လင်းလက်နွေဦး - အိမ်စောင့်ကြီး
အိမ်စောင့်ကြီး
လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၂
အိမ်စောင့်အစိုးရနဲ့တော့ နည်းနည်းမှ မမှားစေချင်။ သူတို့ အိမ်စောင့်တာ ခိုးဖို့ ဝှက်ဖို့ ပြီးတော့ အသာစီးကနေ ဘုရားဒကာကြီးလုပ်ဖို့။ ကျနော် အိမ်စောင့်တာကတော့... ပြော မပြောချင်ဘူး။ အဲ... ‘မပြောချင် ပြောမနေနဲ့’လို့တော့ ထိပ်က မပိတ်လိုက်နဲ့နော်၊ ပြောချင်လို့ကို ပြောနေတာပါ။ အရင်တခါက နေ့ခင်းကြောင်တောင် မေဝင်းမောင်တို့မလာဘဲ၊ ပုလင်းထောင်တဲ့ကောင်တွေ တအုပ်တမကြီး ဝင်ခိုးကြတဲ့အကြောင်း ပြောခဲ့တယ်နော်။ အဲကွန်ပရက်ဆာနဲ့ ဒိုင်နမို အတွဲလိုက်ကြီး အခိုးခံလိုက်ရလို့၊ သူပေးလူပေးလေး နဲ့ (ပေးတဲ့သူကိုမှ လူလို့ ပြောချင်တာတော့မဟုတ်ပါဘူး) မော်တာလေးတပ်ထားရတယ်လေ။ မိုးတွင်း ‘ရေဂိတ်’တက်နေတုန်းတော့ အဆင် ပြေမှာပေါ့။ နွေရာသီတော့ လျောက်လျားပေါ့။ တခါ ဝင်ခိုးပြီးရင် နောက်တခါ မခိုးလောက်တော့ပါဘူး... နှော။
ခြံစည်းရိုးကလည်း အရင်တိုင်း ခနော်ခနဲ့ပါပဲ။ ဒီခေတ်ကြီးထဲမှာ ဘာမှမလုပ်ရဲဘူးလေ။ တို့ တို့ကြေး၊ ထိ ထိကြေးဆိုသလိုပါပဲ။ ဈေးနှုန်းတွေဟာ (၂)နဲ့ မြှောက်ထား၊ (၃)နဲ့ မြှောက်ထားတာချည်းပါပဲ။ ရေချိုးတဲ့နေရာလေးလုပ်ဖို့ အချဉ်ဝါးလေး၊ တင်းဝါးလေး သုံးလေးလုံးသွားဝယ်တာတောင် နှစ်သောင်းကျော်သွားတယ်။ ဒါတောင် အပေါ်က အလကားရတဲ့ အုန်းလက်တွေတင်ထားလို့။ ဝါးကပ်မိုး သွပ်မိုးမယ်ဆိုရင် သိန်းကျော်သွားပါလိမ့်မယ်။ လူအစိုးရတုန်းက စင်ကာပူအမီမလိုက်နိုင်ပေမယ့်၊ စစ်အစိုးရလက်ထက်ရောက်တော့ ဟော... အများကြီး ကျော်တက်သွားပြီ။ ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံတွေထဲမှာ ပါလာပြီလေ။ အရင်တုန်းက နိုင်ငံ့ကျန် းမာရေးအဆင့်ကိုဖတ်မိတိုင်း စိတ်ပျက်ဖူးတယ်။ အဲတုန်းက အောက်ဆုံးနားမှာ ကပ်နေတာလေ၊ အောက်က စရေတွက်ရင် အဆင့်(၃)လောက် ရှိတာကိုး။ ဟော... အခုကျ ထိပ်ဆုံးနား ကပ်နေတာပဲ၊ အဘတို့ ကျေးဇူး -ီးတောင် မမေ့ဖူး။
ဈေးပေါတဲ့ဝိုင်းကွက်လေးပဲ ဝယ်နိုင်ခဲ့လေတော့၊ ဝင်ဒါမီယာရပ်ကွက်ပေါ့လေ။ လေးဘက်လေးတန်မှာ ဒီမောင်တို့ တစ်အိမ်ထဲပဲ။ အဲတော့ သူခိုးမပြောနဲ့ ကိုယ်တောင် သွားရည်ယိုတယ်။ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့။
အခြေအနေတွေကပဲ သွေးဆောင်ဖြားယောင်းနေလေသလား။ သူများစကားငှားသုံးရရင် ‘ဘုရင်ရူး တာလည်း မပြောနဲ့ ကျွန်ရူးတွေက များတာကိုး’ပေါ့လေ။ တိုင်းပြည်ဘဏ္ဍာတွေကလည်း မြေပေါ်မြေအောက် ပေါဌေး၊ သေဆို သေ ရှင်ဆို ရှင်မယ့် အရိုးကိုက်တွေကလည်း ရိုက်သတ်လို့မကုန်၊ ‘မှန်နင်းကီးပဖရာ့ မှန်နင်းကီးပဖရာ့’ ဆိုတဲ့ မင်းပရော ဟိတ် ဝမ်းတွင်းရူး၊ ကြီးရူးတွေကလည်း တဒယ်စာလောက်ကြီး ဆိုတော့၊ မခိုး ခိုးအောင် တွန်း ပို့နေတာပဲမဟုတ်လား။ မဟုတ်ဘူး၊ သူခိုးမို့လို့ ခိုးတာပါ။ ဒီနားမှာ အိမ်တအိမ်ရှိတယ်၊ ချောင် ကျတယ်၊ လာ သွားခိုးရအောင်လို့ ခေါ်မယ်ဆိုရင် သူသူကိုယ်ကိုယ် ဘယ်သူမှ လိုက်မှာမဟုတ်ဘူး။
ဒို့က အလုပ်နဲ့ အကိုင်နဲ့၊ သူများပစ္စည်း ဘာလို့ ခိုးမှာလဲ။ ကိုယ့်ဘာသာလိုချင်တာရအောင် လုပ်နိုင်တယ်၊ ဘာလို့ ခိုးမှာလဲ။ သူများပစ္စည်း မတရားလိုချင်တာ ရှက်စရာကြီးကွာ၊ မခိုးကြနဲ့လို့တောင် တားကြအုံးမှာမဟုတ်လား။ ငယ်ငယ်က အကြီးတွေနဲ့ ကြက်ခိုးစားဖူးတယ်၊ အပျော်ပေါ့။ ဒါပေမယ့် ကြက်ပိုင်ရှင်မိန်းကလေးက သူ့မုန့်ဖိုးပဲဖိုးလေးနဲ့မွေးထားတဲ့ ကြက်မှန်းလည်း သိရော မပျော်တော့ဘူး။ တညခံအပျော် ပါပဲ။ နောက်နေ့မှာ ကျနော်တို့တတွေ အားလုံးစုပြီး ကြက်ပြန်ဝယ်ပေးကြတယ်။ တောင်းပန်ကြပါတယ်။ အိမ်ရှင်အဒေါ်ကြီးတို့ကတော့ ဗွေမယူပါဘူး။ ရိုးရာလည်းဖြစ်၊ ကလေးသဘာဝလည်း ဖြစ်နေတာကိုး။
သူခိုးတွေမှာတော့ လူကြီးမိဘတွေ ရှိဟန်မတူဘူး။ သွန်သင်ဆုံးမမယ့်သူလေ။ ဗီတာမင်ချို့တဲ့တာကမှ အလွယ် တကူ ဝယ်သောက်လို့ရသေးတယ်။ ပျောက်တာ မြန်သေးတယ်။ ဟုတ်တယ်လေ၊ ဗီတာမင် ဘီဝမ်းချို့တဲ့လို့ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့ကလေး၊ ဘီဝမ်းတချောင်းနဲ့ ဂျောင်းဂျောင်းပြေးတယ်။ ခုသူခိုး တွေကျတော့ အသိစိတ်ချို့တဲ့တာ။ ‘ငါရ ပြီးရော’ဆိုတာပဲ သိတာ။
သူခိုးချင်းမတူဘူး။ ရှေးက ငတက်ပြားတဲ့ ကြားဖူးကြပါတယ်။ သူခိုးဘုရားဒကာပေါ့လေ။ ဒါကိုပဲ အတုယူမှားကြတယ်ထင်ပါရဲ့၊ ခိုးပြီးမှ လှူကြတာတွေလေ။ ငတက်ပြားရဲ့စိတ်ဓာတ်က လေးစားစရာပါဗျ။ ကြီးမြတ်တဲ့စိတ် ရှိတယ်။ သမဝါယမစိတ်ဓာတ်လို့ ပြောလို့ရမယ် ထင်တယ်။ ချမ်းသားကြွယ်ဝမှုကို ဝေမျှ စားသုံးစေတာမဟုတ်ဘူးလား။ ချမ်းသာတဲ့သူတွေဆီကနေ နည်းနည်း ခိုးယူတယ်။ စီးပွားပျက်အောင် ထိလည်းမခိုးဘူး။ နောက်၊ စည်းကမ်းရှိတယ်။ သူ့ခြေသည်း လက်သည်းလေး ပဲ့ကျန်ရစ်ရင်တောင် ရအောင် ပြန်သွားရှာတယ်တဲ့။ လက်သည်းကနေ DNA အစစ်ခံရမှာကြောက်လို့တော့ မဟုတ်ပါဘူး။ အိမ်ရှင်လာဘ်တိတ်မှာ စိုးလို့တဲ့လေ။ နောက်တခါ ထပ်ခိုးချင်လို့များလား။ ခုခေတ်များ ဘယ်လို ဓာတ်ရိုက်ဓာတ်ဆင်ကြီးလဲ၊ အီးအီးပုံကြီး ဟီးနေအောင် ယိုသွားကြတယ်နော်။ ကန်တော့ပါရဲ့။
သူခိုးချင်းတော့ မတူဘူးရယ်။ အိန္ဒိယဇာတ်ကားတကား ကြည့်ဖူးတယ်။ လက်ပွားမင်းသား ထင်တာပဲ။ လုံခြုံရေးအထပ်ထပ်ချထားတဲ့၊ ခေတ်မီဘဏ်ကြီးထဲက စိန်တုံးကြီးကို ခိုးတာလေ။ ခေတ်မီပစ္စည်းတွေကို ဂျိမ်းစ်ဘွန်းလို သုံး၊ စွန့်စားခန်းတွေကို ဂျက်ကီချမ်းလို ကစားသွားတာ။ လှတယ်။ ဟိုတနေ့က ဂျိမ်းစ်ဘွန်း အနှစ်ဘယ်လောက်ပါလိမ့် လုပ်သွားတာ။ ရိုက်ကူးရေးမှာ သုံးထားတဲ့ဇာတ်ဝင်ပစ္စည်းတွေ လေလံတင်ရောင်းသွားတာ။ ကြည့်ရင်း စဉ်းစားမိတယ်၊ အော်...ဒို့ဆီက နွေဦးဘွန်းတွေ ရန်ပုံငွေလေလံပစ္စည်းတွေလာဝယ်ကြရင် ဘယ်လောက်အကျိုးရှိမလဲပေါ့။ ဟုတ်တယ်လေ၊ ခင်ဗျားတို့ဟာက မက်ဒေါနားရဲ့အတွင်းခံ ကြီးလိုပဲ။ အမြတ်တနိုး သိမ်းထားလို့ပဲရမယ်။ ဧည့်ခံထဲချိတ်ထားလို့လည်း သင့်တော်မယ်မထင်ပါဘူး။ ဝတ်ပစ်ရ အောင်လည်း တန်ဖိုးက မသေးဘူးလေ။ အော်... ကားရောင်းပြီး အာလူးတွေ ပေါင်မုန့်တွေ ဝယ်တာ ‘မာသာထရီဇာ’ တယောက်တည်းပဲကိုး။ ထားပါတော့၊ လက်ပွားမင်းသားကတော့ တကယ့်သူခိုးဗျ၊ သူ့နိုင်ငံရဲ့ ရတနာကို နယ်ချဲ့ရင်း မတရားယူသွားလို့ ပြန်ခိုးယူတာပါ။
သူခိုးချင်း တကယ်မတူဘူးရယ်။ စိတ်ကူးစိတ်သန်းတွေ။ ဉာဏ်ပညာတွေ။ မင်းသိင်္ခရဲ့ဝတ္ထုတအုပ်ထဲက သူခိုးကတော့ အတွေးတမျိုး။ ‘သူ့နေရာ သူပြန်ထား’ တဲ့လူ။ မူလနေရာကနေ မလျှော်ကန်တဲ့နည်းတွေနဲ့ သိမ်းပိုက်ခံထားရတယ် ဆိုပါတော့။ သူက ရအောင် ပြန်ယူပြီး သူ့မူလနေရာ ပြန်ထားတာ။ နောက်ဆုံးဘုရားဌာပနာထဲရောက်နေတာတောင် ငလျင်အလှုပ်စောင့်ပြီး ဝင်ယူတာ၊ ပြန်ထားတာမျိုးပေါ့။ ဗေဒင်နက္ခတ်ကလည်း ဘာတတ်သလဲ မမေးနဲ့။ ဘာသာစကားအမျိုးမျိုးလည်း ဘာပြောတတ်သလဲ မမေးနဲ့။ ဘာမှ မမေးနဲ့၊ ဂူဂဲလ်ခေါက်လိုက်သလို အကုန်သိတဲ့ သူခိုးမျိုး။ ဒီသူခိုးသာ ရှိရင်တော့ ကျီးကန်းသိုက်ထဲက တိုင်းပြည်ကို ပြန်ခိုးပေးနိုင်လောက်တယ်။
အကြည်တော်ရဲ့ သူခိုးတော့ မပြောတော့ပါဘူး။ သူက လူကြီးငုတ်တုတ်ဆိုတော့ မူပိုင်ခွင့်တွေ ဘာတွေနဲ့ လာကိုင်နေလိမ့်မယ်။
ပြောချင်တာက၊ တခါဝင်ခိုးပြီးရင် နောက် လက်ရှောင်လောက်ပြီ ထင်နေတာ။ လူစိတ်ရှိမယ်ပေါ့။ ဒါပေမယ့် တနေ့က ကံကောင်းချင်တော့ ဆိုင်ဖွင့်နောက်ကျနေတာ။ သွားခါနီး၊ ဘာလုပ်နေပါလိမ့်... မီးလာလို့ ရေတင်နေတာ။ လူရိပ်တွေ့လို့ လှမ်းကြည့်တော့ နောက်ကျောပဲ မြင်ခဲ့တာပါ။ သဘောပေါက်သွားပြီ။ ကျနော် တို့လမ်းက တဘက်ပိတ်ကြီး။ ဟင်းရွက်ခူးသလိုလို မှိုရှာသလိုလို။ ဆူးပုတ်ပင်တောင် ခုတ်ပစ်လိုက်ပြီရယ်။ နောက်တရက်၊ မနက်အစောကြီး လမ်း လျှောက်နေတုန်း၊ လူတယောက် ထပ်တွေ့တယ်။ အရင်တခါလည်း ဒင်းတို့တွေ့ပြီး နောက်ရက် ပစ္စည်းပျောက်တာပဲ။ သူ့မမေးဘဲနဲ့ ‘မှို’ရှာတာပါဗျာတဲ့။
သီတင်းကျွတ်ပြီတဲ့။
ဘုရားလည်း မသွား၊ ဥပုသ်လည်း မစောင့်။ မီးပုံပျံလည်း မလွှတ်။ ဘုရားလည် မျက်နှာပြောင်တိုက် အလေ လိုက်နေတဲ့သူတွေကိုလည်း ထိုင်ဆဲမနေတော့ဘူး။ ကိုယ့်အိမ် ကိုယ်စောင့်ပြီး၊ စာတွေပဲ ထိုင်ဖတ်နေလိုက်တော့တယ်။
ဝဋ်ဒုက္ခကလည်း မာလည်း မာပါ့၊ ကြီးလည်း ကြီးပါ့၊ ရှည်တော့ မရှည်လောက်ပါဘူးလေ။
လင်းလက်နွေဦး
၁၁.၁၀.၂၀၂၂ ညနေ ၂နာရီ ၃၂မိနစ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar