Breaking News

အချုပ်ကားကို စီးနင်း၊ အချုပ်စခန်းကို ဗုံးကြဲ နဲ့ ယူအန်ခရီး


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၂


အချုပ်ကားကို စီးနင်း၊ အချုပ်စခန်းကို ဗုံးကြဲ နဲ့ ယူအန်ခရီး

မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်တံတားအနီး  စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ အချုပ်ကားနဲ့အတူ ပါလာတဲ့ ရဲတပ်ဖွဲ့ကို Truth Keeping Force – Amarapuraက  တိုက်ခိုက်ခဲ့တဲ့ သတင်းကို တိုက်ခိုက်သူတွေကိုယ်တိုင်က ထုတ်ပြန်ပါတယ်။  နိုင်ငံရေးအကျဉ်းသားများ လွှဲပြောင်းပို့ဆောင်ရာ အချုပ်ကားအား ထောက်လှမ်း ရရှိသဖြင့် မဟာမိတ် မြို့ပြပြောက်ကျား အဖွဲ့များနှင့် မြစ်ငယ်တံတားအနီး တိုက်ခိုက်ခဲ့ရာမှာ - ရဲ နှစ်ဦး နေရာတင် သေဆုံးပြီး အကျဉ်းသား တစ်ဦး ထိခိုက်ဒဏ်ရာရကာ ရှစ်ဦး ထွက်ပြေးပြီး ခြောက်ဦး ပြန်လည်ဖမ်းဆီးခံရတယ်လို့ ရေးထားတာ ဖတ်လိုက်ရပါတယ်။

တော်လှန်ရေးကာလအတွင်း ရဲစခန်းတွေ၊ ကင်းစခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကို မြို့ပြနဲ့ ဆင်ခြေဖုံးတွေမှာ ပြောက်ကျားခုခံစစ်ဆင်သူတွေက ပစ်မှတ်ထား တိုက်ခိုက်ကြတာအပြင် အကျဉ်းထောင်တွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်း ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ ရဲဘော် ၂ ဦးတို့ကို စစ်ကောင်စီ ကြိုးပေးသတ်ဖြတ်ခဲ့ပြီးနောက် မြို့ပြပြောက်ကျားတွေက အင်းစိန်ထောင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ 

ယခုတခါ နိုင်ငံရေးအကျဉ်းသားတွေ တင်ဆောင်လာတဲ့ အချုပ်ကားကို စီးနင်းတိုက်ခိုက်ဖို့ ကြိုးစားရာမှာ မအောင်မြင်ဘဲ တဦး ထိခိုက်၊ ၆ ဦး အဖမ်းခံရကာ ၂ ဦး လွတ်မြောက်သွားတယ်ဆိုပါတယ်။ သတင်းထုတ်ပြန်သူ ပြောက်ကျားအဖွဲ့က - ကျန်ရှိတဲ့သူတွေ လက်စအဖျောက်မခံရဖို့သာ ကျနော်တို့ စစ်ရေးကို အဆောတလျင်ထုတ်ပြန်လိုက်တာပါလို့ ရေးထားတော့ - စစ်ကောင်စီဘက်က ပြန်ဖမ်းမိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ် ဖျောက်ဖျက်ပစ်မှာကို စိုးရိမ်ရတယ်လို့ ကောက်ယူရပါမယ်။

မြို့ပြပြောက်ကျားတွေက မြို့ပြတိုက်ပွဲဖော်ရာမှာ ဗုံးတွေ လက်နက်တွေနဲ့ အဝေးက အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်နေကြတာကနေ ကိုယ်တိုင် အင်အားသုံး စီးနင်းဖို့အထိ ကြိုးစားတဲ့အထိကို ရောက်လာတယ်လို့ ဆိုချင်ပေမယ့် မအောင်မမြင် ဖြစ်ကြရတာကြောင့် သည်အဆင့်ကို ဆက်အားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ စစ်သား၊ ရဲသားတွေက ကြွက်မနိုင် ကျီမီးရှို့တဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကျင့်သုံးတာမို့ သူတို့ကို စီးနင်းတိုက်ခိုက်ခံရရင် လက်တုံ့ပြန်တဲ့အနေနဲ့ သူတို့လက်ထဲက အရပ်သားတွေ ခုခံသူနဲ့ ဆက်နွှယ်သူတွေကို အရှင်ထားမှာ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။

ဒီရက်အတွင်း သတင်းတခုကတော့ ရခိုင့်တပ်တော်(AA)က ဖမ်းဆီးထားရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းနေရာတွေကို စစ်ကောင်စီတပ်က ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်လို့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ AA က စက်တင်ဘာ ၂၈ ရက် ရက် ညပိုင်းမှာ AA က ထုတ်ပြန်ပါတယ်။  စစ်ကောင်စီအဖွဲ့က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့နေရာကတော့ မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ်က AA တပ်ဖွဲ့ရဲ့ အကျဉ်းထောင်  ၂ ခု ဖြစ်ပါတယ်။ အဲဒီအကျဉ်းထောင်တွေဟာ စစ်သုံ့ပန်း စစ်ကောင်စီတပ်သားတွေ နယ် ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ထားရှိတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

စစ်ကောင်စီကိုယ်တိုင်ကတော့ သူတို့စစ်သားတွေ သုံ့ပန်းဖြစ်နေတဲ့ AA အကျဉ်းစခန်းကို ဝေဟင်ကနေ တိုက်ခိုက်တာကို ပြုလုပ်လိုက်တာမို့ သူတို့ဘက်က အရပ်သားတွေ တဖက်ဆန့်ကျင်သူတွေအပြင် သူတို့ စစ်သားတွေ မိသားစုတွေကိုပါ သက်ညှာ စဉ်းစားခြင်း မရှိဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ စစ်သား၊ ရဲသားတွေထဲက အများအပြားဟာ စစ်တပ်မှ ထွက်ပြေးခြင်း၊ လက်နက်ချခြင်းတို့အပြင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းသွားခြင်းတို့ ပြုလုပ်နေတာ တိုးပွားနေချိန် ဖြစ်တာမို့ စစ်တပ်ခေါင်းဆောင်တွေက သူတို့ကို စွန့်ခွာတဲ့ တပ်သားတွေ၊ မိသားစုတွေကိုပါ ရန်သူလို သဘောထားပြီး နှိမ်နင်းနေတယ်လို့ ဆိုရပါမယ်။ နွေဦးတော်လှန်ရေးနဲ့ မဟာမိတ်တွေဘက်က စစ်ကောင်စီ တပ်သားတွေကို အလင်းဝင်လာဖို့ ပူးပေါင်းလာဖို့ အဆက်မပြတ် နှိုးဆော် ကြိုဆိုနေကြောင်း ထုတ်ဖော် ပြန်ကြားနေကြတာ ထိရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ဆုံးသတင်းကတော့ အများက မျှော်လင့်ကြီး မျှော်လင့်နေတဲ့ ကုလအထွေထွေညီလာခံကနေ အာဖဂန်နဲ့ မြန်မာကိုယ်စားလှယ်အရေး သောင်မတင် ရေမကျ သဘောထားနဲ့ ခရီဒမ်ရှယ်ကော်မီတီလို့ ခေါ်တဲ့ ကိုယ်စားပြုမှု စိစစ်ရေးကော်မရှင်ကိုပဲ လွှဲအပ်ထားလိုက်ပါတယ်။ မနှစ်ကလည်း စက်တင်ဘာမှာ မဆုံးဖြတ်ကြဘဲ ကိုယ်စားပြုမှု စိစစ်ရေးကော်မရှင်၏ အကြံပေးချက်ကို လိုက်နာမယ်လို့ ဆိုခဲ့ပါတယ်။ မနှစ်က ဒီဇင်ဘာမှာ မြန်မာနဲ့ အာဖဂန်ကို စိစစ်ရေးကော်မရှင်က လက်ရှိအတိုင်းဘဲ အပြောင်းအလဲမလုပ်ဘဲ ဆက်ထားပါလို့ အကြံပေးခဲ့ပြီး ယူအန်က သဘောတူခဲ့ပါတယ်။ သည်လိုနဲ့ ဦးကျော်မိုးထွန်း ဆက်လက် ထားရှိနိုင်ခဲ့ရာက ၂၀၂၂ စက်တင်ဘာမှာလည်း အဲသည်ဓာတ်ပြားကြီးအတိုင်း ပြန်တပတ်လည်နေတာကိုပဲ တွေ့ကြရပါတယ်။ 

သည်တခေါက်တော့ ယူအန်ညီလာခံမှာ မြန်မာပြည်အတွက် နိုင်ငံအချို့က ထုတ်ဖော်ဆွေးနွေးရာမှာ ပြည်သူ့ဆန္ဒ အလေးထားဖို့ တိုက်တွန်းသွားကြပြီး၊ ကုလလုံခြုံရေးကောင်စီကို မြန်မာ့အရေးပြန်လည်တင်သွင်းကြဖို့လည်း တောင်းဆိုထားကြတာ တွေ့ရပါတယ်။ မြန်မာပြည်က စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကိုယ်တိုင်ကတော့ ယူအန်ကိုလည်း သိပ်အဖက်လုပ်တော့တဲ့ပုံ မရှိတော့ပါ။ ပြောသင့်ပြောထိုက်တာတွေ ထုတ်ဖော်သင့် ထုတ်ဖော်ထိုက်တာတွေ စစ်တပ်ဘက်ကကော အင်န်ယူဂျီဘက်က ၀တ္တရားကျေ လုပ်ကိုင်ကြပြီး ပြည်တွင်းရေးကို ပြည်တွင်းမှာပဲ ဆက်ရှင်းကြဖို့ ဦးပြန်လှည့်သွားပုံရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar