အာဆီယံ နှစ်ပတ်လည် ညီလာခံ၊ ကုလသမဂ္ဂ ညီလာခံနဲ့ မြန်မာ့အရေး
အာဆီယံ နှစ်ပတ်လည် ညီလာခံ၊ ကုလသမဂ္ဂ ညီလာခံနဲ့ မြန်မာ့အရေး
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၆ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၂
အာဆီယံ နှစ်ပတ်လည် ညီလာခံ၊ ကုလသမဂ္ဂ ညီလာခံနဲ့ မြန်မာ့အရေး
လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ့် အာဆီယံနှစ်လည် အစည်းအဝေး မတိုင်ခင် အာဆီယံနိုင်ငံခေါင်းဆောင်တွေ မြန်မာ့အရေးဆွေးနွေးကြဖို့ အစည်းအဝေးက ခုရက်မှာကျင်းပဖို့ရှိတယ်။ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ခုချိန်ထိ အာဆီယံ ဥက္ကဌ ၂ နိုင်ငံအလှည့်ကျပြီဖြစ်ပြီး မကြာခင် တတိယမြောက်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက တာဝန်ယူမှာဖြစ်ပါတယ်။ မြန်မာ့အရေးက နှစ်နှစ်နီးပါး အချိန်ရောက်လာသလို အာဆီယံအလှည့်ကျ ၂ နိုင်ငံပြောင်းပြီးဖြစ်ပါတယ်။
ပထမအလှည့်က ဘရူနိုင်းနိုင်ငံဖြစ်သလို ဒုတိယအလှည့်က ကမ္ဘောဒီးယားနိုင်ငံ ဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ဒီလောက် အပြန်အလှန်အဆက်အစပ်တွေမရှိသလို ဒေသတွင်းလည်း သြဇာကြီးတဲ့ နိုင်ငံမဟုတ်ဘဲ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို ပစ်ခတ်နှိမ်နှင်းမှုတွေ ဖေဖေါ်ဝါရီလကုန်ကစလို့ ဧပြီလအထိ ဆက်တိုက်ဖြစ်လာတဲ့နောက် ဧပြီလနှောင်းပိုင်း ဂျာကာတာမှာ စစ်ကောင်စီခေါင်းဆောင်ပါ ပါဝင်တဲ့ အစည်းအဝေးကနေ အာဆီယံသဘောတူညီမူ ၅ ချက်ကို စစ်ကောင်စီခေါင်းဆောင်ကပါ သဘောတူခဲ့တာပါ။ အဲဒီနောက် နှစ်နဲ့ချီကြာလာတဲ့အထိ အာဆီယံသဘောတူညီမူ ၅ ချက်ကို အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေတာ အခုအချိန်ထိ ဖြစ်ပါတယ်။
ကုလသမဂ္ဂအနေနဲ့လည်း မြန်မာ့အရေးကိစ္စမှာ လူသားချင်းစာနာမှု အကူအညီပိုင်းမှာသာ အတိုင်းအတာတခုထိ လုပ်ဆောင်နိုင်ပြီး နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင် ပဋိပက္ခတွေမှာ ဘာမှကြားဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမရှိပါဘူး။ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ၊ တရုတ်နိုင်ငံတွေက အာဆီယံမူ အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်တာကိုပဲ ထောက်ခံထားကြပြီး သီးခြားစီ ကြားဝင်ဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။
မြန်မာနိုင်ငံရဲ့ ပြဿနာက ကြားဝင်ဆောင်ရွက်တဲ့ ညှိနှိုင်းစကားပြောတာကို နှစ်ဘက်စလုံးက ကြိုဆိုကြတဲ့အနေအထား မဟုတ်ဘဲ အင်အားနဲ့ ဖြေရှင်းကြမယ့် ရပ်တည်ချက်မျိုးရှိတာကြောင့် အခုလို အာဆီယံသဘောတူညီမူ ၅ ချက် နဲ့အခြားသော ကြားဝင်မှုမျိုးတွေ မအောင်မြင်နိုင်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ နဲ့ မြို့တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေရဲ့ ရည်မှန်းချက်ပန်းတိုင်က တွေ့ဆုံဆွေးနွေးရေး မဟုတ်ဘဲ အဆုံးတိုင် အောင်ပွဲရဖို့ အနေအထားမျိုးဖြစ်လို့ ဘယ်လိုကြားဝင်ဆောင်ရွက်မှုမျိုးမှ အောင်မြင်နိုင်စရာ မရှိဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို နိုင်ငံတကာ အစိုးရတွေက လက်နက် အကူအညီ သို့မဟုတ် ငွေကြေး အကူအညီဘာကြောင့် မပေးတာလဲလို့ မေးခွန်းထုတ်စရာ ရှိပြီး အဲဒီမေးခွန်းရဲ့ အများလက်ခံနိုင်တဲ့ အဖြေမျိုးမရှိသေးဘူးလို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အာဏာသိမ်းပြီးခါစကတည်းက မြန်မာ့အရေးမှာ စစ်ရေးအရ အရေးယူမှုမျိုးကို မလုပ်ဘူးလို့ ထုတ်ပြန်ထားပြီးဖြစ်လို့ အဆိုပါ မူဝါဒက အခုချိန်ထိ ပြောင်းလဲမယ့်အရိပ်အယောင် မမြင်ရသေးပါဘူး။ ယူကရိန်းနဲ့ မြန်မာပြည်အရေး ကို နှိုင်းယှဥ်ကြရာမှာ စစ်အာဏာရှင်ဖြစ်တဲ့ မြန်မာနဲ့ ရုရှားတို့က အာဏာရှင် ခေါင်းဆောင်တွေရဲ့ ရက်စက်မှု အရပ်သားတွေကို ငဲ့ညှာခြင်းမရှိဘဲ ပစ်ခတ်တာ သတ်ဖြတ်တာ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ တူညီပေမယ့် ယူကရိန်းရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှု၊ နိုင်ငံတနိုင်ငံက အခြားနိုင်ငံကို ကျူးကျော်မှုတို့လိုမျိုးမှာ မြန်မာ့အရေးနဲ့ မတူညီတဲ့ သဘာဝဖြစ်ပါတယ်။
ခြုံပြောရရင်တော့ မြန်မာ့အရေးက မြန်မာပြည်တွင်းက အင်အားစုတွေအနေနဲ့ မိမိတို့ရဲ့ အင်အားနဲ့ မိမိတို့ရဲ့ မဟာဗျူဟာကိုသာ အဓိကတွက်ချက်ပြီး ဆုံးဖြတ်တိုက်ပွဲဝင်ရမယ့် သဘောကို ကောင်းစွာနားလည် သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို ဆန့်ကျင်ကြတဲ့ NUG လို အဖွဲ့အစည်း ၊ လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဦးဆောင်ကြသူတွေကို နိုင်ငံရေးအရ ထောက်ခံတာ၊ လူသားချင်းစာနာမှု အကူအညီမျိုးပေးတာကလွဲရင် စစ်ရေး အကူအညီမျိုးတွေ မျှော်လင့်နေခြင်းက လွဲမှားတဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး တော်လှန်ရေးကို အထောက်အကူမဖြစ်စေတဲ့အပြင် စိတ်အားတက်လိုက် ကျလိုက်ဖြစ်စေရုံသာ ရှိမယ့်အရေးကို အားလုံးနားလည် သဘောပေါက်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar