Breaking News

နိုင်ငံရေးကော စစ်ရေးမှာပါ အရှိန်မြင့်လာမလား


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၂ 


နိုင်ငံရေးကော စစ်ရေးမှာပါ အရှိန်မြင့်လာမလား

၂၀၂၂ နှစ်ကုန်ခါနီးမှာ အစိုးရတွေ လွှတ်တော်တွေက နှစ်ကုန်ခါနီး အကြွေးတွေ ရှင်းကြပါတယ်။ ရုံခါတယ်ပေါ့။ အမေရိကန်လွှတ်တော်က အထက်နဲ့ အောက်က အမတ်တွေလည်း လူပြောင်းလူလဲတွေ ဖြစ်ကုန်ကြတယ်။ ၂၀၂၂ ကြားကာလရွေးကောက်ပွဲရလဒ်အဖြစ် ပါတီ ၂ရပ်က အမတ်အရေအတွက် အတက်အကျဖြစ်ကုန်ကြတော့ နောက်လွှတ်တော်သက်တမ်းမတိုင်ခင် ဆုံးဖြတ်ချက်တွေ အတည်ပြုစရာတွေ အတည်ပြုကြတယ်။ အဲသည်ထဲမှာ မြန်မာ့အရေးဆုံးဖြတ်ချက်တွေလည်း သူတို့၏ အမျိုးသားကာကွယ်ရေးဥပဒေ NDAA ထဲ ပါဝင်သွားပါတယ်။ ယူအန်ဘက်ကလည်း သူတို့ အာဂျင်ဒါထဲမှာ မြန်မာ့အရေးတွေကို ရှေ့ကို တွန်းပို့လိုက်ကြပါတယ်။ ဥရောပဘက်လည်း သူတို့ အချိန်ဇယားထဲမှာ မြန်မာ့အရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာ၊ အချက်ပြတာတွေ လုပ်လာကြပါတယ်။ NUG နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ မှတ်တိုင်ကို စိုက်ထူလိုက်တဲ့ သဘောပါပဲ။

အာဆီယံဘက်မှာလည်း သူတို့အချိန်ဇယားတွေ သူတို့ရွေးကောက်ပွဲစဉ်တွေနဲ့ ချီတက်နေရာကနေ မြန်မာပြည်အရေးကိုလည်း တစုံတရာ ထုတ်ဖော်ပြောဆိုရတာ ဖိအားပေးရတာတွေ လုပ်ဆောင်လာကြပါတယ်။ ထိုင်းနိုင်ငံက နိုင်ငံရေးသမားတွေ စစ်ခေါင်းဆောင်တွေကိုယ်တိုင်က ထိုင်းမြန်မာနယ်စပ် မငြိမ်သက်မှုတွေကို ဒေသဆိုင်ရာ ညီလာခံတွေမှာ ထုတ်ဖော်ဆွေးနွေးကြတယ် ဆိုပါတယ်။ 

မြန်မာစစ်ကောင်စီ၏ အလယ်အလတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြတယ်လို့ အချို့ရင်းမြစ်တွေက ဆိုပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ နယ်မြေစိုးမိုးမိုးမှု နယ်မြေ ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ချိနခွင်ညှာ အပြောင်းအလဲတွေ အစုအဖွဲ့အထားအသိုတွေကို မြန်မာပြည်နယ်စပ်နဲ့ ဆက်စပ်နေသမျှ ပြည်ပအစိုးရတိုင်းက စောင့်ကြည့်ပြီး ခြေလှမ်းတွေ လှမ်းနေကြတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ၏ စဉ်းစားချက်မှာ နွေဦးတော်လှန်ရေးအင်အားစုတွေ၏ အတိုင်းအတာနဲ့ သက်ရောက်မှုကို မြင်နိုင်ပါတယ်။

FATF လို့ခေါ်တဲ့ Money laundering and terrorist financing watchdog Financial Action Task Force (FATF) က မြန်မာကို အောက်တိုဘာလထဲမှာ အနက်ရောင်အဆင့် - အမည်ပျက်စာရင်းထည့်လိုက်ပြီးနောက် မြန်မာပြည်တွင်းက ငွေကြေးဆိုင်ရာလုပ်ငန်းတွေမှာ အကန့်အသတ်တွေ ဖြစ်ကုန်ပါတယ်။ Radio NUG နဲ့ မကြာခင်က စစ်ကောင်စီလက်ထဲက လွတ်မြောက်လာသူ ဦးကျော်ဌေးဦး အင်တာဗျုးမှာ FATF ကြောင့် မြန်မာငွေကြေးလည်ပတ်မှု ကုန်သွယ်မှုတွေမှာ တရားဝင်ငွေစီးဆင်းမှုတွေ ကြပ်တည်းကုန်လိမ့်မယ်လို့ သုံးသပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

သာဓကတခုကတော့ - အကြမ်းဖက်စစ်တပ်ကုမ္ပဏီတွေနဲ့ ရိုးမဘဏ် စီးပွားရေးပတ်သက်နေတဲ့အကြောင်း ဖော်ထုတ်ပြီးနောက် ရိုးမဘဏ်ကနေ IFC နုတ်ထွက်သွားခဲ့ပါတယ်။ ဒီဇင်ဘာ၂၀ ရက်မှာ Justice For Myanmar ကဖော်ပြပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မယ့်အကြောင်း အဲဒီလုပ်ငန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတဆင့် Justice For Myanmar က အတည်ပြုထားပါတယ်။

စစ်ရေးမှာ မြန်မာပြည်တွင်းက နေပြည်တော်နဲ့ ရန်ကုန်တို့လို မြို့ကြီးတချို့ကလွဲရင် ကျန် မြို့ရွာတွေအကုန်လုံးနီးပါး အထွေထွေအုပ်ချုပ်ရေးနဲ့ ပျက်သုန်းနေပြီလို့ ရင်းမြစ်တွေက သုံးသပ်ကြပါတယ်။ စစ်ကိုင်းတိုင်းဟာ အခြေအနေအဆိုးဆုံးလို့ ဆိုနိုင်ပြီး အင်တာနက်ဒေတာ ပိတ်ဆို့မှု အများဆုံးခံစားနေရတယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရဲတပ်များ ကိုယ်တိုင်က မြို့တွင်းက စခန်းအိမ်ယာတွေထဲမှာ ခံတပ်တွေနဲ့ ပိတ်ဆို့ကာဆီးပြီး နေထိုင်နေကြတယ်၊ အရေးပေါ်လိုအပ်မှသာ စစ်ရေးအတွက် အပြင်ကို ထွက်ကြရာမှာလဲ အကာအကွယ်တွေနဲ့သာ ထွက်နိုင်တယ်လို့ ဆိုပါတယ်။ မြို့ပြင်ဘက်ထွက်လိုက်ရင် စစ်ဆေး ပိတ်ဆို့ ကင်းစခန်းတွေ အများအပြားချထားတာမှာ လိုကယ်ပီဒီအက်ဖ်တွေ NUG PDF တပ်ရင်းတွေ၏ ကင်းစခန်းတွေက အများဆုံးဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ 

အစစ မလုံခြုံတဲ့ကြားက ပြည်သူတွေဟာ ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြပြီး တော်လှန်ရေးအင်အားစုတွေ၏ အဆက်အသွယ် အချိတ်အဆက်တွေအပေါ် အားထားရတယ်လို့ ဆိုကြပါတယ်။ ပြူစောထီးတပ်တွေ ပြူစောထီးရွာတွေကလည်း စစ်တပ်နဲ့ အပြန်အလှန်မှီခိုပြီး ရပ်တည်နေကြပေမယ့် ပြူတွေကိုယ်တိုင်ကလည်း သူတို့၏ အသက်ရှင်သန်ရေးအတွက် အချိန်မရွေး အရောင်ပြောင်းလဲနေကြတယ်လို့ ရင်းမြစ်တချို့က သုံးသပ်ပါတယ်။ 

ထို့ကြောင့် ကျေးလက်နဲ့ မြို့ရွာ အုပ်ချုပ်ရေးမှာ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခိုလှုံမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရကြောင်း၊ အချို့ ရွေ့ပြောင်းနေထိုင်သူအုပ်စုတွေမှာ ကိုယ်စီလက်နက်တွေ ကိုင်ဆောင်ထားကြတာကြောင့် ဘယ်ဘက်ကို သစ္စာစောင့်သိသလဲဆိုတာထက် နယ်မြေအခြေအနေပေါ်မူတည်ပြီး လှုပ်ရှားနေကြကြောင်း မှတ်ချက်ပေးကြပါတယ်။

နောင်နှစ်အတွက် အစိုးရနိုင်ငံအသီးသီးက သူတို့အရေးအပြင် မြန်မာ့အရေးကို ဆွေးနွေး တိုင်ပင် သုံးသပ်ပြီး ပေါ်လစီပိုင်း အလုပ်သဘောပိုင်း ပြင်ဆင်နေကြသလို မြန်မာပြည်သူတွေနဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေကလည်း နောင်နှစ်အတွက် ပြတ်သားမှုကို ဦးတည်မယ့် ဆွေးနွေး တိုင်ပင် ဆုံးဖြတ်မှုတွေနဲ့ ပြင်ဆင်နေကြပြီလို့ မျှော်လင့်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar