ဆောင်းဝေ (နတ်မောက်) - လမ်းများရဲ့ခေါ်သံ
ဆောင်းဝေ (နတ်မောက်)
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၂
ဆောင်းရာသီစတင်လာပြီမို့ အအေးဓာတ်ကို စတင်ခံစားလာရသည်။
ဘောင်းဘီတိုတစ်ထည်၊ ရှပ်အင်္ကျီလက်ပြတ်နဲ့ နေထိုင်ခဲ့ရတဲ့ နွေရာသီကာလများဟာ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ကုတ်အင်္ကျီနဲ့ အနွေးထည်ထူထူဝတ်ဆင်ရမယ့်နေ့ရက်များရောက်ရှိလာခဲ့ပြီဖြစ်ဧ။်။ ညဆိုလျှင် စောစောအိပ်ရာ ဝင်ရပြီး မနက်ဆို ခပ်စောစောထရ၏။ မနက်စော ၄ နာရီဆိုသည်မှာ နယူးယောက်မြို့သူ၊ သားများအနေနဲ့ အိပ်လို့အကောင်းဆုံးအချိန်ဖြစ်ပြီး မိမိအတွက်တေ့ာ အလုပ်သွားဖို့အတွက် အိပ်ရာထ၊ ပြင်ဆင်ရမယ့်အချိန်သာဖြစ်သည်။ ဒီအချိန်ဆိုလျှင် လမ်းများသည် မိမိကို စောင့်နေကြပေရော့မည်။
“အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် အမေ့ရဲ့မျက်ရည်စက်တွေ ငါဟာနှုတ်ဆက်အပြာရောင် ကျောပိုးအိတ်တခုထဲဒဏ်ရာဟောင်းလေးကိုထည့် သွားရတေ့ာမယ်”
နားကြပ်ထဲမှာ သီချင်းတပုဒ်ကို ခပ်တိုးတိုးဖွင့်ထားရပြီး ကိုယ့်တယောက်တည်းဖြစ်နေမှုကို အဲဒီသီချင်းဖြင့်ပင် ဖုံးကွယ်ထားရသည်။
မနက်စောစောမို့ လမ်းမများဟာ မဲမှောင်နေပြီး မြို့ဟာ တိတ်ဆိတ်လို့နေသည်။
မိုးရွာတဲ့အခါနဲ့နှင်းကျတဲ့ရက်များသာ လမ်းမများပေါ်ဂရုစိုက်သွားရတာမျိုးမဟုတ်ပဲ အခုလို သာမန်နေ့ရက်တွေမှာလည်း တခုခုမှားယွင်းတိမ်းချော်မှုမြဖစ်ရအောင် အမြဲသတိထား သွားနေရသည်သာဖြစ်သည်။ အလုပ်ထဲကို အချိန်မှီရောက်ဖို့၊ လမ်းမှာအန္တရာယ်တစုံတရာ မဖြစ်ဖို့၊ ကိုယ်ကြိုတင်စဉ်းစားစီစဉ်ထားတဲ့အတိုင်း အစစ အရာရာ ချောချောမွေ့မွေ့ဖြစ်ဖို့စက္ကန့်မိနစ်နဲ့အမျှ ဂရုစိုက်နေထိုင်နေရသည်။ ဒီဘက်မှာ မနက်စော ၄ နာရီဆိုရင် ငါ့နိုင်ငံမှာ ညနေ ၃ နာရီလောက်ဖြစ်မှာပေါ့လို့လည်း တခါတရံတွေးမိတတ်သေးသည်။ “ဒီအချိန်ဆို ရုံးဆင်းချိန်မို့ ရန်ကုန်က ဘတ်စ်ကားတွေပေါ် လူတွေကြပ်နေမယ်ထင်တယ်၊ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အလေ့အကျင့်တွေ ခေတ်စားသေးရဲ့လား” ဟုလည်း မေးခွန်းများကို တယောက်တည်း စိတ်ဖြင့် မေးနေမိတတ်သေးသည်။ အများအားဖြင့်တေ့ာ စိတ်အာရုံများဟာ ကိုယ့်နိုင်ငံအကြောင်းများပေါ်မှာသာ ရစ်ဝဲနေလေ့ရှိသည်။ မိဘ၊ ညီအကိုမောင်နှမနဲ့ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်များနှင့် ခင်မင်ပေါင်းသင်းခဲ့ဖူးသူများ၊ ငယ်စဉ်ကနေထိုင်ခဲ့သည့်နေရာများနှင့် သွားရောက်လည်ပတ်ခဲ့ဖူးသည့်ဒေသများ၊ အစားအသောက်များနှင့် ကိုယ်ချစ်ခင်စ်သက်သည့်အရာများသည် စိတ်အတွေးထဲ အမြဲလိုလိုပေါ်လာနေလေ့ရှိသည်။ “ဒီမှာ အောက်တိုဘာလဆိုတေ့ာ ငါ့တို့ဆီမှာ သီတင်းကျွတ်လရောက်ပြီပေါ့၊ လူကြီးမိဘတွေကိုကန်တေ့ာကြတေ့ာမှာပေါ့” ဟုလည်း အလွမ်းဓာတ်ခံအတွေးများသည် စိတ်အာရုံနံရံပေါ် ပြေးလွှားနေတတ်သေးသည်။
“အဆုံးမဲ့ မိုးသားထဲကို ငါပျံသန်းခဲ့
ငါ့ရဲ့ နှလုံးသားထဲမှာ လေလွင့်ခြင်းငှက်
ဘယ်လိုသွားရအုံမလဲ ဘယ်မှာ အဆုံးသတ်တာလဲ "
နယူးယောက်မြို့ထဲကနေ နယူးဂျာစီပြည်နယ်ထဲက အလုပ်ရှိရာဆေးရုံဆီရောက်ဖို့ မနက်စောစောဆိုလျှင် မိနစ် ၄၀ ကျော်ခန့်ကားမောင်းရပြီး ညနေခင်းအပြန်ဆိုလျှင်တေ့ာ ကားကြပ်တဲ့အချိန်မို့ ၁ နာရီခန့်မောင်းရလေ့ရှိသည်။ အလုပ်ထဲမှာ ကိုယ့်တယောက်တည်းလုပ်ရသည်မို့ မနက်စော ၅ နာရီကျော်လောက်ရောက်နေမှ အလုပ်တွေက သတ်မှတ်သည့်အချိန်မှာ ပြီးစီးလေ့ရှိသည်။ အလုပ်ထဲရောက်တာနောက်ကျလို့ အချိန်မှီမပြီးသည့်ရက်များမှာဆို မန်နေဂျာ၊ ဒါ ရိုက်တာနှင့် ဆိုင်မှာလာစားသည့် ဖောက်သည်များကို မျက်နှာပူရသည်။
အဲဒီအခါများမှာဆိုလျှင် ဆိုင်မှာရောင်းအားကျသွားမှာ၊ ကုမ္မဏီမှတာဝန်ရှိသူတွေက ဖိအားပေးလာမှာတွေအတွက် စိတ်ပူရတာတွေ ရှိသည်။
အဲဒီအတွက် ဖုန်းထဲမှနာရီနှိုးစက်သံကို အားကိုးရသည်။ ဖုန်းထဲမှ မနက်စောစောတွေမှာ မြည်လေ့ရှိတဲ့ နာရီနှိုးစက်သံကို ကိုယ့်မှာငြင်းဆိုခွင့်မရှိ။ တမြို့လုံးအိပ်မောကျနေချိန်ကို အကြောင်းပြကာ ကိုယ့်မှာ ပျင်းရိထိုင်း မှိုင်းနေခွင့်မရှိ။ ကိုယ့်ဘဝကို ကိုယ်တိုင်သာတည်ဆောက်ရမှာမို့ လမ်းများရဲ့ခေါ်ဆောင်ရာဆီ အားတက်သရော လိုက်သွားရုံသာရှိသည်။
“ရက်စက်တဲ့ လမ်းများအဝေးမှာ ခေါ်သံတွေကြာပြေးထွက်ခဲ့ ငြင်းမရပါလား
(ရှေ့က) ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံများကြား
လုံးဝ ငြင်းမရပါလား လေလွင့်ခြင်း လမ်းမများ”
အလုပ်နဲ့နီးအောင်ဆိုပြီး နယူးဂျာစီပြည်နယ်ထဲကမြို့နယ်တခုမှာ အခန်းငယ်တခုငှားကာ တယောက်တည်းနေခဲ့ဖူးတာသတိရမိသည်။ ဖော့ထ်လီး( Fort Lee) ဟု အမည်ရတဲ့ထိုမြို့မှာ နေထိုင်ကြသူအများစုဟာ ကိုရီးယားလူ မျိုးအများစုဖြစ်ပြီး လမ်းများနှင့်အိမ်တွေဟာ တိတ်ဆိတ်ပြီး သပ်သပ်ရပ်ရပ် ရှိပါသည်။ အဲဒီအခန်းငယ်လေးမှာ ၈ လလောက်နေပြီး နယူးယောက်မြို့ကို ပြောင်းနေမယ့်အကြောင်း အိမ်ရှင်ကိုပြောပြတေ့ာ သူက အခန်းခလျှော့ပေးမယ့်အကြောင်းနဲ့ ဒီအိမ်မှာဆက်နေဖို့ အားတတ်သရော ပြောဖူးသည်။ “ ကြာရင် ငါ ရူးသွားလိမ့်မယ်၊ ဒီအိမ်မှာကော ဒီရပ်ကွက်မှာတေ့ာ ငါ့နိုင်ငံက ငါတယောက်တည်း၊ ငါ့မိခင်ဘာသာစကားကို အတူပြောဖို့အဖော်ကလည်း ငါတယောက်တည်း၊ တယောက်တည်း ဒီလိုဆက်နေရင် ငါရူးသွားဖို့များတယ်” လို့ပြောပြတေ့ာ လူ မျိုးခြားအိမ်ရှင်က ရယ်သံတဝက် စိတ်မကောင်းသံတဝက်ဖြင့် လိုက်လျောပေးခဲ့သည်။ အိမ်ပြောင်းရတာ၊ အလုပ်ပြောင်းရတာ၊ မြို့တွေ တခုပြီးတခု ပြောင်းနေရတာတွေဟာ မတည်ငြိမ်မှုရဲ့ပြယုဂ်အဖြစ် အမြဲလှုပ်ခတ်နေသလိုဖြစ်ပေမယ့် တနေရာထဲမှာငြိမ်သက်စွာနေထိုင်ဖို့ ဘဝက မိမိကိုခွင့်မပြုသေး။ ဘုန်းကြီးကျောင်း၊ မြန် မာစားသောက်ဆိုင်များနှင့် မိတ်ဆွေသူငယ်ချင်းများရှိသော နယူးယောက်မြို့သည် ဘယ်အချိန်ပဲပြန်လာလာနွေးထွေးစွာ ကြိုဆိုလေ့ရှိပါသည်။ အိပ်ချိန်တွေ လျော့နည်းသွားတာအတွက်တေ့ာ မိမိဘက်က ဘာမှမတတ်နိုင်ခဲ့ပါ။ ။
“မင်းရဲ့အနမ်းလေးများကို ငါဟာ နှုတ်ဆက်
မင်းရဲ့မျက်ရည်စက်တွေ ငါ နှုတ်ဆက်
ဒဏ်ရာများရဲ့အဝေးမှာ အဖြူရောင် မင်းရဲ့ဘဝလေး
နေ.. နေခဲ့တေ့ာ”
ဘဝရဲ့လမ်းများသည် ရှည်လျားကွေ့ကောက်လေ့ရှိပါသည်။ ကိုယ်ရည်ရွယ်မျှော်မှန်းထားတိုင်းလည်း မဖြစ်တတ်သလို ကိုယ့်ဘက်ကမျှော်လင့်မထားတာတွေလည်း ကြုံရတတ်လေ့ရှိပါသည်။
ချစ်ခြင်းတရားနှင့် နူးညံ့ကြည်လင်မှုကို မျှော်လင့်တောင့်တသော်လည်း ရှုံးနိမ့်မှုနှင့်ဒဏ်ရာများကိုလည်း လက်ခံရရှိတတ်ပါသည်။
ဖြောင့်ဖြူးချောမွေ့သော လမ်းများပေါ်သာ လျှောက်လှမ်းလိုသော်လည်း သွေးအလိမ်းလိမ်း၊ ဆူးအထပ်ထပ်နှင့် မဲမှောင်ခြောက်သွေ့သောလမ်းများကိုလည်း ရင်ဆိုင်နေထိုင်ရတတ်ပါသေးသည်။ မြှားပစ်ချက်များလိုအရှိန်ပြင်းပြင်းပြေးဝင်လာတတ်တဲ့ လမ်းများကိုတေ့ာ မိမိဘက်က ငြင်းဆိုပြေးထွက်ခွင့် မရှိခဲ့ပါ။ “အမေ မသေခင်တေ့ာ ပြန်လာခဲ့ပါအုံး” လို့ ဟိုတနေ့က အမေကဖုန်းဆက်နေရင်းပြောတေ့ာ “အမေက ကျန်းကျန်းမာမာနဲ့ အသက်တစ်ရာကျော် နေရမှာ၊ ဘာကြောင့်လဲဆိုတေ့ာ ကျွန်တော့်အမေ ဖြစ်နေလို့လေ” လို့ ကျွန်တော်က ပြောပြတေ့ာ အမေက သဘောကျကာ ရယ်နေခဲ့ပါသည်။
အချို့သောဒဏ်ရာများကို ဘောလုံးများလို ကျွန်တော်တို့ ငြင်းဆန်ပုတ်ထုတ်ခွင့် မရှိခဲ့ပါ။
“ငါ့အတွက် ချွေးသိပ်ဖို့ အိမ်ရယ် ရှိအုံးမလား
ငါ့အတွက် မေတ္တာတရားတွေ ရှိအုံးမလား
ဒါဟာ အဆုံးသတ်ခြင်း တခုလား
ဒါဟာ အစပြုခြင်းတခုလား
လေလွင့်ခြင်း လမ်းမများ”
မနက်စော ၅ နာရီဆိုတာမှာ ရက်ရာဇာနဲ့ ပြဿဒါးရက်များလို အချိန်ကောင်း၊ အချိန်ဆိုးဆိုတာမျိုး ရှိသလား၊ ဒါမှမဟုတ် အခြားသောအဓိပ္ပာယ်တွေ မည်မျှရှိနေနိုင်သလဲဆိုတာ မသိပေမယ့် ကျွန်တော့်အတွက်တေ့ာ တနေ့တာအလုပ်တွေကို စတင်ရမယ့်အချိန် ဖြစ်ပါသည်။
အလုပ်ထဲမှာနေထိုင်လုပ်ကိုင်နေရင်းနဲ့ ညနေအိမ်ပြန်ရောက်တဲ့အခါ အဝတ်လျှော်ဖို့၊ ထမင်းဟင်းချက်ဖို့၊ အစိုးရဆီကလာတဲ့စာတွေဖွင့်ဖောက်ဖို့၊ လိုအပ်တာတွေအတွက် စျေးဝယ်ထွက်ဖို့ စတာတွေအတွက်လည်း တခါတည်း စဉ်းစားထားရလေ့ရှိပါသည်။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ စစ်အကူမပါသောတိုက်ပွဲအလယ်ခေါင်တည့်တည့်ပဲ ကျွန်တော်တို့ ရောက်ရှိနေကြပါသည်။
ညဆိုသည်မှာ နေ့တနေ့ကို မြန်မြန်အဆုံးသတ်ပစ်လိုက်ဖို့ဖြစ်ပြီး မနက်ခင်းဆိုသည်ကတေ့ာ နေ့တနေ့ရဲ့လမ်း များပေါ် လိုက်လျောလျှောက်လမ်းဖို့အတွက် နီးစပ်ရာလမ်းတလမ်းပေါ် အမြန်ခုန်တတ်လိုက်ဖို့သာ ဖြစ်ပါ သည်။ ဘဝဆိုသည်မှာ အချိုဓာတ်နည်းနည်းဒဏ်ရာများများထည့်ထားသော ကော်ဖီတခွက်သာ ဖြစ်ပါသည်။
အိမ်ရှေ့ထွက်လာခဲ့ဖို့၊ ဒါမှမဟုတ် လဲမှို့များလို တနေရာရာ လွင့်ထွက်သွားဖို့ လမ်းများသည် ကျွန်တော့်ကို အမြဲ ခေါ်နေလေ့ရှိပါသည်။
တကယ်တေ့ာ “လေလွင့်ခြင်းလမ်းမများ”ကိုယ်တိုင်သည်ပင် ဘဝတခုဖြစ်ပါသည်။ ။
ဆောင်းဝေ (နတ်မောက်)
အောက်တိုဘာ၊ ၉၊ ၂၀၂၂
ရည်ညွှန်း။ ။တေးရေး- မြင့်မိုးအောင်၊ တေးဆို- ထူးအိမ်သင် ရဲ့ သီချင်းစာသားများကို အသုံးပြုထားပါသည်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar