Breaking News

ပစ်ခတ်မှု၊ ပေါက်ကွဲမှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးခံရမှု၊ သေဆုံးမှု၊ နေအိမ်မီးလောင်ဆုံးရှုံးမှုတွေနဲ့ တနှစ်တာ



မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၄ မြင်ကွင်း

မိုးမခ - ဒီဇင်ဘာ ၂၅၊ ၂၀၂၂


ပစ်ခတ်မှု၊ ပေါက်ကွဲမှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးခံရမှု၊ သေဆုံးမှု၊ နေအိမ်မီးလောင်ဆုံးရှုံးမှုတွေနဲ့ တနှစ်တာ 

၂၀၂၂ ခုနှစ် တနှစ်တာကာလကို ပြန်တွေးကြည့်တဲ့အခါ ပစ်ခတ်မှု၊ တိုက်ပွဲ၊ လက်နက်ကြီး၊ အသက်ဆုံးရှုံးမှု၊ ဖမ်းဆီးခံရ၊ လုပ်ကြံသတ်ဖြတ်မှု၊ နေအိမ်တွေ စပါးကျီတွေ မီးရှို့ခံရခြင်း၊ လုယက် သတ်ဖြတ်ခြင်း၊ ဓါးပြတိုက်ခြင်း နဲ့ ဖမ်းဆီး ထောင်ချခြင်း၊ စီရင်ကွပ်မျက်ခြင်းတို့နဲ့ ပြည့်နှက်နေခဲ့တဲ့ တနှစ်တာ ဖြစ်ပါတယ်။ 

ဒီလိုအချိန်မှာပဲ ငြိမ်းချမ်းရေး၊ တိုးတက်မှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံးတွေလည်း သတင်းတွေထဲ ဖတ်ရှုနေရပေမယ့်လည်း ဒီစကားလုံးတွေနဲ့ အပြင်မှာ တကယ်ဖြစ်ပျက်နေတာက လုံးလုံးလျားလျား ဆန့်ကျင်ဘက် အဖြစ်အပျက်တွေသာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး ဒုတိယမြောက်နှစ် ဖြစ်တဲ့ ၂၀၂၂ ခုနှစ်ကို ပြန်သုံးသပ်ကြည့်ရင် လက်နက်ကိုင် တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာတာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ဖြစ်ပွားနေတဲ့ ဒေသတွေအပြင် ထပ်မံကျယ်ပြန့်လာတဲ့ ဒေသတွေလို့ ဆိုရင် အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ သြဂုတ်လကနေ နိုဝင်ဘာလကုန်ထိ ၄ လတာ ပြည်နယ်ရဲ့ ၃ ပုံ ၁ပုံ ခန့်ဧရိယာတွေမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် သေဆုံးမှုတွေသာမကပဲ အရပ်သား သေဆုံးမှုတွေလည်း အများအပြား ရှိခဲ့တာ ဖြစ်ပါတယ်။ မောင်တောမြို့နယ်ထဲက ကျေးရွာမှာ ကလေးကင်ပွန်းတပ် အလှူလုပ်နေတဲ့ နေရာကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ကျေးရွာသူ ကျေးရွာသား ၁၃ ဦးသေဆုံးခဲ့တဲ့ အဖြစ်အပျက်က မကြာသေးတဲ့ ဖြစ်ရပ် တခုဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာတော့  ရင်ဆိုင်တိုက်တဲ့ တိုက်ပွဲမျိုးဆိုတာထက်၊ စစ်ကောင်စီက ကျေးရွာတွေကို ဝင်ပြီး မတိမ်းရှောင်နိုင်လို့ ကျန်ခဲ့တဲ့ အရပ်သားတွေကို နှိပ်စက်စစ်မေးတာ သတ်ဖြတ်တာတွေ လုပ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့ ဖြစ်စဥ်တွေက တရွာပြီးတရွာ ၊ တကြိမ်ပြီးတကြိမ် ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ တနှစ်တာအတွင်း မကြုံရသေးတဲ့ ကျေးရွာတွေ မကျန်လောက်အောင် တရွာပြီးတရွာ ကြုံကြရသလို တကြိမ်မက ကြုံရတဲ့ကျေးရွာတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ တကြိမ် စစ်ကောင်စီတပ်ဝင်မွှေပြီး မီးရှို့ဖျက်ဆီးခံရချိန် ကျန်ခဲ့တဲ့ နေအိမ်တွေ အနေနဲ့ ကံကောင်းပြီလို့ မမှတ်ယူနိုင်ဘဲ နောက်တကြိမ် ဝင်တဲ့အခါမှာ မီးရှို့ခံရနိုင်သေးတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းတို့မှာ ကြုံတွေ့နေရတဲ့ ဖမ်းဆီးမှု သတ်ဖြတ်မှု နဲ့ နေအိမ်မီးရှို့မှုတွေက တခြားဒေသတွေထက် ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးဖြစ်ပြီး မြေလှန်စနစ်နဲ့ လက်နက်ကိုင် တိုက်ခိုက်မှုကို ချေမှုန်းဖို့ စစ်ကောင်စီဘက်က မဟာဗျူဟာ ချမှတ်ထားတယ်လို့ ယူဆရပါတယ်။ ဒီဒေသက သူတွေ အဖို့ စိုက်ပျိုးရာသီ၊ ရိတ်သိမ်းရာသီတွေမှာလည်း စိတ်ချလက်ချ စိုက်ပျိုး ရိတ်သိမ်းနိုင်ခြင်းမရှိပဲ ရိက္ခာဆုံးရှုံးတာ၊ ငတ်မွတ်မှု ဝင်ငွေမရှိတဲ့ အခက်အခဲတွေကို အပိုဆောင်း ထပ်မံခံစားကြရတဲ့ ဒေသတွေ ဖြစ်နေတာပါ။ 

၂၀၂၂ ခုနှစ်အတွင်း ထူးခြားတဲ့ အချက်တချက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကို ပိုအသုံးပြုလာတာ ဖြစ်ပါတယ်။ မြေပြင်မှာ တမြို့နဲ့ တမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ ရေလမ်းတွေက တဆင့် စစ်ကူပို့ဖို့ ပိုမိုခက်ခဲလာခြင်းကြောင့်လည်း စစ်ကောင်စီက ဖြစ်တဲ့နေရာတိုင်းကို ရဟတ်ယာဥ် နဲ့ တိုက်လေယာဥ် နဲ့ အကူပစ်တာ တိုက်ခိုက်တာ၊ စစ်သားတွေကို ရဟတ်ယာဥ်နဲ့ ချပေးပြီး ရုတ်တရက် ဝင်တိုက်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အရင်ကာလတွေမှာ လေကြောင်း ပစ်ကူ၊ လေကြောင်းက အင်အားပို့တာတွေ လုပ်ဆောင်တာ နည်းပါးခဲ့ပေမယ့် အခုနှစ်မှာ ဘယ်နေရာ တိုက်ပွဲဖြစ်ဖြစ် လေကြောင်း ပစ်ကူက ပါလာတော့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ကောင်စီ စိုးမိုးထားတယ် ဆိုတဲ့ လမ်းကြောင်းက နည်းပါးလာရာက လေကြောင်း အကူအညီကို ပိုအသုံးချလာတာ လည်းဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ် တနှစ်တာအတွင်း လုပ်ကြံသတ်ဖြတ်ခံရခြင်းနဲ့ ကွပ်မျက်ခံရတဲ့ သူအရေအတွက်လည်း နိုင်ငံတဝှမ်းမှာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းနဲ့ ချီရှိခဲ့တာ ဖြစ်ပါတယ်။ အများစုကို စစ်ကောင်စီဘက်က ကျူးလွန်တာဖြစ်ပြီး အချို့သော အရေအတွက်ကတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျား အဖွဲ့တွေ၊ PDF အဖွဲ့တွေဘက်က သတင်းပေးလို့ စွပ်စွဲ သတ်ဖြတ်မှုတွေလည်း အတိုင်းအတာတခု အထိ ရှိနေတာဖြစ်ပါတယ်။ အရပ်သားတွေကို မျက်ကွယ်မှာ သေဒဏ်စီရင်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းက နိုင်ငံရေးအရ၊ လူ့အခွင့်အရေး စံနှုန်းတွေအရတော့ လက်ခံဖို့ ခက်ခဲလိမ့်မှာ ဖြစ်ပြီး တချိန်ချိန်မှာ တရားမျှတမှုအတွက် တာဝန်ခံဖို့ တောင်းဆိုမှုတွေရှိလာနိုင်တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ကျူးလွန်တဲ့အရေအတွက် နဲ့ နှိုင်းယှဥ်ပြောစရာ မဟုတ်သော်လည်း တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စွပ်စွဲမှု တိုင်ကြားမှု ရှိရုံမျှနဲ့ လုပ်ကြံသတ်ဖြတ်တာတွေဟာ ရေရှည်မှာ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်ပါတယ်။ တဖန် PDF အချင်းချင်း နယ်မြေ အပေါ် လုပ်ပိုင်ခွင့်အပေါ် မူတည်ကာ ပွတ်တိုက်မှု ပဋိပက္ခဖြစ်ပွားကြရာမှာလည်း ဖမ်းဆီးသတ်ဖြတ်ကြတဲ့ ဖြစ်ရပ် တွေ တခုမက ဖြစ်ပွားလာနေပြီး ဒီ ၂၀၂၂ ခုနှစ်ကို ပြန်လည် သုံးသပ်ကြည့်တဲ့အခါ အရေအတွက်တွေ တိုးလာနေတာ ဖြစ်ပါတယ်။ တိုက်ပွဲ ဝင်နေလို့ အခုလို အရေအတွက်တိုးလာတာလို့ ဆိုကောင်းဆိုနိုင်သော်လည်း အရေအသွေးဆိုင်ရာ ပြဿနာ တရပ်ဖြစ်မလာဖို့ ဒီကိစ္စတွေကို သုံးသပ် ပြင်ဆင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ 

၂၀၂၂ ခုနှစ် မှာ သံတမန်အရေး အောင်မြင်မှုတွေ ဘာတွေရှိခဲ့လဲ သံတမန်အရေး အောင်မြင်မှုတွေက မြေပြင်က လက်တွေ့တိုက်ပွဲကို ဘာတွေ အထောက်အပံ့ ဖြစ်စေခဲ့သလဲ ဆိုတာလည်း သုံးသပ်ရမယ့် အကြောင်းအရာတခု ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ အမြဲတမ်းကိုယ်စားလှယ် နေရာကို နောက်တနှစ်အတွက် ထိန်းထားနိုင်ခဲ့ပြီး ကုလသမဂ္ဂအနေနဲ့ ပြစ်ဒဏ်မပါတဲ့ တိုက်တွန်းချက် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်က မြေပြင်မှာ အရပ်သားတွေ သတ်ဖြတ်ခံနေရတာ နေအိမ်တွေ မီးရှို့ခံနေရတာကို ဘယ်လောက်ထိ လျော့ကျ စေနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ ကာကွယ်ရေး ဘတ်ဂျက်မှာ ထည့်သွင်းထားတဲ့ Burma Act လို့ခေါ်ဆိုတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကို လက်နက်မဟုတ်သော အကူအညီဆိုတဲ့ ဒေါ်လာ သန်းရာချီတဲ့ အကူအညီပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အတည်ပြုချက်လည်း ၂၀၂၂ မကုန်ခင်မှာ အမေရိကန် လွှတ်တော် ၂ ရပ်နဲ့ သမ္မတတို့က အတည်ပြု လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီအကူအညီက လက်နက်ကိုင် တော်လှန်ရေးကို ဘယ်လောက်ထိ အထောက်အပံ့ဖြစ်စေနိုင်သလဲ ဆိုတာတော့ နောင်လာမယ့် နှစ်မှာ အဖြေပေါ်လာနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ချုံ့ပြောရရင်တော့ ၂၀၂၂ ခုနှစ်ဟာ မြန်မာနိုင်ငံအဖို့ အဆိုးဆုံးအခြေအနေတွေ ကုန်ဆုံးသွားပြီလို့ မဆိုနိုင်တဲ့ နှစ်တနှစ် အရင်နှစ်ထက် ပိုမိုဆိုးရွားတဲ့ အတွေ့အကြုံတွေ ကြုံတွေ့ခဲ့ရတဲ့ နှစ်တနှစ်လည်း ဖြစ်ခဲ့တယ် ဆိုရင် မမှားပါဘူး။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar