ဝဇီရာဒီဖိုး - လမ်းများ
ဝဇီရာဒီဖိုး
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၂
မြွေတကောင် တွင်းထဲဝင်သလို
မြွေတကောင်လို တွင်းဝင်ဖြောင့်ပေါ့။
ပုရွတ်ဆိတ်တွေရဲ့ လုပ်အားကို
ပုရွတ်တွင်းဝကနေ ကြည့်။
သတင်းအချက်လက်တွေနဲ့ အလင်းရောင်ကိုငှဲ့
ဝန်ကိုလည်းဆောင် အဆက်အသွယ်လည်းမပြတ်
လမ်းပေါ်မှာ တွေ့ကြရင်း လက်တို့သတိပေး
စက်ဝိုင်းရာသီ လှည့်ပတ်အချိန်ဇယားထဲက
လောကဓံပုံစံအမျိုးမျိုးက
တခု တကောင် တယောက်စာ မဟုတ်။
အစာ ချောင်းနေပုံ
ထမင်းလုံး တစ်လုံးကို သယ်ဆောင်လာပုံ
ရောမခေတ်က ကြာပွတ်သံတွေလို
ကျောက်တုံးတတုံးဟာ
ဘယ်လောက်မာမာ ဘယ်လောက်လေးလေး
ပိရမစ်တွေက ကောက်စာတွေလို။
အဓိပ္ပာယ်ဖွင့်ဆိုမှု ကလောင်တချောင်းနဲ့
အိမ်ဝေးသူတွေရဲ့ အရင်းအနှီး
ခေတ်ပျက်ကြီးမတိုင်မီက အရေးအသားအတိုင်းပေါ့။
အေးအေး လူလူ၊ မအေး ပူပူ
မတူတဲ့ လူ၊ တူတဲ့ လူ။
ဒီလိုနဲ့....
ခေတ်ကို ဖဲ့ထုတ်ခဲ့
ခေတ်ကို ကဲ့ထုပ်ခဲ့။ ။
13:49, 29-9-2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar