Breaking News

ဇာနည် (၈၈ - ဗကသ) - ဆဲဗင်းဂျူလိုင်(သို့မဟုတ်)ငါတို့သွေးနဲ့ရေးတဲ့သမိုင်း

ဆဲဗင်းဂျူလိုင် (သို့မဟုတ်) ငါတို့သွေးနဲ့ရေးတဲ့သမိုင်း
ဇာနည်  (၈၈,ဗကသ)
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂

တော်လှန်ရေးနယ်မြေတနေရာမှာ..အနှစ်(၆၀) ပြည့် ဆဲဗင်းဇူလိုင်နေ့အခမ်းအနားကို ဗ ကသက ရဲဘော်တွေကျင်းပပြုလုပ်ဖို့အကူညီတောင်းလို့ ကျနော်တတ်နိုင်သလောက် ကူညီလိုက်ပါတယ်...

"ဆဲဗင်းဇူလိုင်စိတ်ဓာတ်ကို ရောက်တဲ့နေရာ..ရောက်တဲ့အခြေအနေမှာ မြဲမြံစွာဆက်လက်ဆုပ် ကိုင်ချီတက်နေကြတာတွေ့ရလို့ ဝမ်းသာအားရပီတိဖြစ်ခဲ့ရပါတယ်.."

တကယ်တော့..မြန်မာကပြည်ရဲ့ အမျိုးသားလွတ်မြောက်မြောက်ရေးတိုက်ပွဲသမိုင်းဆိုတာ ကျောင်းသားလူငယ်တွေရဲ့သမိုင်းပဲဖြစ်ပါတယ်..

ကျနော်တို့ဟာ..ကျနော်တို့ နောင်တော့်နောင်တော်တွေရဲ့မပြီးဆုံးသေးတဲ့တော်လှန်ရေးတွေကို တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကိုဆက်လက်ကိုင်စွဲပြီး လက်ဆင့်ကမ်း ရှေ့ကိုချီတက်နေကြခြင်းပဲဖြစ်ပါတယ်..
ဆဲဗင်းဇူလိုင်စိတ်ဓာတ်ဆိုတာ ဘယ်တော့မသေတဲ့ တော်လှန်စိတ်ဓာတ်..အောင်စိတ် အောင်သွေးလဲ ဖြစ်ပါတယ်..
ကျနော်တို့ဟာ..လက်ဆင့်ကမ်းတော်လှန်အမွေအဖြစ် "ဆဲဗင်းဇူလိုင်စိတ်ဓာတ်..အမြစ်မပြတ်ဖို့.." ကျနော်တို့ကျောင်းသားမျိုးဆက်တွေအားလုံး ဆက်လက်စွဲကိုင်ပြီး ..စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ မဖောက်မပြန် နောက်မချန်စတမ်းဆက်လက်ချီတက်ကြပါစို့...

"ဆဲဗင်းဇူလိုင် စိတ်ဓာတ်အဓိန့်ရှည်စေသောဝ်..!"

(လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ကျနော်ရေးခဲ့တဲ့ ဗကသ စာကဗျာလေးတချို့ကို အနှစ် (၆၀) ပြည့် ဆဲဗင်းဇူလိုင်နေ့ အမှတ်တရပြန်လည်စုစည်းဖေါ်ပြအပ်ပါတယ်..)

ဇာနည် (၈၈,ဗကသ)
(၇-၇-၂၀၂၂)
*****************************************
""ဆဲဗင်းဂျူလိုင်(သို့မဟုတ်)ငါတို့သွေးနဲ့ရေးတဲ့သမိုင်း""

ဆဲဗင်းဇူလိုင် (July,7), ငါးဆယ့်ခွန်နှစ်,နှစ်မြောက်နှစ်ပတ်လည်ခဲ့ပြန်ပြီ...
ကျနော်တို့နိုင်ငံရဲ့စစ်အာဏာရှင်စနစ်သက်တမ်းကိုစတင်ရေတွက်မယ်ဆိုရင်(၁၉ ၅၈),ခုနှစ်ကစပြီးပြောရမယ်ထင်တယ်...
(၁၉၅၈)မှာ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်က ဝန်ကြီးချုပ်သခင်နုကို စစ်တပ်ကိုအာဏာအပ်ဖို့သွားတောင်းတယ်...
ဦးနုက,အဲ့ဒီလိုတော့မလုပ်ကြပါနဲ့၊ စစ်တပ်နာမည်ပျက်သွားပြီး တိုင်းပြည်အတွက်လဲကောင်းမှာမဟုတ်ဘူးဆိုပြီး သူစနစ်တကျအာဏာလွဲဖို့စီစဉ်ပေးမယ်လို့ အချိုသတ်ပြောခဲ့ရတယ်...
အဲ့ဒီနောက်...
လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေကျင်းပပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဦးနုခေါင်းဆောင်တဲ့ သန့်ရှင်း(ဖဆပလ),အစိုးရအဖွဲ့နုတ်ထွက်ပေးပြီးဗိုလ်နေဝင်းကိုအိမ်စောင့်အစိုးရနာမည်နဲ့ အာဏာ(၆)လ လွှဲပေးခဲ့ရတယ်...(ဒါဟာ ကျနော်တို့နိုင်ငံမှာ စစ်တပ်ကပထမအကြိမ်အာဏာသိမ်းတဲ့အခင်းအကျင်းပါပဲ)
(၆)လပြည့်တော့ ဗိုလ်နေဝင်းကအချိန်မလုံလောက်သေးဘူးဆိုပြီး သက်တမ်းထပ်တိုးပေးဖို့တောင်းပြန်တယ်...
ဒါပေမဲ့..အဲ့ဒီတုန်းက ပါလီမန်ပုဒ်မ (၁၂၄),အရ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်မဟုတ်ရင် (၆) လသက် တမ်းထက်ပိုပြီး အာဏာလွှဲလို့မရဘူး...

ပါလီမန်ထဲက(ပမညတ),စတဲ့အတိုက်ခံပါတီတွေကန့်ကွက်နေတဲ့ကြားကပဲ ပါလီမန်မှာမဲအများစုရထားတဲ့ (သန့်ရှင်းဖဆပလ) ရဲ့အင်အားကိုသုံးပြီး သခင်နုကပုဒ်မ (၁၂၄)ကို ဇွတ်ပြင်ကာ နောက်ထပ် (၆) လထပ်တိုးပေးခဲ့တယ်...

အဲ့ဒီတုန်းက အိမ်စောင့်အစိုးရ ဗိုလ်နေဝင်းစစ်တပ်ဟာ ကြံခိုင်ရေးအသင်းတွေဖွဲ့ပြီး မြန်မာ့အသံရေဒီယိုကကြံခိုင်ရေးအတွက် ဝါဒဖြန့်ပေးရတဲ့ ကြံခိုင်ရေးရေဒီယိုတွေ ပေါ်လာတယ်...

(၁၉၉ ၂)နောက်ပိုင်းမှာ ဗိုလ်သန်းရွှေရဲ့ "ကြံခိုင်ဖွံ့ဖြိုးရေး" ဆိုတာ အဲ့ဒီတုန်းကဗိုလ်နေဝင်းလုပ်ခဲ့တဲ့နည်းအတိုင်း လိုက်လုပ်ခဲ့တာပဲ...(ဒါကြောင့် ကျနော်တို့က ကြံဖွံတွေကို စစ်တပ်ဒေါက်တိုင်အဖြစ် သတ်မှတ်ခဲ့တာပဲ..)

(၁၉၆၀) မှာ ရွေးကောက်ပွဲလုပ်ပြီး...သခင်နုကိုခဏအာဏာပြန်လွှဲပေးပြီး (၁၉ ၆၂) မှာ ဒုတိယအကြိမ်နဲ့ အပြီးအပိုင် စစ်တပ်က အာဏာသိမ်းခဲ့တော့တယ်...

အဲ့ဒီတုန်းကဗိုလ်နေဝင်းက နည်းပရိယာယ် နှစ်ခု သုံးခဲ့တယ်...

(၁) ရှမ်းခေါင်းဆောင်တွေဦးဆောင်ပြီးလုပ်ခဲ့တဲ့ တောင်ကြီးညီလာခံဆုံးဖြတ်ချက်"ဖက်ဒရယ်ပြည်ထောင်စု"ဆိုတာ တိုင်းပြည်ပြိုကွဲရေးဖြစ်တယ်...

(၂) အဲ့ဒီကာလတုန်'ကရေပန်းစားနေတဲ့ နိုင်ငံရေးဒီရေမြင့်သစ် "ဆိုရှယ်လစ်စနစ်" ဆိုတာကိုအသုံးချပြီး ဆို ရှယ်လစ်နိုင်ငံ တည်ဆောက်မယ်ဆိုတဲ့ "နိုင်ငံရေးမျက်လှည့်စင် "တခုကိုဆောက်ခဲ့တယ်...

ဒါပေမဲ့...ဗိုလ်နေဝင်းရဲ့ "ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း" တဲ့ အတုအယောင်ဆိုရှယ်လစ်ဇာတ်ထုပ်ကို ဖြေပြခဲ့တာဟာ ကျနော်တို့ ဗကသကျောင်းသားတွေပဲ ဖြစ်ပါတယ်...

ဗိုလ်နေဝင်းစစ်တပ်ကအာဏာသိမ်းခဲ့တာကို အစောဆုံးကန့်ကွက်ဆန့်ကျင်ခဲ့တာ (ဗကသများအဖွဲ့ချုပ်)ပဲ ဖြစ်တယ်...
ဒါကြောင့်လဲ...ဗိုလ်နေဝင်းနဲ့စစ်အုပ်စုဟာ (ဗကသ)နဲ့ (ဗကသကျောင်းသား)တွေကို အညိုးအတေး ထားခဲ့တယ်...

ဆဲဗင်းဇူလိုင်မှာ "မြန်မာ့လွတ်လပ်ရေးသမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦး" ကို ဖြိုခွဲတော့...
"သမဂ္ဂအဆောက်အဦးဟာ ကွန်မြူနစ်တွေရဲ့မြေပေါ်ဌာနချုပ်"လို့ စွတ်စွဲပြီး ဒိုင်းနမိုက်နဲ့ ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်တယ်...

ဒါကိုကြည့်ရင်..."စစ်အာဏာရှင်တွေအကြောက်ဆုံးကအဖိနှိပ်မခံတော်လှန်တဲ့အတွေးအခေါ်" ပဲ ဖြစ်တယ်...

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ရှေ့ဆုံးတန်းကခေါင်းဆောင်ခဲ့သူတွေအများစုဖြစ်တဲ့ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ ကိုလှရွှေ(ကျောင်းသားအာဏာရှင်)၊ ကိုလှဖေ၊ ကိုလှမောင်၊ ကိုထွန်းရှိန် ..စတဲ့ သူတွေဟာ ကျောင်းသားခေါင်းဆောင်တွေ ဘဝကလာခဲ့ကြသူတွေဖြစ်ပါတယ်...

ဒါကြောင့်..ကျောင်းသားသမဂ္ဂအဆောက်အဦးကိုဗုံးခွဲဖျက်ဆီးခဲ့တာဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဖျောက်ဖျက်ခဲ့ခြင်းလဲ ဖြစ်ပါတယ်...

စစ်အာဏာရှင်တွေဟာ သူတို့တွေအတွက်ဘယ်အရာဟာအကြောက်ဆုံးလဲမေးရင် "အမှန်တရားနဲ့ သမိုင်း" ဟာသူတို့အတွက်ကြောက်စရာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်...

ဒါကြောင့်လဲ စစ်အာဏာရှင်ဗိုလ်နေဝင်းရဲ့လမ်းစဉ်ကိုဆက်ခံခဲ့ကြတဲ့ ဗိုလ်စောမောင်, ဗိုလ်သန်းရွှ, ဗိုလ်ခင်ညွန့်နဲ့ နောက်ဆုံး ဗိုလ်သိန်းစိန်, ဗိုလ်မင်းအောင်လှိုင်အဆုံးအားလုံးဟာ သမိုင်းကိုဖျောက်ဖျက်ခဲ့ကြသူတွေပဲဖြစ်ပါတယ်...

(၂၀၀၃) ခုနှစ်လောက်တုန်းက စစ်ထောက်လှမ်းရေးဂတ်စတာပို "ဗိုလ်ခင်ညွန့်"ဟာ ရွာဟိုင်းသုသာန်က "သခင်ဗဟိန်း" အုပ်ဂူကိုထုခွဲဖျက်ဆီးပြီး ဖျောက်ဖျက်ခဲ့ကြပါတယ်...

ဒါဟာ ဘာကိုပြသလဲဆိုတော့.."သခင်ဗဟိန်း" ဆိုတာ...ကျောင်းသားခေါင်းဆောင်နဲ့ အဖိနှိပ်ခံတို့ရဲ့တော်လှန် ရေးသမားပဲ...

စစ်အာဏာရှင်တွေဟာ.."အဖိနှိပ်မခံတဲ့တော်လှန်တဲ့အတွေးအခေါ်ရှိသူတွေ" ကိုသက်ရှိထင်ရှားဘဝမှာတင်မပြောပါနဲ့၊ သူတို့တွေသေသွားပြီးလို့အရိုးတွေဆွေးနေချိန်အထိတောင် ကြောက်နေခဲ့ကြပါတယ်...

ဒါကြောင့်...
"ဆဲဗင်းဇူလိုင်"ဆိုတာ...
မြန်မာ့လွတ်လပ်ရေးရဲ့သမိုင်း
ကျောင်းသားတွေရဲ့သမိုင်း
ကျောင်းသားသမဂ္ဂရဲ့သမိုင်း
အဖိနှိပ်ခံတော်လှန်းရေးသမိုင်း
စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်း
ကျနော်တို့မျိုးဆက်အားလုံးရဲ့
"သွေးသမိုင်း" လဲဖြစ်ပါတယ်....။

ဇာနည်(၈၈,ဗကသ)
(၁-၇-၂၀၁၉)
********************************
***(၅၇)နှစ်မြောက်ဆဲဗင်းဂျုလိုင်နေ့သို့.....***
""ဒီမြေမှာကမ္ဘာမကြေဘူးတေးကိုငါတို့ဆက်ဆိုကြမယ်...!""
ဒီမြေဟာ
ငါတို့ရဲ့စစ်တလင်းမြေ...။
ဒီမြေမှာ
ငါတို့ဟာ
စစ်အာဏာရှင်စနစ်ကိုစစ်ကြေညာခဲ့တယ်...။
ဇေတဝန်ကျောင်းတော်မြေကို
ဇေတမင်းသားတွေ
ရွှေဒင်္ဂါးတွေခင်းပြီးဝယ်ခဲ့ရသလိုမျိုး
ငါတို့နောင်တော်တွေရဲ့သွေးတွေနဲ့ဖြန့်ခင်းပြီးမှ
ဒီ..သမဂ္ဂမြေကိုရရှိခဲ့တယ်...။
ဒီမြေဟာ...
စစ်အာဏာရှင်တွေရဲ့
ကြမ်းကြုတ်ရက်စက်မူ့
လူမဆန်မူ့တွေကို
ငါ့တို့မျိုးဆက်အားလုံးကိုမီးမောင်းထိုးပြခဲ့တယ်...။
ဒီမြေထံက
ငါတို့တတွေအတွက်
အဖိုးမဖြတ်နိုင်တဲ့သမိုင်းတန်ဘိုးတွေရခဲ့တယ်...။
ဒီမြေကပဲ
ငါတို့မျိုးဆက်တွေအတွက်
သမိုင်းပေးတာဝန်တွေ
လက်ဆင့်ကမ်းပေးခဲ့တယ်...။
ဒီမြေမှာ... 
ငါတို့နောင်တော် "ရာကျော်" ရဲ့
ဝိညာဉ်တွေစံမြန်းနေတယ်...။
ဒီမြေမှာ...
ငါ့တို့မျိုးဆက်တွေရဲ့
ကျိန်ဆဲသံ
တောက်ခေါက်သံ
ငိုကြွေးမြည်တမ်းသံတွေကိန်းဝပ်နေတယ်...။
ငါတို့ကိုမေ့ဖျောက်ပစ်ဖို့လာနားမချနဲ့
ခွင့်လွှတ်လို့ရကောင်းရပေမဲ့
သမိုင်းဆိုတာမေ့ဖျောက်ပစ်ဖို့မဟုတ်ဘူး...။
ငါတို့ကိုရွှေပြည်အေးတရားတွေလာမဟောနဲ့
ငါတို့နောင်တော်တွေလိုလားခဲ့တဲ့
ငါတို့ပြည်သူတွေတောင်းဆိုခဲ့တဲ့
ငါတို့မျိုးဆက်တွေလိုချင်ခဲ့တဲ့အရာ
ဘာတခုမှမရသေးဘူး...။
ဘယ်မှာလဲ...?
"ကျောင်းသားသမဂ္ဂတွေလွတ်လပ်စွာဖွဲ့စည်းခွင့်"
ဘယ်မှာလဲ..?
"စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး"
ဘယ်မှာလဲ...?
"ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး"
ငါတို့ဟာ
"ရွှေရည်စိမ်ဒီမိုကရေစီ"
"ရွှေရည်စိမ်ကျောင်းသားသမဂ္ဂ"
တောင်းဆိုခဲ့တာမဟုတ်...။
စစ်အာဏာရှင်တွေရဲ့
သမိုင်းတရားခံပြစ်ဒဏ်ကို
ဖုံးကွယ်ဖျောက်ဖျက်ပစ်ဖို့မကြိုးစားကြပါနဲ့
ဒင်းတို့ထိုက်နဲ့ဒင်းတို့ကံ ရှိပစေ.....။
ငါတို့ကို
ပျားရည်နဲ့ဝမ်းလာမချနဲ့
သူတို့ဆောက်ပေးမှာ..
"ကျောင်းသားသမဂ္ဂအဆောက်အဦး"မဟုတ်ဘူး...
"ဘက်စုံသုံးခန်းမ" တဲ့...
ဘာဘက်စုံသုံးခန်းမလဲ
စစ်အာဏာရှင်တွေကိုဘက်စုံအညံခံရေးလား...။
ငါတို့လိုချင်တာ...
သမိုင်းထဲက"တကသ"အဆောက်အဦးပဲ
အဲ့ဒီသမိုင်းက..
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေး
အမျိုးသားလွတ်မြောက်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
ဒီမိုကစီရေး
"စစ်အာဏာရှင်စနစ်အကြွင်းမဲ့ဖျက်သိမ်းရေး"
စတဲ့သမိုင်းတွေနဲ့ထုဆစ်ထားတဲ့
တိုက်ပွဲဝင်ခွပ်ဒေါင်းမျိုးဆက်တွေရဲ့
ပင်မရေစီးဘူမိနက်သန်သမိုင်း...။
ဒါကလွဲပြီး..
ငါတို့ဘာမှအလိုမရှိဘူး...။
သူတို့ပေးတာ
"ကျောင်းသားသမဂ္ဂ" မဟုတ်ဘူး
"ဖောက်ပြန်တဲ့ရုပ်သေးသမဂ္ဂ"
"ခေတ်သစ် (DSO)တွေ"ပဲ
"ရေကြည်တော်ဝတ်အသင်း"ပဲ...။
ငါတို့ရဲ့
"ကျောင်းသားသမဂ္ဂသမိုင်း"က
ဒါမျိုးမဟုတ်ဘူး..
ငါတို့ရဲ့ကျောင်းသားသမဂ္ဂက
"အောက်စဖို့သမဂ္ဂ" နဲ့လဲ မတူဘူး
"ဟားဘတ်သမဂ္ဂ" နဲ့လဲမနှိုင်းယှဉ်အပ်ဘူး...။
ငါတို့ရဲ့သမဂ္ဂက
ကိုအောင်ဆန်း...
ကိုဗဟိန်း...
ကိုဗဆွေလေး,တို့ခေါင်းဆောင်ခဲ့တဲ့သမဂ္ဂ
အဖိနှိပ်ခံပြည်သူဘက်ကရပ်တည်ခဲ့တဲ့သမဂ္ဂ
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတွေတလူလူလွှင့်ခဲ့တဲ့သမဂ္ဂ
ကမ္ဘာမကြေဘူးတေးဆိုခဲ့တဲ့သမဂ္ဂ
စစ်အာဏာရှင်တွေကြောက်ဒူးတုန်စေတဲ့သမဂ္ဂ...။
ဒီမြေဟာ...
ငါတို့နိုင်ငံမှာ
စစ်အာဏာရှင်စနစ်တစမကျန်ဖျက်သိမ်းပြီးတဲ့အထိ
အရာမယွင်းဘဲ
ဒီအတိုင်းတည်ရှိနေတာကိုပဲ
ငါတို့အလိုရှိတယ်...။
ဒီမြေအတွက်...
နောက်ထပ်
ဗိုလ်အောင်ကျော်တွေ
ကိုစလိုင်းတင်မောင်ဦးတွေ
ဖုန်းမော်တွေ
ဝင်းမော်ဦးတွေ...
ငါတို့ပေးဆပ်ကောင်းပေးဆပ်ရလိမ့်မယ်...။
အို...
ခွပ်ဒေါင်းမျိုးဆက်ညီအကိုအပေါင်းတို့
ဒီမြေရဲ့တည်ရှိမူ့ကိုကာကွယ်ဖို့
ငါတို့တတွေ...
ဒီမြေပေါ်မှာ...
ကမ္ဘာမကြေဘူးတေးကိုဆက်သီဆိုကြစို့....
ကမ္ဘာမကြေဘူးတေးကို ဆက်သီဆိုကြစို့...
ကမ္ဘာမကြေဘူးတေးကို ဆက်သီဆိုကြစို့...။

ဇာနည်(၈၈,ဗကသရဲဘော်)
(၇-၇-၂၀၁၉)
**************************************

""ဗကသ ဆိုတာ..""
ဗကသဆိုတာ...
သူ့သမိုင်းနဲ့ သူ့လိုင်းနဲ့...!
ဗကသဆိုတာ...
သူ့အယူနဲ့ သူ့မူနဲ့...!
ဗကသဆိုတာ...
သူ့အခံနဲ့ သူ့စံနဲ့...!
ဗကသဆိုတာ...
သူ့အလံနဲ့ သူ့အသံနဲ့...!
ဗကသဆိုတာ...
သူ့ထန်နဲ့ သူ့မာန်နဲ့...!
ဗကသဆိုတာ...
သူ့စခန်းနဲ့ သူ့လမ်းနဲ့...!
ဗကသဆိုတာ...
သူ့အကျိုးနဲ့ သူ့အမျိုးနဲ့...!
ဗကသဆိုတာ...
သူ့အကြောင်းနဲ့ သူ့ဒေါင်းနဲ့...!
ဗကသဆိုတာ...
သူ့အတက်နဲ့ သူ့လက်နဲ့...!
ဗကသဆိုတာ...
သူ့ခရီးနဲ့ သူ့အမြီးနဲ့...!
ဗကသဆိုတာ...
သူ့အရေးနဲ့ သူ့သွေးနဲ့...!
ဗကသဆိုတာ...
သူ့အတောင်နဲ့ သူ့အရောင်နဲ့...!
ဗကသဆိုတာ...
သူ့တရားနဲ့ သူ့စကားနဲ့...!
ဗကသဆိုတာ...
သူ့အနှစ်နဲ့ သူ့အချစ်နဲ့....!
ဗကသဆိုတာ...
သူ့ဘဝနဲ့ သူ့အလှနဲ့...!
ဗကသဆိုတာ....
သူ့အဆင်းနဲ့ သူ့အချင်းနဲ့...!
ဗကသဆိုတာ...
သူ့အထာနဲ့ သူ့မဟာနဲ့...!
ဗကသဆိုတာ...
သူ့အသွင်နဲ့ သူ့အမြင်နဲ့...!
ဗကသဆိုတာ...
သူ့အမှန်နဲ့ သူ့ဟန်နဲ့...!
ဗကသဆိုတာ...
သူ့အနာနဲ့ သူ့အမှာနဲ့...!
ဗကသဆိုတာ...
သူ့အသွားနဲ့ သူ့ဓားနဲ့...!
ဗကသဆိုတာ...
သူ့အသိနဲ့ သူ့အရှိနဲ့...!
ဗကသဆိုတာ...
သူ့ဝါအစဉ်နဲ့ သူ့ရာဇဝင်နဲ့...!
ဗကသဆိုတာ...
သူ့အတိတ်နဲ့ သူ့အရိပ်နဲ့...!
ဗကသဆိုတာ...!
ဗကသဆိုတာ...!
ဗကသဆိုတာ...!

ဇာနည် (၈၈,ဗကသရဲဘော်ဟောင်း)
(၇-၇-၂၀၁၇)
********************************
'' ဗ  က သ   ဆိုတာ"
ဗကသ   ဆိုတာ. . . 
ကောင်းကျိုးအထွေထွေ နဲ့
ချွန်စေ မြစေ စော . . 
ဒေါင်းအိုးဝေတို့ တွန်စေ
ကစေသောဝ် . . . 
နဲ့ စခဲ့တယ်. . .။
ဗကသ ဆိုတာ . . .
ထနောင်းပင်တနန်းရယ်နဲ့
ဝဋာ ကမ္ဘာရံအငူ
အကောင်းတမင်မှန်းပြီး
အပေါင်းဘဝင်ချမ်းစေဖို့
ဒေါင်းအဆင်ဆန်းတွေနဲ့
ပုဝါအလံထူခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ် . . . ။
ဗကသ ဆိုတာ. . .
ဖက်ဆစ်တော်လှန်ရေး. .
အလံကိုင်ဖြစ်တယ်. . .။
ဗကသ ဆိုတာ
ငြိမ်းချမ်းရေး . .
ဒီမိုကရေ စီ ရေးတိုက်ပွဲရဲ့
မီးရှုးတန်ဆောင် ဖြစ်တယ်. . . ။
ဗကသ ဆိုတာ. . .
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရဲ့
ကြေးမုံပြင်လည်း ဖြစ်တယ် . . . ။
ဗကသ ဆိုတာ . . .
အောင်ဆန်း
ဗဟိန်း
ဗဆွေလေးတို့
ဦးဆောင်ခဲ့တယ်. . . ။
ဗကသ ဆိုတာ. . .
အဖိနှိပ်ခံပြည်သူ့ဘက်တော်သား
ဖြစ်တယ်. . .။
ဗကသ ဆိုတာ. . .
ဗကပ မဟုတ်
ဒါပေမဲ့ တရားမျှတမှုအတွက်
တော်လှန်တဲ့ စစ်ကို ထောက်ခံခဲ့တယ်. . .။
ဗကသ ဆိုတာ. . .
အမှန်အသိနဲ့ စံရှိတယ် . . .။
ဗကသ ဆိုတာ. . .
အမျိုးသားလွတ်မြောက်ရေး 
တိုက်ပွဲ အားလုံးကို 
ကိုယ်စားပြုတယ်. . .။
ဗကသ ဆိုတာ. . .
အဖိနှိပ်ခံလယ်သမား
အဖိနှိပ်ခံအလုပ်သမား
အဖိနှိပ်ခံပြည်သူ အားလုံးနဲ့
တသားထဲ ရှိတယ်. . . ။
ဗကသ ဆိုတာ
ဧရာဝတီ  သံလွင် စစ်တောင်း . . .
ဇော်ဂျီ. . ဒုဌဝတီ မြစ်ရေတွေ 
ပေါင်းစုံရာလည်းဖြစ်တယ်. . .။
ဗကသ ဆိုတာ . . .
ပဲခိုးရိုးမ  ရခိုင်ရိုးမ  ရှမ်းရိုးမ. . . 
ရိုးမအားလုံး
ပေါင်းစည်းရာလည်းဖြစ်တယ်. . .။
ဗကသ ဆိုတာ . . .
ငါတို့အားလုံးရဲ့
အသွေးအသားတွေနဲ့
သွန်းထုထားတဲ့
သက်ရှိသမိုင်းလည်း ဖြစ်တယ် . . . ။

ဇာနည် (၈၈ - ဗကသ)
(၇-၇-၂၀၁၅)
-
ဇာနည် (၈၈ - ဗကသ)

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar