Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၆ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင်  ၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂ 


တနှစ်အတွင်း ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေ 

ခုဆို စစ်အာဏာသိမ်းပြီး တနှစ်ခွဲနီးပါး ရှိလာပြီး ကိုဗစ်ကူးစက်ကပ်ရောဂါရဲ့ ကန့်သတ်မှုတွေ သက်ရောက်မှုတွေကနေ တဖြည်းဖြည်း လွတ်မြောက်ဖို့ အရိပ်အယောင်တွေ တွေ့မြင်လာနေတာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု အကျိုးဆက်နဲ့ ကိုဗစ်ကူးစက်မှု ကပ်ဘေးရဲ့ အကျိုးဆက် နှစ်ခု ပေါင်းဆုံတဲ့ကာလတွေကတော့ ၂၀၂၁ ခုနှစ် မေလကုန်ကနေ စက်တင်ဘာလကုန်လောက်ထိ ကာလတွေဖြစ်ပါလိမ့်မယ်။ စစ်အာဏာသိမ်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ယန္တယားတွေ မလည်ပတ်နိုင်တော့တဲ့အချိန်မှာ မြန်မာနိုင်ငံအဖို့ ကိုဗစ်ကူးစက်မှုကပ်ရောဂါရဲ့ အသေအပျောက်အများဆုံး ဒယ်လ်တာမျိုးကွဲ ရိုက်ခတ်မှုကြောင့် အသက်ပေါင်းများစွာ ထပ်မံဆုံးရှုံးခဲ့ရတဲ့ကာလ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ချစ်ခင်တန်ဖိုးထားရတဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ လူအများတန်ဖိုးထားကြတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်၊ နိုင်ငံရေးသမားဟောင်းတွေ စသဖြင့် ကျနော်တို့ လူမှုအသိုက်အဝိုင်းက ချစ်ခင်သူ တန်ဖိုးထားသူအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ကြရတဲ့ ကာလလည်းဖြစ်ပါတယ်။ 

အဲဒီကာလကို ကျော်လွန်ပြီးနောက် အခု တနှစ်ကျော်မှာ မိမိတို့ပတ်ဝန်းကျင်ကို ပြန်ကြည့်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေ များများစားစား မရှိကြတော့၊ တချို့သော အသက်ငယ်ရွယ်သူ အသိမိတ်ဆွေတွေက စစ်ကောင်စီကို တိုက်ခိုက်ဖို့ ပိုင်းဖြတ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ထဲဝင်ရောက်သွားသူတွေ ရှိသလို အချို့ အသိမိတ်ဆွေတွေက တိုင်းပြည်ကို အပြီးတိုင် စွန့်ခွာကာ တတိယနိုင်ငံမှာ အခြေချဖို့ နယ်စပ်ကတနည်း လေဆိပ်က တဖုံ ထွက်ခွာသွားခဲ့ကြပါပြီ။ တချို့ကတော့ ကာလတခု ပြည်ပမှာနေထိုင်ပြီး မြန်မာနိုင်ငံအခြေအနေ ပြန်ကောင်းလာဖို့ သို့မဟုတ် ပြန်တိုးတက်လာမယ့်အချိန်ကို စောင့်ဆိုင်းရင်း သားသမီးတွေပါ ပြည်ပအိမ်နီးချင်းနိုင်ငံမှာ ပညာသင်ကြားစေမယ့်သူတွေလည်း ရှိတာတွေ့ရပါတယ်။ 

ပြည်တွင်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနယ်တွေမှာတော့ အရင်နှစ် အခုလိုကာလလို မြို့ပေါ်မှာ တက်ကြွလှုပ်ရှားမှုတွေ ၊ လျှပ်တပြက် ဆန္ဒပြမှုတွေအများအပြား ဖြစ်ပွားနေခဲ့ပြီး အခုအချိန်မှာတော့ အရေအတွက်အားဖြင့်သော်လည်းကောင်း နေရာအားဖြင့်သော်လည်းကောင်း နည်းပါးသွားတာ နှိုင်းယှဥ်ကြည့်ရင် သတိပြုမိပါတယ်။ 

အရင်နှစ် အခုလိုကာလတွေမှာ မြို့တွေမှာ တက်ကြွလှုပ်ရှားသူ လူငယ်တွေ အများအပြား အစုအဖွဲ့လေးတွေနဲ့ ရှိနေခဲ့ကြပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့နိုင်ပေမယ့် တနှစ်ကြာလာချိန်မှာ အများအပြား ဖမ်းဆီးထောင်ချခံရတာတွေ အချို့က စစ်ကြောရေးမှာ အသက်ဆုံးရှုံးသွားရတာတွေ ရှိပြီး ကျန်တဲ့သူထဲက အများအပြား နယ်စပ်ဒေသတွေ နယ်စပ်မျဥ်းကိုကျော်ပြီး တဖက်နိုင်ငံကို တိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအပြီး လတွေမှာ ရန်ကုန်မြို့မှာ မြင်တွေ့ကြားသိခဲ့ရတဲ့ ညဘက် ရပ်ကွက်တွေ ဝင်စီးတာ ဧည့်စာရင်းစစ်မယ် အကြောင်းပြပြီး ဝင်ဖမ်းတာမျိုး မြင်ကွင်းတွေ သတင်းတွေ ခုအခါမှာ မကြားရသလောက် နည်းပါးလာပြီး အရေအတွက် အနည်းငယ်မျှသော မြို့ပြပြောက်ကျားတွေလောက်သာ လှုပ်ရှားနိုင်တဲ့ အနေအထားဖြစ်လာတာ သတိပြုမိပါတယ်။ အဲဒီအစား နယ်စပ်ဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ စစ်ကောင်စီနဲ့  တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ၊ စစ်ကောင်စီနဲ့ ဒေသပီဒီအက်ဖ်တွေအကြား တိုက်ပွဲတွေက ပိုများပြားလာတာ ဖြစ်ပါတယ်။ 

တနှစ်ကျော်ကာလအတွင်း စစ်ကြောရေးမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ ၊ မြို့ပြပြောက်ကျားဆိုပြီး ဖမ်းဆီးခံရစဥ် အသက်ဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့သလို အကျဥ်းထောင်တွေထဲမှာလည်း ထောင်သောင်းချီတဲ့ စစ်ကောင်စီဆန့်ကျင်သူတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ အကျဥ်းထောင်အတွင်း ဆန္ဒပြမှုကြောင့် စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို အာခံလို့ အသက်ဆုံးရှုံးရသူ အချို့လည်းရှိသလို ကိုဗစ်ကူးစက်မှု ပြင်းထန်စဥ်ကာလအတွင်း ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရသူတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီရဲ့ ဗဟိုကော်မတီဝင် ဖြစ်သူ ဦးဉာဏ်ဝင်းပင်လျှင် ကိုဗစ်ကူးစက်ခံရပြီး အပြင်ဆေးရုံကို ပို့ဆောင်ပြီးနောက် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ 

ခုအခါ ရန်ကုန်၊ မန္တလေးမြို့လိုမျိုးမှာ ပုန်းအောင်းပြီး စစ်ကောင်စီဆန့်ကျင်ရေး လက်နက်မပါတဲ့ လှုပ်ရှားမှုသော်လည်းကောင်း လက်နက်နဲ့ ပြောက်ကျားလှုပ်ရှားမှုသော်လည်းကောင်း လုပ်ကိုင်နိုင်တဲ့ အခြေအနေက တဖြည်းဖြည်း ခက်ခဲလာနေတာလည်း ဖြစ်ပါတယ်။ 

ငွေကြေးအရသော်လည်းကောင်း လုံခြုံမှုအရသော်လည်းကောင်း လနဲ့ချီကြာလာချိန်မှာ ဆက်လက်ရပ်တည်ဖို့ မလွယ်ကူတာကြောင့် အချို့သော မြို့ပြပြောက်ကျားအဖွဲ့တွေ မြို့ကို စွန့်ခွာကြတဲ့အကြောင်း အသိပေးကြေညာချက်တွေ မကြာသေးခင်က ဆက်တိုက်ဆိုသလို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ 

ယခင်နှစ်ကလို အကြမ်းမဖက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ၊ လက်နက်နဲ့ စစ်ကောင်စီကင်းစခန်းတွေကို အလစ်အငိုက်တိုက်ခိုက်တာတွေ မြို့ပေါ်မှာ နည်းပါးလာပြီး ကျေးလက်တွေနဲ့ နယ်စပ်ဒေသတွေ စစ်ကိုင်း၊ မကွေးအထက်ပိုင်းနဲ့ ကယား၊ ကရင်ပြည်နယ်တို့မှာ စစ်ကောင်စီနဲ့ လက်နက်ချင်းတိုက်ပွဲတွေ ပိုများလာနေတာ ဖြစ်ပါတယ်။ 

မြို့ပေါ်မှာ စစ်ကောင်စီအနေနဲ့ လုံခြုံရေးကင်းတွေ လမ်းဆုံလမ်းခွတွေ မြို့ထဲလှည့်လှည်တာတွေ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် ယခင်နှစ်နဲ့စာလိုက်ရင် သိသိသာသာ နည်းပါးသွားပြီး ဆေးရုံဝင်းတွေ၊ စာသင်ကျောင်းတွေ မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်တွေလည်း အရေအတွက် လျှော့ချလိုက်တာ၊ ရုပ်သိမ်းသွားတာတွေ တွေ့နေရတာဖြစ်ပါတယ်။ 

တနှစ်ကျော်အကြာမှာ စစ်မြေပြင်က ကျေးရွာတွေနဲ့ တိုင်းရင်းသားဒေသတွေဆီ ပြောင်းရွှေ့သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

တဖက်မှာတော့ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဒီအခင်းအကျင်းနဲ့ အညီ စစ်ကောင်စီတပ်တွေကို အနိုင်တိုက်ခိုက်နိုင်ရေး မဟာဗျူဟာ နည်းဗျူဟာတွေ ပြန်လည် သုံးသပ်ဖို့ လိုအပ်မှာ အမှန်ပဲဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar