ထွန်းဝင်းငြိမ်း - သမိုင်းတလျှောက်မှာ အခါခါ ''ဘွိုင်းကောက်'' ခဲ့တဲ့ ဆရာအရှင်မဟာမှိုင်းရဲ့ အနောက်မြောက် အညာစစ်ကိုင်း - အပိုင်း(တစ်+နှစ်)
ဆရာအရှင်မဟာမှိုင်းရဲ့ အနောက်မြောက် အညာစစ်ကိုင်း
အပိုင်း(တစ်+နှစ်)
ထွန်းဝင်းငြိမ်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ဆိုရင် ဆရာကြီး ကွယ်လွန်ခဲ့တာ ၅၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆရာကြီး ကွယ် လွန်ခဲ့တာ ရာစုနှစ်ဝက်ကျော်ခဲ့ပေမယ် ဆရာကြီးရဲ့ စာ တွေကပေးတဲ့အတွေးအမြင်တွေဟာ တရားမျှတမှုကို ချစ်မြတ်နိုး ပြီး မတရားမှုကို ဆန့်ကျင်တတ်တဲ့စိတ်၊ လူသားချင်းကိုယ်ချင်း စာတရားနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့် ဒေသ၊ ကိုယ့်ယဉ်ကျေးမှုကို မှန်မှန်ကန်ကန် ချစ်မြတ်နိုးတတ်တဲ့စိတ် အစရှိတဲ့ ခံစားမှုတွေ ရရှိစေတယ်လို့ တွေးမိပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝ နှစ်အရွယ် မောင်လွန်းဘဝက မန္တလေးမြို့ မြတတောင်ကျောင်း တိုက်ကြီးမှာ ပညာသင်ကြားစဉ် သီပေါမင်းကို အင်္ဂလိပ်စစ်တပ်တွေ ဖမ်းဆီး ခေါ်ဆောင်သွားတာကို မြင်တွေ့ခဲ့ရတော့ ဗြိတိသျှကိုလိုနီတွေနဲ့ နယ်ချဲ့စနစ်အပေါ် မကျေမချမ်းဖြစ်ပြီး ''အမျိုးသားအခဲမကျေမှု'' အတွေ့အထိကို ပထမဆုံး ဖြစ်ပေါ်ခံစားရတယ်လို့ မှတ် သားခဲ့ရဖူးပါတယ်။
အဲဒီစိတ်ဓါတ်ရဲ့ စေ့ဆော်ချက်အရ မောင်လွန်းဟာ ကျီးသဲ လေးထပ်ဆရာတော်ဘုရားကြီးရဲ့တပည့် အမေ့မောင် ရဟန်း တပါးနဲ့ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ရွှေဘို၊ မုံရွေး၊ ကြေးမုံ၊ အလုံ၊ မုံရွာ၊ ချောင်းဦးဆယ်ရွာ စတဲ့ အထက်အညာ ဒေသတွေမှာ လှည့်လည်ပြီး လောကီ၊ လောကု တ္တရာစာပေတွေကို အသက် နှစ်ဆယ်ကျော် အရွယ်အထိ အပတ်တကုတ် လေ့လာသင်ကြား ခဲ့ဖူးပါတယ်။
ဒါကြောင့်လည်းဆရာကြီးရေးတဲ့ စာတွေမှာ အထက်အညာ ဒေသတွေကို စွဲစွဲလန်းလန်းနဲ့ တခုတ်တရ ထည့် သွင်းဖော်ပြ တာကိုတွေ့ရပါတယ်။
အညာတခွင် သောင်းထီးဝနာ ကျေးဆီက
ဆရာအရှင် ကောင်းကြီးသြဘာ ကျွေးရမှာဖြင့်
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
ဋီကာအရှင်မှိုင်း ဆိုတဲ့ ရသေ့မှာဖြင့်
ပြည်အညာတစ်ခွင် စစ်ကိုင်းကိုပဲ၊ မမေ့နိုင်သမို့။
(စစ်ကိုင်းပြန်မှာတော်ပုံ လေးချိုးကြီး မှ)
မယုံရင် ကြုံလျှင် မေးပါတော့
အလုံတခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘူး
မုံရွေး ကြေးမုံ ချောင်းဦးနယ် တလွှားဆီက
အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေက
များလိုက်ပါဘိသနှင့်။
(အညာမင်္ဂလာဆောင် လေးချိုးကြီး မှ)
ကျောင်းတည်ရာ မန်းညာစကုဆီက၊
၄င်းသည်တဝါမှာ ကမ္မဋ္ဌာန်းဘာဝနာ ရှုတဲ့ပြင်၊
'ဒေါင်းဋီကာ'ကျမ်းစာပြုရတာကြောင့်။
(ဆုတောင်းကဗျာ မဟာလေးချိုးကြီး မှ)
အထက်နယ်အညာက ကြွခဲ့သကွဲ့
မျက်နှာငယ် ဈာပနပေမို့
မသာအချတွင်ဖြင့် ဧည့်လဲမလာ
ဆရာမျှရယ်နှင့် တပည့်အနည်းသာ။
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
အားနည်းကာ ငွေဝင်မလွယ်ကြတဲ့
နေရှင်နယ်ကျောင်းတွေ ခက်ပြန်တော့
တရက်တနာရီမှ
မသာမကြည် အနိဋ္ဌာရုံ သဘောတွေနှင့်
အညာဆီစိတ်မှာ အကုန်စောမိပါတော့။
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
သိပ္ပံကျောင်းကြီးအသေမှာ
သပိတ်သွတ်တဲ့ဆွမ်းတွေနဲ့
အဓိဋ္ဌာန်ကောင်းချီး ဒေသနာ
ပရိတ်ရွတ်သနဲ့ မန်းခဲ့ပါရဲ့
ကျမ်းဟောတဲ့ တိတ်အမြွက်မှာတော့
ဆန်းသောနိမိတ်အတွက်ပေထင့်
တခက် ''ရန်ကုန်မသာ''
ဗဟန်းကောလိပ်ပျက်ပေမဲ့
ကမ္မဋ္ဌာန်းဇောစိတ်ကလဲ တဖက်ပေမို့
အထက်ပြန်ရုံသာ။
ကျွန်ဝယ်ရာအဆစ်ပါတဲ့ ''မှိုင်း''မှာဖြင့်
မွန်နယ်မှာခေတ်ကြာသနဲ့ မဆိုင်းသာဘု
မြစ်အညာစစ်ကိုင်းကိုတဲ့
ပြန်ရော့မကွာ။
(ဗဟန်းကောလိပ် အနိစ္စဘွဲ့ကဗျာ
ဘာဝနာ လေးချိုးကြီး မှ)
ဘုံမြန်မာ့ပလ္လင် သခင်စိုးစေဖို့
ဂုဏ်ပရဝရှင်ပင် တွင်တွင်ကိုးရပါတော့
သမိုင်းမညို့နိုင်တဲ့ စစ်ကိုင်းမြို့ဆီက
မှိုင်းတို့ရဲ့ ပုညရှင်ပုထိုး။
(တိန္ဒုကဇာတ်ပွဲ လေးချိုးကြီး မှ)
ဆရာကြီးဟာ သူရောက်ခဲ့ နေခဲ့ ကျင်လည်ခဲ့ဖူးတဲ့ မြို့ရွာဒေသတွေက ဆည်းပူးခဲ့တဲ့ ပညာဗဟု သုတတွေကို သူ့ရဲ့စာပေတွေမှာ စနစ်တကျ ထည့်သွင်း ရေးသားနိုင်တဲ့အရည်အချင်းကြောင့်လည်း မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ သထုံ၊ ဇင်းကျိုက်၊ ရန်ကုန်၊ ပုသိမ်၊ ပုပ္ပါး၊ ဖိုလ်ဝင်တောင်၊ အလောင်းတော်ကဿပ မန်းစက်တော်ရာ စတဲ့ ဒေသတွေကို တောမှီတဲ့ ယောဂီတပည့်မတွေ နေထိုင်ရာ မြို့ရွာတွေအဖြစ်ဖော်ပြခဲ့သလို စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ရွှေစကားဝါချောင်၊ ဇေယျာရွှေမြေချောင်၊ နဒီကဿပချောင် စတာတွေကိုလည်း တပည့်မတွေ တရားအားထုတ်ရာ ချောင်တွေအဖြစ် ယုတ္တိရှိရှိ ရေးနိုင်ခဲ့ပါတယ်။
ဆရာအရှင် မင်းရို့ကိုရင်မှိုင်းမှာဖြင့်
လယ်ကိုင်းသူ အရွယ်သင့်တွေနဲ့
မယ်မြင့်ခေါ် ကေသာဝတီရဲ့ပြင်
ခေမာထေရီ မေရီကြော့ကြော့ရွှန်းတို့နှင့်
မဟာအလုံ အညာမုံရွာ တဝန်းငဲ့ပြင်
ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက
လွမ်းရက်မမေ့သူတွေမှာနော်ကွယ်
ဆွမ်းသက်စေ့လှူ။
(သပြေနုချိန်ကဗျာ၊ ဒေါင်းဋီကာသစ် မှ)
မညီပလေ ပရမ်းပတာပွဲလိုပ
ဂျီစီဘီအေနှစ်ခြမ်းနှစ်ဖြာအကွဲတွင်ဖြင့်
ဗဟန်းမှာ အမြဲမူ၍ ကဝေဆရာမတည်
ဒေသစာရီ ချီဖို့ ဖန်လာအကြောင်း
ရွှေအညာဆီက
ဇေယျာပြည်ကိုတဲ့ ပြန်ကာပြောင်း။
(ဝန်ကြီးမောင်ဘချိုဘွဲ့တမ်းချင်း မှ)
ကောလိပ်အပျက်တွင်
ဇောစိတ်လက် ဆရာ မရွှင်သနဲ့
အညာတခွင် လှည့်ခဲ့ပြီး
ဇာတိမြေ အလုံကျေးပေပေါ့
မုံရွေးမှာ တနွေကြာတော့
ဇေယျာသူ ကေသာတို့ ပင့်ပေသမို့
အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့
ပုံညာစွယ် တောင်ခပန်းတွင်မှ
အောင်ပန်း ကဗျာဂီတာတို့နဲ့
. . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
(အမယ်မင်း)
သမိုင်းတလျှောက် တဂိုဏ်း တဂိုဏ်းမထောက်တဲ့
ကြောက်ဖွယ့် ပြည်ရွာအရေးပေမို့
အော် - မှိုင်းတယောက် အနှီ တဝါ မအေးရပေဘု
(စန္ဒာရယ်) စစ်ကိုင်းချောက်ဆီက
ဘွိုင်းကောက်ဋီကာရေး ။
(ဘွိုင်းကောက်ဋီကာ မှ)
ဆရာကြီးဟာ ရွှေတောင်မြို့ ဝါးလည်ရွာ ဇာတိဖြစ်ပေမယ့် အညာဒေသကို သူ့ရဲ့မွေးရပ်မြေသဖွယ် ချစ်စိတ်နဲ့ရေးသားဖွဲ့ဆိုခဲ့တာကို တွေ့ရပါတယ်။ တကယ်တော့ ဆရာကြီးက ဒေသ တခုရဲ့အရေးကို ရေးသားတာထက် နိုင်ငံမှာ အရေးကြီးတဲ့အဖြစ်အပျက်တွေကြုံတဲ့ခါတိုင်း သက် ဆိုင်ရာ ရာဇဝင်နိပါတ် သမိုင်းအထုပ္ပတ်တွေနဲ့ ဒေသဆိုင်ရာ ထူးခြားမှုတွေပေါင်းစပ်ပြီး တိုင်း ပြည်အကျိုးအတွက် မှတ်သားလောက်ဖွယ် တင်ပြခဲ့တာပါ။
...
သမိုင်းတလျှောက်မှာ အခါခါ ''ဘွိုင်းကောက်'' ခဲ့တဲ့
ဆရာအရှင်မဟာမှိုင်းရဲ့ အနောက်မြောက် အညာစစ်ကိုင်း
အပိုင်း(နှစ်)
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးခေတ်ဦးတုန်းက ပြည်တွင်း စစ်ကြီးဖြစ်တော့ ဆရာကြီးချစ်တဲ့ အညာဒေသ အပါ အဝင် တနိုင်ငံလုံးက ပြည်သူလူထု အများစုကြီးဟာ ကိုယ့်အိမ်မှာ ကိုယ် စိတ်အေးချမ်းသာစွာ မနေကြရပါဘူး။ အစိုးရဆိုသူတွေက အဂတိ လိုက်စား၊ ကိုယ်ကျိုးစီးပွားရှာ၊ မတရားအမြတ်ထုတ်ကြလို့ ပြည်သူလူထုဟာ အမျိုးမျိုးခေါင်းပုံဖြတ်ခံကြရပါတယ်။
အစိုးရရဲ့ စစ်တပ်သာမက ခါးပိုက်ဆောင်တပ်တွေက ကျေးလက်ကို လက်နက်အားကိုးနဲ့ ဓားမိုးပြီး အုပ်ချုပ်ခဲ့ ကြတာပါ။ အဲဒီလို မတရားဖိနှိပ်မှုတွေကိုမခံနိုင်တဲ့အဆုံး ပြည်သူလူထုက ငြိမ်း ချမ်းစွာ ဆန္ဒပြလည်း အကြမ်း ဖက်ခံရတော့ရရာ လက်နက်ကိုင်စွဲပြီး ပုန်ကန်ရတော့တာပါပဲ။ ရွာသားတွေ သူပုန်နဲ့အဆက်အသွယ်ရှိတယ်လို့ သံသယရှိရုံနဲ့ ခါးပိုက်ဆောင်တပ်တွေက တရားမဲ့၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။ သူတို့ကိုမထောက် ခံတဲ့ရွာတွေကို အစိုးရတပ်က မီးရှို့ လုယက် ဖျက်ဆီးနေကြလို့ ကျေးလက်ကလူတွေဟာ တထိတ်ထိတ်တလန့်လန့်နဲ့ ကျီး လန့်စာစားနေရပါတော့တယ်။
အဲဒီလိုအခြေအနေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြန်မာ့လူမှုဘ၀ မြင်ကွင်းကို ၅၅၀ ဇာတ်နိပါတ်တော်ထဲက တိန္ဒုကဇာတ်ကို အကြောင်းပြုပြီး တိန္ဒုကဇာတ်ပွဲ ယပ်လှဲလေးချိုးကြီးကို ရေးခဲ့ပါတယ်။ ယပ်လှဲဆိုတာ မြန်မာအဘိဓာန်မှာ ရဟန်းတော်များ ယပ်ကိုလှဲချထား၍ ဖြစ်စေ ယပ်မပါဘဲ ဖြစ်စေ အသံသာယာအောင်ပြု၍ ဟောသောတရားဟု ဖွင့်ဆိုထားပါတယ်။ ဒီမှာတော့ ဖတ်ရလွယ်တဲ့ လေးချိုးကြီးအဖြစ် ညွှန်းဆိုချင်တယ်ထင်ပါရဲ့။ဆရာကြီးရဲ့ ယပ်လှဲလေးချိုးကြီးဟာ သူဖြတ်သန်းခဲ့ရတဲ့ ဖဆပလအစိုးရခေတ် ပြည်တွင်းစစ်ကို ထင်ဟပ်ဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။
တိန္ဒုကဇာတ်ရဲ့သဘောက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်နေတဲ့အခါအလောင်းတော် တည်ပင်စောင့် ရုက္ခစိုးက မင်းကြီးကို ကိုယ်ထင်ပြပြီး တိုင်းပြည်ရဲ့ အခြေ အနေမှန်ကို စနည်းနာဖို့ သတိပေးရာက စခဲ့တဲ့ဇာတ် ဖြစ်ပါတယ်။ ဒါကြောင့် ဗြဟ္မဒတ်မင်းကြီးနဲ့ ပရောဟိတ် ပုဏ္ဏားတို့ ကျေးလက် တောရွာတွေကို စနည်း နာဖို့ ထွက်လာကြတယ်။ အဲဒီမှာ ကြားခဲ့ရတဲ့ ကျေးလက်နေပြည်သူတွေရဲ့ခံစားချက်တွေကို ဆရာကြီးက အဲဒီကာလ ပြည်တွင်း စစ်ဒဏ်ခံနေကြရရှာတဲ့ အညာဒေသက ကျေးလက်နေ ပြည်သူတွေရဲ့ဘဝနဲ့ ထင်ဟပ်ရေး သားခဲ့တယ်လို့ ဆိုနိုင်ပါ တယ်။
ရေးသားထားတဲ့အကြောင်းအရာက ဂန္ထဝင်ပေမယ့် သုံးနှုန်းထားတဲ့ ဝေါဟာရတွေက ခေတ်ပေါ်စကားလုံးတွေ ဖြစ်နေတာကြောင့် အဓိပ္ပါယ်ရှင်းပြစရာမလိုလောက်အောင် လူအများနားလည်နိုင်တယ်လို့ ထင်ပါတယ်။ လွယ်ကူတဲ့ သာမာန်အရပ်သုံးစကားတွေနဲ့မို့ လေးချိုးကြီးရဲ့ အရသာကို မူရင်းအတိုင်း ခံစားကြည့်ကြပါ။ ဒီကနေ့ခေတ်ရဲ့ အငွေ့အသက် တွေတောင် ရိုက်ခတ်လာနိုင်ရဲ့။
တိန္ဒုကဇာတ်ပွဲ ယပ်လှဲလေးချိုးကြီး
(၁) ဪ . . ငတို့သဘော၊ သိုမို့ကြောင့်ပြောလိုက်မကွဲ့
အနို့သောအခါ၊ သာသနာမလင်းချိန်ထင့် . .
မြို့ရောတောပါ တောအညာမှာဖြင့်
အရာရာ ညဉ်းပေတဲ့ . .
ငါသာတမင်းရယ်လို့
အာဏာကလဲပြင်းလိုက်ပါဘိသနှင့်
အတင်းအမျိုးမျိုးလုပ်သဟာ
အိုကွယ် - ရာဇာသနင်းရယ်တဲ့
မင်းဆိုးမင်းယုတ်မာ။
က) ရုက္ခစိုးကသတိပေးသဖြင့် မင်းနှင့်ပရောဟိတ် စနည်းနာထွက်ခန်း
(၂) ဪ . .အသတ်အဖြတ်ပြင်းလိုက်ပါဘိသနှင့်နော
မပြတ်ညှဉ်းချင်တဲ့ ဗြဟ္မဒတ်သနင်းနှင့်တကွ
အမတ်မင်းတို့ကလဲ
မြင်းပွဲနှင့်ကလပ်အသင်းတွေမှာ
ခပ်ပြင်းပြင်းအရက်ကဇော်
တခွက်နော် တခွက်နော်နှင့် မူးရူးကြပြီး
သြော် . .အနူးဘဝတွင်ဖြင့်
ဘီလူးက ကလောက်အောင်
အထူးလှပတဲ့ ဖာအိမ်မှာတောင်
အာဏာရှိန်ပြပြပြီး
ည ည ဓားပြသူခိုးတွေရဲ့ပြင်
အစိုးရ လူ ဟူဟူသရွေ့တို့ကလဲ
နေ့ နေ့ သူခိုးဓားပြအလားပေမို့
တိုင်းကားပြည်ရွာ ပျက်တော့မည့်အကြောင်းတွေနှင့်
အလောင်းတော် ရုက္ခစိုးရယ်က
အုပ်စိုးသူ ဗြဟ္မဒတ်သနင်းကိုလ
ခပ်ပြင်းပြင်း ခပ်ထန်ထန် ခပ်မာန်မာန် သတိပေးတာနဲ့
ပြည့်ရေးပြည်ရာ အကုန်ပေါ်ဖို့လို့
ပုဏ္ဏားတော်- ဖော်သဟဲရယ်နှင့်
မလွှဲသာ လွှဲသာ - စနည်းနာထွက်ခဲ့ကြ
မောလျက်မနေသာတယ်နော်ကွယ်
တတောကထွက် - တတောဆက်ပေတဲ့
တောလက်ကျေးရွာ။
(ခ) ရှင်ဘုရင်ကို အဘိုးအိုက ကလော်တုပ်ခြင်း
(၃) ဇရာဒုဗ္ဗလအရွယ် - တမျိုးကိုထူးပုံက
ခမျာဒုက္ခသည် - အဘိုးအိုတစ်ဦးမှာဖြင့်
ဂမူးဂဒူး - တရှူးရှူးနဲ့ ဆူးစူး၍ထွင်ရင်းသာ
ရှင်ဘုရင်မင်းမသမာကိုတဲ့ မြင်ပြင်းစရာရယ်လို့
မတော်တရာ၊ အော်ကာအော်ကာနှင့် ဆော်ရှာတကား။
အိုကွယ် . .အရှင်သခင်အရင်းအချာရယ်လို့တောင်မှ
အတင်းမညှာမူ၍ - ကလော်ကာကော်တာမနား။
(၄) ယင်းသောအခါ
မင်းဩဇာ - ခွာနာရှာနာနှင့်
ကမ္ဘာမှာ အထင်အရှားပေပေါ့
သြော်- သခင်အားရ ကျွန်ဒဏ်ဝဆိုတဲ့
ထိုတကယ့်ပုဏ္ဏားတော် (ပရိတ်ဟော)ရယ်က
စိတ်သဘောတင်းမာစွာနှင့် အမင်းမင်းရာဇာကို
အချင်းဘာကြောင့်မုန်းရသလဲလို့
ဗြုန်းခနဲဆို- တဖွဖွနဲ့
ခဏခဏမေးပြန်တော့
ငါ့မြေးရယ်- အင်းအနို့ဟဲ့- ယင်းသို့ကွဲ့
မင်းတို့ရဲ့ ရှင်ဘုရင်အစိုးရရဲ့ ဓလေ့ဆိုးတဲ့
သူခိုးဓားပြတွေရဲ့ပြင်
ညည (ပြောက်ကျားပြောက်ကျားနဲ့)
ဗြောက်သမားတွေကြောင့်
ချောက်ကြားကမ္ဘားယံမှာ ပုန်းကာအိပ်ရပြီး
အနိစ္စကောင်ရတက်မကင်းသူမှာဖြင့်
နံနက်အလင်းတွင်
ရွာကိုပြန်ခဲ့၍ အညာဟန်ပန်
ပဲပြုတ်နဲ့လွေးရအေးရတဲ့
မဟာမဆန် တဲကုပ်ကလေးတွင်မှ
ရှုပ်ထွေးကာ ကာရံတဲ့ဆူးတွေက
မခံသာ-အတန်နာနာစူးပြန်သနဲ့
ဘီလူးလို ရှင်ဘုရင်-အစစ်သူရဲမှာဖြင့်
အကြင်စစ်ပွဲမှာ မြားဒဏ်ထိပြီး
မခံချိမခံသာ ဝေဒနာနှင့်
သေပါစေလို တသေတချာ ငါကျိန်သပဲရယ်လို့
ဆဲဆဲဆိုဆို- သို့ကလိုပြောပြန်သနဲ့ . .
(ဂ) ရှင်ဘုရင်ကို အဘွားအိုက ဆဲဆိုပြန်ခြင်း
တတောထွက်ဝင်၊ တပင်ရိပ်သာနားပါလို့
အလွန်လျှင်သနော်၊ ကျွန်အရှင်နှစ်ဖော်သွားတော့
အဘွားအိုရဂုံပျော်မှာ၊ ချုံပေါ်ကကျပြန်သတဲ့
မထနိုင် ဒူးထောက်ခါလဲပြီး
နဖူးပေါက်ကာ ကွဲရာမှာ ငိုကာယိုကာနှင့်
ထိုအခါ အရိုင်းဘဝမှာ ရှာပေးတဲ့
ဘိုင်းဒါမသား မအေ(ရိုး)ရှင်ဘုရင်ကို
အသေဆိုးသေတာ မြင်ချင်သကောရယ်လို့
အတွင်ပြောကာ ကျိန်စာနှံတော့
တကြိမ်တခါတဖန်
ပုဏ္ဏားတော်ခေါ်တဲ့ ပုဏ္ဏရှော်က
အဖုံဖုံမတော်မလျော်၊ ဘာ့ကြောင့်ဆဲရသလဲလို့
တနဲတထွေဆိုတော့
အမေအို ဖြေသလိုနဲ့ရှင်းပုံက
မင်းယုတ်မာ မီးလိုတောက်ချိန်မို့၊ သမီးပျိုနှစ်ယောက်
တောင်လင်မရနိုင်တော့ ဒုက္ခသည်အမယ်အိုကြီးမှာဖြင့်
သမီးတွေ ကျွေးစရာမွေးစရာ ထင်းခွေရတဲ့ပြင်
မရေမရာ အရင်းအနှီးပေပေါ့
တောဟင်းသီးဟင်းရွက်ခူးကာ အထုပ်အပိုးတွေနဲ့
““ဟောဒီက””မုဆိုးမကြီး ဂုပ်ကျိုးအောင် ခေါင်းပေါ်ရွက်ရွက်ပြီး
မရှက်သာမျက်နှာမွဲရယ်နှင့်
မြို့ထဲ တလယ်လယ်ရောင်းရတဲ့
မကောင်းသောဒုက္ခမှာ နရုတ္တမဥက္ကဋ္ဌဆိုတဲ့
အယုတ်တမ သေချင်းဆိုးကြောင့်ပေါ့လို့
တညိုးညိုးတညံညံ မဟုတ်မခံဘူးဟဲ့လို့
နှုတ်လှန်ထိုးပြန်တော့ . .
(ဃ) ရှင်ဘုရင်အား လယ်သမားက ကလော်ဆဲပြန်ခြင်း
တမျိုးရွေ့ကာ တနေရာ၊ တောထဲခရီးတွင်ဖြင့်
“သြော်” တောထဲကြီးရှာရတဲ့
ကျောမွဲကြီးနှင့် တကယ်သနားလောက်တဲ့
လယ်သမားတယောက်အနှီခမျာမှာ
““ ဪ- ပြည် မသာယာ ရွာ မငြိမ်းချမ်း
စည်းကမ်းလွတ်ကင်း
မင်းတရားချွတ် မှူးမတ်ကျင့်သွမ်း
ဟော့ရမ်းနှောက်မွှေ ရွှေငွေရကြောင်း ကြိမ်းမူကား
အလွန်များ၍ ငါ့နွားသာလိ၊ ထွန်သွားထိလျက်
မချိမဆန့်ဖြစ်ရရှာတကား””ရယ်လို့
တမှိုင်မှိုင်ညည်းသံကြားရတော့
ပုဏ္ဏားတန်ဆောင်းအတူက
တောင်သူရယ် မောင်ပူလို့ ဆူလို့ဆဲရင်တော့
ငရဲငအုံ ကြီးရုံရှိမယ်၊ ပြောပြန်သနဲ့
တောသားလူရာမဝင်က
တဆူရာဇာသခင် - အရပ်ရပ်ညှဉ်းပေတဲ့
ဗြဟ္မဒတ်မင်းကျွန်၊ လူလွန်မသားတွေ
နိုင်ငံမွှေဖို့၊ နေမမြင့်မီ
စီစီမံမံ၊ ငါ့ထံပို့ငှာ၊ နံနက်စာကို
လုကာယူစား၊ သနားမရှု၊ ပြု၍အမှန်
နောက်တဖန်လျှင်၊ ပြန်ကာချက်ရ
ဤချင်းတကြောင့်၊ ထွန်းပရောင်ပွင့်
နေမြင့်၍သာ၊ မလာပါဘဲ၊ အချိန်လွဲ၍
လာမြဲဤသို့၊ မရောက်မြို့၍
ပို့လာနိုးနိုး၊ မျှော်ကိုးချေမိ၊ နွားသာလိကို
မထိအပ်စွာ၊ တပြာနှင်တံ
မြဲမြံထိရောက်၊ ကန်လိုက်ကျောက်မှ
ကြောက်ဖွယ်လိလိ၊ ခံရသည်သာ၊ ဤပမာသို့
ပဉ္ဇာလရာဇ်၊ မင်းညစ်မင်းမိုက်၊ စစ်မက်တိုက်လျက်
ရန်တစ်ဖက်ကယ်က၊ လှံချက်အဝင် မတွန့်မူ၍
ရင်ညွန့်စူးကာ၊ သွေးတွေ၊ အရက်တွေနှင့်နှော
ခွေးသေဝက်သေ သေစေကြောင်းရယ်နှင့်
ဆုတောင်းကာ ဆဲသံဆိုသံကြားပြန်သနဲ့
ပုဏ္ဏားနှင့်ရှင်ဘုရင်၊ အတွင်လျှောက်ခဲ့တော့ . .
အပိုင်း(သုံး) ဆက်ပါမည်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar