Breaking News

ကိုအောင်မှိုင်း - လွမ်းတယ် မြိုင်


ကိုအောင်မှိုင်း - လွမ်းတယ် မြိုင်

(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၂


စိုးမိုးဆဲ

အတွေးတွေ

အလွမ်းတွေ

အချစ်တွေနဲ့ အိပ်မက်ဆိုးတွေ

ပန်းတွေနဲ့မဝေပါဘူး  မြိုင်

ပန်းတိုင်မရောက်မီကြား

နိဗ္ဗာန်ရောက်ကြောင်းတရားကို ထားခဲ့ပါပြီ။


စစ်တပ်ရဲ့ 

ရက်စက်မှုတွေ

ယုတ်မာမှုတွေ

ကောက်ကျစ်မှုတွေ

သူရဲဘောကြောင်မှုတွေကိုသာ

 ခေါင်းငုံ့ခံခဲ့မယ်ဆိုရင် ....


ပေတရာတွေပေါ်က 

လေးဘက်လျှောက်ရသူ

သူ့ကိုယ်သူခံစား လူလား

လူလိုလို တိရစ္ဆာန်လိုလို

ဘဝငိုတွေနဲ့ လူဖြစ်ရှုံးနေတဲ့

 လူဆိုသူတွေ တွေ့နေကြရလိမ့်ဦးမယ်။


ပေတရာတွေပေါ်မှာ 

စစ်သားမြင်တာနဲ့ ဒူးထောက်

အုတ်ကြားမြက်ပေါက်တွေက 

မျက်နှာကို စစ်ဖိနပ်နဲ့ ကန်ကျောက်

ခွေးအသိလောက်နဲ့ အမိန့်တွေပေး

လူလိုလို တိရစ္ဆာန်လိုလို

ဘဝငိုတွေနဲ့ လူဖြစ်ရှုံးနေတဲ့

 လူဆိုသူတွေ တွေ့နေကြရလိမ့်ဦးမယ်။


ရပ်ကွက်တွေထဲ

စစ်သား ရဲသား ခွေးဝဲစားတွေက 

ဘောင်းဘီတွေလှန် စိန်ခေါ်ခံရ

သတ္တိရှိတဲ့ကောင်ထွက်ခဲ့ဆိုသူ

လူလိုလို တိရစ္ဆာန်လိုလို

ဘဝငိုတွေနဲ့ လူဖြစ်ရှုံးနေတဲ့

 လူဆိုသူတွေ တွေ့နေကြရလိမ့်ဦးမယ်။


မတရားသတ်ဖြတ် 

အလောင်းကိုပြန်အပ်ဘို့

လူသေကို ငွေပေးရွေးရ 

လူဖြစ်အရှုံးထဲက ထိုသူ

လူလိုလို တိရစ္ဆာန်လိုလို

ဘဝငိုတွေနဲ့ လူဖြစ်ရှုံးတဲ့

 လူဆိုသူတွေ တွေ့နေကြရလိမ့်ဦးမယ်။


စစ်တပ်ကို 

ခံချလိုက်တဲ့အခါ...

တိရစ္ဆာန်ဘဝက 

လူပြန်ဖြစ်လာတယ်။

လူ့ဂုဏ်သိက္ခာတချိူ့   

ပြန်ရလာတယ်။

အနာဂတ်ဆိုတာကို  

ပြန်မြင်လာကြတယ်။


စစ်တပ်က  

ခံချခံလိုက်ရတဲ့အခါ....

လှောင်အိမ်တွေထဲ

ရောက်သွားကြတယ်။

အပွင့်အခက်တွေ 

တန်ဖိုးမဲ့သွားကြတယ်။

စစ်တပ်ရဲ့အနာဂတ် 

ပျက်စီးဆုံးရှုံးသွားတယ်။


နွေဦးတော်လှန်ရေးဟာ 

လူထုအတွက် လွတ်မြောက်ရာလမ်းပဲ။

ခုခံစစ်ဟာ

တိရစ္ဆာန်ဘဝကို ကျော်လွှားနိုင်ဖို့လမ်းပဲ။

သေချာတာက

လမ်းဆုံးရင် ရွာတွေ့လိမ့်မယ်။

ရွာတွေ့ ချင်ရင်

လမ်းဆုံးအောင် လျှောက်ကြ။

သွေးကြွေးမှာ

ဆွေးနွေးစရာ လုံးဝမရှိ။

တော်လှန်ပြည်သူအပေါင်းတို့

နိုးနိုးကြားကြား ရှိကြပါကုန်လော့။

အာဇာနည်တွေကို လွမ်းတယ်  မြိုင်ရေ။


ကိုအောင်မှိုင်း

သြဂုတ်လ ၁၂ ရက် ၂၀၂၂ခုနှစ်။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar