Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင်  ၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၂ 


ကသောင်းကနင်း စီးပွားရေး နဲ့  တရားဝင်/ တရားမဝင် ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်ခွာရသူတွေ

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် နိုင်တင်းရဲ့ ကမ္ဘာတလွှား ရိုက်ခတ်မှု စီးပွားရေးနှေးကွေးမှု ကန့်သတ်မှုတွေ တနှစ်တိတိရောက်ချိန်မှာ စစ်အာဏာသိမ်းမှု ကြုံတွေ့ရပြီး ကိုဗစ်ကပ်ဘေးက မလွတ်မြောက်နိုင်သေးချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှုတွေ၊ အနောက်နိုင်ငံအသိုင်းအဝိုင်းရဲ့ စစ်ကောင်စီကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တတိတတိနဲ့ ထွက်ခွာကြတာတွေက ပြည်တွင်းစီးပွားရေး ကျဆင်းမှုတွေ  သိသာထင်ရှားစွာ မြင်တွေ့နေရပါတယ်။ 

ရေနံနဲ့ သဘာဝဓါတ်ငွေ့ နယ်ပယ်မှာ၊ မိုဘိုင်းဆက်သွယ်ရေး နယ်ပယ်မှာ ကုန်သွယ်မှုတွေမှာ အသစ်မဝင်တော့တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ဘဏ်တွေကို မယုံကြည်မှုနဲ့ ငွေသား ထုတ်ယူမှုအကျပ်အတည်း ၊ ငွေလဲနှုန်း ရုတ်တရက်မြင့်တက်မှုတွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ သိသိသာသာ ဖြစ်ပွားခဲ့ပြီး စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာတော့ မြန်မာကျပ်ငွေတန်ဖိုးက ၅၀ ရာနှုန်းလောက် ကျဆင်းခဲ့ပြီဖြစ်ပါတယ်။ 

စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့ရာမှာလည်း ကိုဗစ် ကန့်သတ်ချက်တွေ နယ်စပ်ကုန်သွယ်ရေး လပေါင်းများစွာ ရပ်ဆိုင်းခဲ့ရတာတွေ ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူတွေအဖို့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုတွေတင်မကပဲ ယမန်နှစ် နှစ်လယ်ပိုင်းလောက်က စလို့ ကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းလို ကယားပြည်နယ်လို ဒေသတွေမှာ စိုက်ပျိုးရေးကို ဖိဖိစီးစီး မလုပ်နိုင်တဲ့ ပြဿနာလည်း ရှိနေတာဖြစ်ပါတယ်။ 

ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာမှာလည်း ယူကရိန်း ရုရှားစစ်ပွဲ ဖြစ်ပွားလာရာက လောင်စာဆီဈေး၊ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်လာတာဟာ မြန်မာနိုင်ငံအဖို့ ပြည်တွင်းပြဿနာနဲ့ နစ်နေပြီးသား စီးပွားရေးကို ထပ်ထိုးချလိုက်သလို ဖြစ်စေခဲ့တာပါ။ 

တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံလို ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်ရာကနေ နိုင်ငံရေး စီမံခန့်ခွဲမှုလွဲမှားတာတွေ ထပ်ဆင့်လိုက်တာကြောင့် နိုင်ငံတနိုင်ငံလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှု အားလုံး ရပ်ဆိုင်းလုနီးနီး အခြေအနေမျိုး ကြုံနေရတာဟာ မြန်မာနိုင်ငံအဖို့ အလားတူ ကံကြမ္မာမျိုး ကြုံနိုင်မလားဆိုတဲ့ စိုးရိမ်မှု ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ 

ယူကရိန်း-ရှရှားစစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားမှာ စားနပ်ရိက္ခာဈေးမြင့်တက်မှု၊ ရေနံလောင်စာဈေးမြင့်တက်မှုတွေက ငွေကြေးဖောင်းပွဲမှုတွေကို ဖြစ်စေပြီး တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေထိ မရောက်သော်လည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆီ ဦးတည်နေပြီ ရှောင်လွှဲမရ ဖြစ်ပွားလာတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေစိုးရိမ်မှုတွေလည်း ပေါ်ထွက်နေချိန် ဖြစ်ပါတယ်။ 

ကမ္ဘာမှာ အခုလို စိုးရိမ်မှုတွေ ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့ရဖို့ စိုးရိမ်နေကြချိန် မှာ မြန်မာနိုင်ငံအနေနဲ့ လက်နက်ကိုင် ပဋိပက္ခထဲကို တစတစ သက်ဆင်းနေပြီး နေ့စဥ် အသက်သေဆုံးမှုတွေ ကျေးရွာ နေအိမ် မီးရှို့ခံရမှုတွေ ပိုင်ဆိုင်မှုတွေ ထားပစ်ခဲ့ရပြီး အသက်ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ဘေးရှောင်တွေ ပြည်တွင်းမှာတင် ၁ သန်းကျော်လာတာတွေက မြန်မာနိုင်ငံအနေနဲ့ ရှေ့မှာ ကြုံတွေ့ရမယ့် အရာတွေက အခက်အခဲတွေ အကျပ်အတည်းတွေချည်းလို ဖြစ်နေပြီး ဒီအကျပ်အတည်းကို ရှောင်လွှဲနိုင်ဖို့ လွတ်မြောက်နိုင်ဖို့ မျှော်လင့်ချက်က မှေးမှိန်နေဆဲ ဖြစ်ပါတယ်။ 

နိုင်ငံရေး ခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ အခုလို အဘက်ဘက်က ထည့်သွင်းတွက်ချက် ရမယ့် အနေအထားတွေ နောက်ခံ ကမ္ဘာ့အခြေအနေကို မျက်ခြည်မပြတ်တဲ့ အမြော်အမြင်တွေ လိုအပ်နေကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar