဲများတယ်။ ၁၀ နှစ်တာကာ လမှာရေးခဲတဲ့ဇာတ်လမ်းတွေကြည့်မယ်ဆိုရင် ရတနာသိုက်နဲ့ ရတနာတွေရတဲ့ဇာတ်ကွက်တွေကိုထည့်ထားတာတွေ့ရတယ်။ (ဥပမာ - မောင်ရင်မောင်မမယ်မ၊ ရွှေပြည်စိုး၊ စပယ်ပင်) ဇာတ် ဆောင်အသားပေးဝတ္ထုတွေ (မောင်မှိုင်း၊ ခင်မြင့်ကြီး) တို့ရှိသလိုဇာတ်လမ်းအသားပေး (မောင်တာနော၊ ရွှေပြည်စိုး၊ စပယ်ပင်) ဝတ္ထုတွေလည်း ရှိတယ်။ ဦးလတ်ရဲ့စပယ်ပင်နဲ့ ရွှေပြည်စိုး ဝတ္ထုတွေမှာတော့ တကယ့်လက်တွေ့ဘဝထဲမှာ ကြုံတွေ့နေရတဲ့ လူ့သဘာဝအဖွဲ့တွေပါဝင်လာတာကြောင့် ဝတ္ထုအင်္ဂါရပ်နဲ့ညီလာတယ် ပြောရမယ်။ တချို့စာပေတွေဟာ အဲဒီခေတ်ရဲ့လူနေမှုစရိုက်ကို ဖော်ပြထားတာတွေရှိတယ်။ စပယ်ပင်ဝတ္ထုမှာ ၁၉၁၀ ဝန်းကျင် ရန်ကုန်ရဲ့လူနေမှုစရိုက်ကို ခပ်ပါးပါးလေးဖော်ပြထားတယ်။ ဒီ ၁၀ နှစ်တာကာလမှာကိုပဲ ရေးတဲ့သူတွေကိုကြည့်ရင် ဝန်စာရေးဦးကြီးတို့လို မြန်မာပညာရှိတွေပါသလို ခေတ်ပညာတတ် မြန်မာလူငယ်တွေ (ဂျိမ်းစ်လှကျော်၊ ဦးလတ်) စရေးလာတာကို တွေ့ရတယ်။ ဦးလတ်အကြောင်းကတော့ ဦးလတ်နှင့် စပယ်ပင်ဆိုတဲ့ဆောင်းပါးမှာ သပ်သပ်ရေးခဲ့ပြီးပါပြီ။
၁၉၁၅ ကနေ ၁၉၂၅ အထိဆက်ထွက်ခဲ့တဲ့စာအုပ်တွေထဲက ထင်ရှားတာတွေကိုပြောရရင် ၁၉၁၅ မှာဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဓမ္မစေတီဝတ္ထုထွက်လာတယ်။ ပီမိုးနင်းစာအုပ်တွေ စထွက်လာတယ်။ ပီမိုးနင်းကမောင်ကျော်ဆိုတဲ့ ကလောင်နာမည်နဲ့ စရေးပါတယ်။ ခင်ထား၊ စုံထောက်ရွှေရစွန့်စားခန်းများ၊ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်(၁၉၁၆)တို့ ထင်ရှားပါတယ်။ (ဗဟုသုတအနေနဲ့ပြောရရင် တကယ်က ဆာအာသာကွန်နင်ဒွိုင်းရဲ့ရှားလော့ဟုမ်းကိုစပြီးမှီးတာက ပီမိုးနင်းပါ။ ၁၉၁၂ မှာစုံထောက် မောင်ရွှေဓားနာမည်နဲ့ စရေးခဲ့ပါတယ်။၁၁ ပုဒ် ၁၂ ပုဒ်လောက် ရေးခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ စုံထောက်မောင်ရွှေဓား ဝတ္ထုများအမည်နဲ့ စိတ် ကူးချိုချိုစာအုပ်တိုက်က ပြန်ထုတ်ထားပါတယ်။ ဖတ်ချင်ရင် ရှာလို့ရနိုင်ပါသေးတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှားထက် စောပါတယ်။ ဆရာကြီးရွှေဥဒေါင်းက ၁၉၁၇ မှာမှ စုံထောက်ဦးစံရှားကိုစပြီး ဖန်တီးခဲ့တာပါ။ ဒီဆောင်းပါးက မြန်မာကာလပေါ်၀တ္ထုရှည်တွေအကြောင်းရေးတာမို့လို့ စုံထောက်မောင်ရွှေဓားအကြောင်းကို ဒီမှာပဲရပ်လိုက်ပါမယ်။)
၁၉၁၆ မှာဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံထွက်လာတယ်။ ပထမတွဲ၊ ဒုတိယတွဲနဲ့ တတိယတွဲဆိုပြီး ၃ တွဲထွက်လာတယ်။လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ တင်တင်မြ (၁၉၁၆)၊ ၁၉၁၇ မှာဆရာစောရဲ့ မောင်စံသူမဖွားသိုက်၊ ဆရာကြီးရွှေဥဒေါင်းရဲ့ ရန်ကြီးအောင်၊ ပိုက်ဆံကြီးနာမည်နဲ့ ဆရာပီမိုးနင်းရေးတဲ့ ပွဲစားကြီးသားအဖနှင့်မြမြ၊ ၁၉၁၈ မှာကလောင်အမည်ကြွက်စုတ်ရေးတဲ့ စောရ၊ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ သန်းသန်း၊ ၁၉၂၀ မှာပီမိုးနင်းရေးတဲ့နေရီရီ၊ ၁၉၂၁ မှာလယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ နတ်သျှင်နောင်၊ တပင်ရွှေထီး(၁၉၂၅)တို့ နာမည်ကြီးပါတယ်။ နတ်သျှင်နောင်၊ တပင်ရွှေထီးတို့ဟာ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ သမိုင်းနောက်ခံ၀တ္ထုတွေပါ။ ရန်ကြီးအောင် (၁၉၁၇)ဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ ပထမဆုံးရေးတဲ့စာအုပ်ပါ။ ဒါပေမယ့် ပထမဆုံးထွက်တဲ့စာအုပ်တော့ မဟုတ်ပါဘူး။ ဆရာကြီးရွှေဥဒေါင်းရဲ့ ပထမဆုံးပုံနှိပ်စာမူက ရတနာပုံဝတ္ထုပါ။ ရန်ကြီးအောင်စာမူကို သူရိယတိုက်ကဝယ်သွားပြီး မထုတ်ဖြစ်သေးခင်မှ ာသူရိယတိုက်အုပ်ဘကြီးဘဖေက Mrs Henry Wood ရေးတဲ့ အင်္ဂလိပ် ဝတ္ထု East Lynn ကိုမှီးပြီး ဝတ္ထုရေးဖို့ပြောတာကြောင့် ရတနာပုံဝတ္ထုရေးဖြစ်ပါတယ်။ ရတနာပုံဝတ္ထုကို သူရိယသတင်းစာမှာနေ့စဉ်အခန်းဆက်စထည့်တာပါ။ ပြီးမှ ရန်ကြီးအောင်ကစာ အုပ်အဖြစ်ထွက်လာတာပါ။ ပြောရရင် ဆရာကြီးရွှေဥဒေါင်းရဲ့ ပထမဆုံးပုံနှိပ်စာမူက ရတနာပုံဝတ္ထုပါ။ ပထမဆုံးရေးတဲ့စာမူက ရန်ကြီးအောင်ပါ။ ရန်ကြီးအောင်ဝတ္ထုထဲက အခန်း ၁ ခန်းသည်ပင်လျှင် အင်္ဂလိပ် ဝတ္ထုရေးဆရာ Raynolds ရဲ့ The Mysteries of London ထဲက ၁ ခန်းကိုမှီငြမ်းထားတယ်လို့ ဖတ်ဖူးပါတယ်။ ၁၉၁၅ ကနေ ၁၉၂၅ အထိအတွင်းမှာရေးခဲ့တဲ့သူတွေထဲမှာဆိုရင်လည်း ဆရာကြီးပီမိုးနင်း၊ ဆရာကြီးရွှေဥဒေါင်းတို့ဟာ အင်္ဂလိပ်မြန်မာနှစ်ဘာသာကျွမ်းကျင်တဲ့ ခေတ်ပညာတတ်တွေပါ။ ၁၉၂၀-၁၉၃၀ ဝန်းကျင်ကာလတွေမှာလယ် တီပဏ္ဍိတဦးမောင်ကြီး၊ ဆရာကြီးရွှေဥဒေါင်း၊ ပီမိုးနင်းတို့ဟာ အထူးထင်ရှားခဲ့ပါတယ်။
အရေးအသားတွေကိုကြည့်မယ်ဆိုရင် ဆရာကြီးပီမိုးနင်းရဲ့စာတွေကခေတ်သစ်မြန်မာ၀တ္ထုနှင့် မြန်မာစာပေအရေးအသားပုံစံဖြစ်လာတယ်။ ကဗျာ၊ လင်္ကာတွေမပါတော့ဘူး။ အရေးအသားရှင်းလင်းလာတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံကိုကြည့်မယ်ဆိုရင်တော့ ဆရာကြီးရဲ့အရေးအသားကရှေးခေတ်မြန်မာစကားပြေအရေးအသားဆန်တယ်။ ဒါပေမယ့် ဇာတ်ကောင်ခင်အုံရဲ့စရိုက်ကိုဖွဲ့နွဲ့ရာမှာပီပြင်လွန်းလှတယ်။ ဇာတ်လမ်းအနေနဲ့ပြောရရင် မောင်မှိုင်းတို့လိုဇာတ်လမ်းပဲ။ ဇာတ်ကောင်စရိုက် အသားပေးဇာတ်လမ်းမျိုးပေါ့။ဆရာဇော်ဂျီကတော့ မြန်မာကာလပေါ်၀တ္ထုမှာ စပယ်ပင်၊ ရွှေပြည်စိုး၊ မှာတော်ပုံတို့ဟာ စံ၀တ္ထုတွေလို့ ရေးဖူးပါတယ်။ ဆရာစောရဲ့မောင်စံသူမဖွားသိုက်ဆိုရင်လည်းရှေးခေတ် မြန်မာစကားပြေအရေးအသားဆန်ပြီးတေးထပ်တွေဆုံးမစာတွေများတယ်။
ဆရာဇော်ဂျီကတော့ ၂၀ ရာစုနှစ် ခေတ်ဦးမြန်မာစာပေ၏ထူးခြားချက် နှစ်ရပ်စာတန်းမှာ - “ကာလပေါ်၀တ္ထုဆရာ၏သဘောဟူသည် လူ၏ကိုယ်နှုတ်နှလုံးအမူအရာတို့ကိုသရုပ်ဖေါ်ဖွဲ့ဆို၍ မိမိပြောလိုရာပြောနိုင်သောသတ္တိကိုသုံးနိုင်သမျှသုံးရသောသဘောဖြစ်ပါသည်။ သို့ပါသော်လည်းထိုခေတ်က ၀တ္ထုဆရာများတွင် ထိုသတ္တိကိုသုံးလိုသောဆန္ဒထက် ဝတ္ထုဇာတ်ကြောင်းကိုမှီ၍ မိမိသိသောစာပေဗဟုသုတကိုသော်လည်းကောင်း၊ မိမိပြောဟောချင်သောအနုသာသနအဆုံးအမစကားကိုသော်လည်းကောင်း၊ ပြောင်ကျကျ ထည့်လိုသောဆန္ဒကပိုကဲနေသည်” ဆိုပြီးရေးခဲ့ပါတယ်။ ဆရာဇော်ဂျီပြောသလိုပဲမောင်တာနော ဝတ္ထုမှာဆိုရင် ထောပတ်ထမင်းချက်နည်း၊ ဝမ်းဘဲနှင့် ကြက်နှပ်စီရင်နည်း အစရှိတာတွေပါ ထည့်ရေးထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ထူးခြားတာက မောင်စံသူမဖွားသိုက်မှာ ကိုလိုနီခေတ်ဦးရန်ကုန်ရဲ့လူနေမှုစနစ်အကြောင်း၊အလောင်းတော်ကသဖအကြောင်းကိုရေးထားတာတွေ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်အထက်မှာရေးခဲ့သလိုပဲ မှာတော်ပုံရော မောင်စံသူ မဖွားသိုက်ရောပါ ဇာတ်လမ်းပြီးတဲ့အဆင့်အထိ မရောက်လိုက်ပါဘူး။ မှာတော်ပုံလည်း တတိယတွဲထွက်ပြီးဆရာကြီးကဆက်မရေးတော့သလို မောင်စံသူမဖွားသိုက်လည်း ဒုတိယတွဲထွက်မယ်လို့ကြော် ငြာတာတွေရပြီး ဆက်မထွက်ဖြစ်တော့ပါဘူး။
စာရင်းအရ ၁၉၀၄ ကနေ ၁၉၂၅ ခုနှစ်အထိကာလပေါ်၀တ္ထုပေါင်း ၁၁၅ အုပ်ထွက်ခဲ့တယ်လို့ဆိုတယ်။ ခြုံကြည့်ရရင် တချို့စာအုပ်တွေကဇာတ်လမ်းပြီးတဲ့အထိဆက်မရေးကြတာတွေ့ရသလို တချို့ဆရာတွေက ၁ အုပ်ထဲရေးပြီးရပ်သွားကြတာတွေလည်း တွေ့ရပါတယ်။ ဆရာဇော်ဂျီက ၂၀ ရာစုနှစ်ခေတ်ဦးမြန်မာစာပေ၏ထူးခြားချက်နှစ်ရပ်စာတန်းမှာ အချစ်အကြိုက် အဖြစ်အပျက်၊ အချစ်ကိစ္စတို့ကို အဓိကထားပြီးမယ်ဘွဲ့၊ မောင်ဘွဲ့ ဝတ္ထုမျိုး၊ ဝတ္ထုဇာတ်ကြောင်းကိုမှီ၍ မိမိပြောဟောလိုသောစာပေဗဟုသုတအဆုံးအမစကားထည့်လိုသောဆန္ဒက ပိုကဲနေတယ်လို့ ရေးဖူးပါတယ်။ ကာလပေါ်ဝတ္ထုခေတ်ဦးအစဆိုတော့ ဒီလိုပဲဖြစ်မှာပဲလို့တော့ မြင်မိပါတယ်။ တချို့စာအုပ်တွေမှာအဲဒီခေတ်ရဲ့ လူနေမှုစရိုက်၊ စီးပွားရေး၊ လူမှုရေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီနောက်မှတဆင့် အရေးအသားက အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတာပါပဲ။ မြန်မာကာလပေါ် ဝတ္ထုအကြောင်းကို လေ့လာမိသလောက် တင်ပြလိုက်တာပါ။ လိုအပ်ချက်တွေရှိခဲ့ရင် ကျွန်တော့်တာဝန်ပဲဖြစ်ပါတယ်။
ကိုလှိုင်းသစ်
21-7-2022
11:31 PM
Ref :
- မလိခ၊ မြန်မာ၀တ္ထုအညွှန်း (၁)၊ ပထမအကြိမ်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ ဒီဇင်ဘာလ
- ဇော်ဂျီ၊ ရသစာပေအဖွင့်၊ ဒုတိယအကြိမ်၊ ရသစာပေတိုက်၊ ၁၉၆၆ နိုဝင်ဘာလ
- ဆရာငြိမ်းကျော် ပြုစုခဲ့သော ၂၀ ရာစုနှစ်ခေတ်ဦး မြန်မာ၀တ္ထုများစာရင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar