အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၃)
(မိုးမခ) ၂၂၊ ၀၇၊ ၂၀၂၂
ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်လို့ မြန်မာစာပေမှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် မကြာသေးမီကမှ ကွယ်လွန်ခဲ့တဲ့ ဆရာမောင်သာနိုးရဲ့ “မလင်းပြာသို့” ကဗျာက နာမည်ကြီးတယ်။ ဆရာကြီးက မောင်သိင်္ဂါနာမည်နဲ့ ၁၉၆၃ ခုနှစ်မှာ ရေးခဲ့တာ။ ဗီယက်နမ်စစ်ပွဲစပြီး ပြင်းထန်လာတဲ့ကာလတွေပဲ။ ဒါပေမယ့် ကဗျာကို ကျနော်တက္ကသိုလ်ရောက်မှ ဖတ်ရတယ်။
မလင်းပြာသို့ …မောင်သိင်္ဂါ--------
မလင်းပြာ …ငါ ဗီယက်နမ်ကိုသွားရမယ်။အဲဒီမှာ ...ရွှံ့ရည်ညစ်ညစ်သလုံးသားနစ်တဲ့ လယ်တရိုးမှာပျိုးနှုတ်နေသူလုံမရဲ့ကျောက ရိုင်ဖယ်ကိုယူကျူးလာသူ လေယာဉ်မှန်သမျှငါ စောင့်ပစ်ပေးရမယ်။မလင်းပြာ ...ငါ ရိုဒီးရှားကိုသွားရမယ်။အဲဒီမှာ ...လူဖြူ လက်ဆုပ်စာကငါတကော မင်းလုပ်ပြည်သူကို ချယ်လှယ်သွေးစုပ်ပြီးကျွန်လုပ်ညှဉ်းဆဲနေကြရာရရာလက်နက်ကိုင်စွဲ ပြည်သူတွေတော်လှန်စစ်ကို ဆင်နွှဲနေကြရာအသားမဲတွေဖက်ကငါ ဝင်ကူတိုက်ပေးမယ်။မလင်းပြာ ...မိုဇမ်ဗစ် အန်ဂိုးလာဇန်ဘာဗွေ ကွန်ဂိုးအာဖရိက တရိုးမယ်နိုးကြား လက်နက်စွဲတိုက်ပွဲဝင်နေသူ လူမဲတွေရဲ့ခြိမ့်ခြိမ့်သဲ စစ်ဗုံးသံဘဝဂ်သို့ ညံနေရာငါ စစ်ချီတေးတွေ သွားဆိုမယ်။မလင်းပြာ ...ငါ လက်တင်အမေရိကကို သွားရမယ်။အဲဒီမှာဗင်နီဇွေးလား ကင်ယွန်ရေတံခွန် ရှိုအကြားပြောက်ကျားစခန်းတခုကနေလှုပ်ရှားမှုရေးရာများနဲ့ပတ်သက်လို့ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့ညွှန်ကြားချက်တစောင်ကိုတောင်တွေဖြတ်သန်းမြိုင်တန်းတွေ ရှိုးဝင်လွင်ပြင်မှာ ဝပ်တွားပြေးလွှားပို့ပေးမယ့်တော်လှန်ရေးဆက်သားတွေလိုနေသတဲ့ကွယ်။မလင်းပြာ ...ငါနယူးယောက်ကိုသွားရမယ်။အဲဒီမှာ‘ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်’တို့လူငယ်တွေမသေချင်ဘူးရင့်ကျူး ဟစ်ဆို‘အင်ပါယာ’အဆောက်အဦးကြီးပြိုမတတ်ဖြိုမရ ခွဲမရဆန္ဒပြတပ်ကြီးတွေဒီရေလှိုင်းအိတတိတိ ချီတက်နေရာငါ ပိုစတာတခုဆွဲပြီး လိုက်အုံးမယ်။(မောင်သိင်္ဂါ)‘လူထုသတင်းစာ’၊ ၁၉၆၃ ခုနှစ်
အခြား စာရေးဆရာတွေလည်း ဗီယက်နမ်အကြောင်းကို တို့ထိခဲ့ကြတယ်။ ကျနော်တို့ ဖတ်ရသလောက် ထက်မြက် ဘာသာပြန်တဲ့ “ငုယင်ဗန်ထရွိုင်း” ကို သဘောကျကြတယ်။ ဗီယက်နမ်ကိုလာလည်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ် မက္ကနာရာမားကို လုပ်ကြံဖို့ ကြိုးစားရင်းဖမ်းမိပြီး၊ သေဒဏ်ပေးခံလိုက်ရတဲ့ ဗီယက်နမ်သူရဲကောင်းအကြောင်း။ [ထက်မြက်၊ ဒီဇင်ဘာ ၂၀၁၈၊ ငုယင်ဗန်ထရွိုင်း၊ (ကြိမ်ရေမသိ)]
အဲဒါအပြင် ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းအကြောင်း စာအုပ်တွေလည်း တွေ့ရတယ်။ [လင်းယုန် မောင်မောင်၊ (ဩဂုတ် ၂၀၀၀)၊ ဟိုချီမင်း၊ စတုတ္ထအကြမ်၊ သောကြာစာအုပ်တိုက်] [နေစိုးထက်၊ (နိုဝင်ဘာ ၂၀၀၅)၊ ဟိုချီမင်း သို့မဟုတ် အနှိုင်းမဲ့ သူရဲကောင်း၊ အားမန်သစ်စာပေ]
အဲဒါအပြင် နောက်ပိုင်းမှ မြင့်သန်း “သူဖတ်သောစာ၊ သူရေးသောစာ” ၂၀၀၀ နိုဝင်ဘာလ (နှာ ၁၄-၂၇) ရွှေစာပေတိုက် မှာ ဆရာမောင်စွမ်းရည်ရဲ့ ဗီယက်နမ်ကဗျာတွေလည်း ဖတ်ရသေးတယ်။ သူက ဆရာမောင်စွမ်းရည်ရဲ့ “မန္တလေးမြို့ရဲ့ နံနက်ခင်း” ပုဂံစာအုပ်တိုက် (၁၉၇၁ ဒီဇင်ဘာလ) ကဗျာစာအုပ်ကို ဝေဖန်ရေးသဘောမျိုး ပြန်ရေးထားတာ။ ပြောရရင်တော့ ဒီကဗျာ စာအုပ်က ၅၁ နှစ် ကြာခဲ့ပြီ။ မြင့်သန်းရေးထားတာ ဆရာမောင်စွမ်းရည်က “ကဗျာဆရာသည် နယ်ချဲ့ (နှင့်စနစ်) ကို ရွံမုန်းသူ၊ ကဗျာဆရာသည် ဆရာ (သခင်ကိုယ်တော်) မှိုင်းကို ကြိုက်သူ၊ ကဗျာဆရာသည် (လီနင်ဘက် အားသန်သော) မာ့က်စ်ဝါဒကိုကြိုက်သူ၊ ကဗျာဆရာသည် ‘ပြည်သူ’ ဟူသော အသုံးကို ခုံမင်သူ”၊ သူဖြတ်သန်းတဲ့ ခေတ်ကို ထင်ဟပ်ပြီး၊ သူယုံကြည်တဲ့ အယူကို ထင်ဟပ်ပြီး ရေးခဲ့တယ်။
အဲဒီထဲက ကဗျာတပုဒ်မှာ
“ဗီယက်ကောင်းသည် သစ်ကြွားဝင့်မော်
ရဲရုပ်ပေါ်သည် အတော်လှန်ဆုံး ကမ္ဘာသား” ဆိုပြီး ဗီယက်ကောင်းတွေကို ချီးကျူးရေးခဲ့တယ်။
“နယ်ချဲ့သမားကို ကြောက်သလား” ကဗျာမှာတော့ …
“ကြည့်ကြ ကြည့်ကြ
တို့အာရှမှာ ငွေစကြေးစ
လက်နက်စလို့ ခြူးမျှပြားမျှ
အပ်တိုမျှပင် ပိုင်ကြလေသူ
မဟုတ်မူလည်း ပြည်သူ့ဗီယက်နမ်
‘ဗီယက်နမ်’တဲ့
‘ဗီယက်နမ်’တဲ့။
ကမ္ဘာ့ကျားက သားရဲ အမေရိကန်
ဗီယက်နမ်မှာ မြေလှန် ရေလှန်
တော်တောင်လှန်ပြီး၊ ရန်သူဆိုကာ
လယ်ယာလုပ်သား၊ ပြည်သူများကို
သနားမညှာ သတ်နေပါကြောင်း” ဆိုပြီး ဗီယက်နမ်စစ်ပွဲတွေကို ထင်ဟပ်ရေးခဲ့သေးတယ်။
စစ်သွေးကြွတဲ့ ဆရာမောင်စွမ်းရည် ကဗျာတွေလည်း မြင်မိတယ်။
“သေနတ်တစ်သန်း၊ ကျည်တစ်သန်းပေါ့
တစ်သန်း အမေရိကန်
ဗီယက်နမ်မှာ တစ်ဆန်တစ်ယောက်
ဦးနှောက်ဖောက်ပြီး
တစ်ယောက်မကျန် သတ်လိုလှ
ဒါဟာ ဒီနေ့ ငါ့ဆန္ဒ။”
ဆရာမောင်စွမ်းရည်ရဲ့ ဒေါသများက ပြင်းထန်ရုံမက အားကောင်းလှ၏လို့တောင် မြင့်သန်းက သုံးသပ်ထားတယ်။ ဆရာမောင်စွမ်းရည် အင်္ဂ လိပ်ကနေ ဘာသာပြန်ခဲ့တဲ့ ဗီယက်နမ်သမ္မတ ဟိုချီမင်းရဲ့ “အကျဉ်းထောင်က ပုလွေသံ” ကဗျာစာအုပ်ကိုလည်း ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိတာ တွေ့ရပါတယ်။
ဗီယက်နမ်စစ်ပွဲ အရှိန်မြင့်လာခြင်း
အစောပိုင်းက ဖော်ပြသလိုပဲ အသက် ၄၄ နှစ်အရွယ်၊ ၁၉၆၁ ခုနှစ်မှာ ဂျွန် အက်ဖ် ကနေဒီက သမ္မတအဖြစ် ရွေးချယ်ခံရတယ်။ အငယ်ဆုံး သမ္မတပဲ။ သူက ကွန်မြူနစ်ဆန့်ကျင်ရေး အယူအဆ ခိုင်ခိုင်မာမာ ရှိနေသလို၊ သူ့မတိုင်ခင်က သမ္မတတွေရဲ့ အယူ ဝါဒတွေကလည်း သူ့ကို လွှမ်းမိုးထားတာ ခံရတယ်။ ပြင်သစ်ကိုလိုနီ ပြန်ပြုလာတဲ့ စစ်ပွဲကာလတုန်းက အမေရိကန်က စစ်ရေး အကူအညီပေးခဲ့တယ်။ အမေရိကန် စစ်ရေးအကြံပေး ၃၅ ဦးလောက် တောင်ဗီယက်နမ် ရောက်နေကြပြီ။ ဒါပေမယ့် သမ္မတ အိုင်ဆင်ဟောင်းဝါး သက်တန်းနောက်ဆုံးနှစ်တွေမှာတော့ တောင်ဗီယက်နမ်ဖက်ကို စစ်ရေး/စီးပွားရေး အကူအညီ ဒေါ်လာ ၂ ဘီလီယံလောက်နဲ့ စစ်ရေးအကြံပေး ၁,၀၀၀ လောက် ရောက်နေခဲ့ပြီ။
ကနေဒီလက်ထက်မှာတော့ အိမ်ဖြူတော်က တောင်ဗီယက်နမ်ဖက်ကို ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လူသယ် သံချပ်ကာကားတွေ၊ ကင်းလှည့် သင်္ဘောတွေ ရောက်လာခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ စစ်ရေးအကြံပေး ၁၆,၀၀၀ ဦးလောက် ရောက်ရှိနေပြီ။ လျှိုဝှက်စစ်ဆင် ရေးကိစ္စတွေလည်း ပါဝင်ပတ်သက်နေခဲ့ပြီ။
ဘယ်အချက်တွေက ဗီယက်နမ်မှာထဲထဲဝင်ဝင် ပတ်သက်အောင် ဖြစ်စေခဲ့သလဲ။
ကနေဒီ သမ္မတ ဖြစ်လာတဲ့အချိန်က “စစ်အေးတိုက်ပွဲ” အမြင့်မားဆုံး ကာလဖြစ်လာနေတယ်။ သူက ရုရှားနဲ့ ကျူးဘားကို စိုးရိမ် နေတယ်။ ဒီလိုနဲ့ ၁၉၆၁ ခုနှစ် ဧပြီလမှာပဲ Bay of pig (ဝက်ပင်လယ်အော်) စစ်ဆင်ရေးနဲ့ ကျူးဘား ကက်စထရိုအစိုးရကို ဖြုတ်ချဖို့ ကမ်းတက်တိုက်ခိုင်းတယ်။ ပြည်ပရောက် ကျူးဘားလူမျိုး အကူအညီအချို့နဲ့ ဆောင်ရွက်တာ၊ မအောင်မြင်ဘူး။ ၁၉၆၂ ခုနှစ်အထိ ကျူးဘားကွန်မြူနစ် အစိုးရကို ကျူးကျော်ဖြုတ်ချဖို့ ဆက်လက်ကြံစည်နေခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာတော့ နာမည်ကျော် “ကျူးဘား ဒုံးပျံ အကျပ်တည်း” ဖြစ်လာတယ်။ ဆိုဗီယက်ယူနီယံက အမေရိကန်နဲ့ အနီးစပ်ဆုံး ကမ်းရိုးတန်း နိုင်ငံမှာ ဒုံးပျံတွေလာချထားတာ။ ဒီလိုသာဆိုရင် အနုမြူစစ်ပွဲက နီးနေပြီ။ ဒီကိစ္စကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် ဦးသန့် (မြန်မာ) က အောင်မြင်စွာ ဝင်ရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာတော့ ပထမဦးဆုံး အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို ချုပ်နိုင်ခဲ့တယ်။
အဲဒီမတိုင်ခင်က ဖြစ်ရပ်တခု ရှိသေးတယ်။ ဆိုဗီယက်ယူနီယံ ခေါင်းဆောင် နီကီတာ ခရူးရှက်ဖ် (Nikita Khrushchev) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတာ။ ၁၉၅၉ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှာ။ သူက အမေရိကန်ကို “ဆိုရှယ်လစ်ဝါဒ” ဆေးနည်းနည်း ကျွေးမယ်။ နောက်တနေ့ နိုးထလာတဲ့ အခါ ကွန်မြူနစ်ဝါဒရောက်နေတာ တွေ့ရလိမ့်မယ်” လို့ ဆိုတယ်။ သူက ကုလစင်မြင့် စကားပြောစင်ကို ဖိနပ်ကို ခေါက်ခေါက်ပြီး ပြောခဲ့တာ။ ဒါကြောင့်လည်း စစ်အေးတိုက်ပွဲ ကို အမေရိကန်ဖက်က ပိုမိုစိုးရိမ်ဖို့ ဖြစ်လာစေတယ်။
သမ္မတ ကနေဒီလက်ထက်မှာပဲ တောင်ဗီယက်နမ်သမ္မတ ငိုဒင်ဇင်းကို ကျောထောက်နောက်ခံပေးဖို့ အကူအညီတွေ တိုးပေး ခဲ့တယ်။ သူ့လက်ထက်မှာပဲ တောင်ဗီယက်နမ်က သူပုန်ထနေတဲ့ ရွာတွေကို စုစည်းစေဖို့ မဟာဗျူဟာမြောက် ပြောင်းရွှေ့ စုစည်းကျေးရွာ (Strategic hamlet program) ကို စတင်ခဲ့တယ်။ တောင်ဗီယက်နမ်က ဗီယက်ကောင်းတွေဆီကို မြောက် ဖက်ကနေ လက်နက်၊ ကျည် အကူအညီတွေ စီးဆင်းလာနေတယ်၊ ယူဆတယ်၊ ဒီတော့ “ဟိုချီမင်းလမ်းကြောင်း” (Ho Chi Minh trail) ကို ဖျက်ဆီးရအောင် လေကြောင်းက အကြီးအကျယ် ဗုံးကျဲစေခဲ့တယ်။
အမေရိကန် ထောက်လှမ်းရေးဌာန သတင်းတွေအရ ဟိုချီမင်းလမ်းကြောင်းက ၁၉၅၉ ခုနှစ်လောက်ကတည်းက အလုပ် စလုပ်နေတာ။ ၁၉၆၁ ခုနှစ်မှာ မြောက်ဖက်ကနေ တောင်ဖက်ကို လူပေါင်း ၅,၈၄၃ ဦး ထိုးဖောက် ဝင်ရောက်လာခဲ့တယ် ဆိုတယ်။ ၁၉၆၂ ခုနှစ်မှာတော့ လူပေါင်း ၁၂,၆၇၅ ဦး၊ ၁၉၆၃ ခုနှစ်ကျတော့ လူပေါင်း ၇,၆၉၃ ဦး၊ ၁၉၆၄ ခုနှစ်မှာ လူပေါင်း ၁၂,၄၂၄ ဦး ထိုးဖောက် ဝင်လာခဲ့တယ် ဆိုတယ်။ ထောက်ပံ့ရေးလမ်းကြောင်းက ပို့နိုင်တာက တရက်ကို တန်ချိန် တန် ၂၀ ကနေ ၃၀ လောက်အထိ (၁၉၆၄ ခုနှစ်မှာ) ရှိမယ်လို့ ခန့်မှန်းတယ်။ မြောက်ဗီယက်နမ်က စေတနာ့ဝန်ထမ်းတွေ၊ စက်ဘီး တပ်ဖွဲ့တွေက ခက်ခဲတဲ့ တောတောင်လမ်းတွေကတဆင့် တောင်ဗီယက်နမ်ကို လက်နက်၊ ခဲယမ်း၊ အခြား ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ခဲ့ကြတယ်။ အမေရိကန်ဖက်ကလည်း Agent Orange လို့ခေါ်တဲ့ သစ်တောကြီး တခုလုံး ရွက်တွေ ကြွေစေမယ့် အဝါရောင်ဓာတုမှုန့်တွေ၊ မီးလောင်ဗုံး နပန်းဗုံးတွေကို ကျဲချခဲ့ကြတယ်။ ဗီယက်နမ်စစ်ပွဲကာလမှာ အဝါ ရောင် ဓာတုဆေးမှုန့် ဂါလံ သန်း ၁၀ လောက်အထိ ကျဲချခဲ့ကြတယ်လို့ ဆိုတယ်။ ဗီယက်နမ်အစိုးရဖက်က အဆိုအရ ပြည်သူ ၄ သန်း လောက်အထိ Agent Orange ဓာတုဆေးတွေ ထိတွေ့မှု ခံခဲ့ကြရပြီး၊ လူ ၃ သန်းလောက် နားဖျားမကျန်းမာ ဖြစ်ခဲ့တယ် လို့ ဆိုတယ်။
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှာ ကနေဒီ လုပ်ကြံခံရလို့ ကွယ်လွန်တယ်။ ဒု-သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်က သမ္မတ နေရာ ယူပြီး၊ ဗီယက်နမ်စစ် ဆက်တိုက်တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
