Breaking News

ဆောင်းယွန်းလ - အမည်မဲ့ရောဂါ

ဆောင်းယွန်းလ - အမည်မဲ့ရောဂါ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂

နေက မြင့်တက်လာခဲ့ပြီး
လူက နိမ့်ဆင်းလာနေခဲ့တယ်
ကိုယ့်စိတ်ကိုယ်ထိမ်းဖို့
ကိုယ့်အတိတ်ကိုယ်ပြန်သိမ်းနေရတဲ့ နေ့တွေပဲ
ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုဆန့်ကျင်ရင်း
ကောင်းကင်သတင်းကို နားထောင်ဖို့အတွက်
လေယာဉ်ကြီးစီး ခရီးထွက်စရာလည်း 
မလိုအပ်တော့တဲ့ ကမ္ဘာ
ပါးလှပ်တဲ့ ဆယ်လူလာဖုန်းထဲမှာ
လိုအပ်ရင် လိုအပ်သလို
ကမ္ဘာပတ်ပြီး ကဗျာဖတ်လို့ရတဲ့
နေ့တွေပဲ
ခုခံအားကျဆင်းမှုထက် ပိုပြီးကြောက်ဖို့ကောင်းလာတဲ့
စိတ်ကျဆင်းခြင်း ရောဂါမှာ
ဖရုသဝါစာပိုးမွှားတွေကပ်ပါလာတယ်
အခင်းဖြစ်ပွားခြင်းနေရာမှာ
သွေးခင်းထားတဲ့လမ်းနဲ့ကမ္ဘာမကြေခြင်းသီချင်း
အခင်းဖြစ်ပွားဖို့ကြံရွယ်သူရဲ့လက်ထဲမှာ
စာအုပ်ထူကြီးထဲက ကူးယူလာတဲ့ စကားလုံးထူထူတွေနဲ့
လူမသေခင်က သေဆုံးသွားခဲ့တဲ့ စိတ်တချို့
စိတ်ကျခြင်းကို
မျိုးပွားဖို့ကြိုးစားနေသူရဲ့ ကမ္ဘာမှာ
နေက မြင့်တက်လာခဲ့ပြီး
လူက နိမ့်ဆင်းလာနေခဲ့တယ်
အရူးရင့်ခြင်းကို အဆဲသီချင်းနဲ့ကျူးရင့်ခဲ့ခြင်းများ။

ဆောင်းယွန်းလ

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar