အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၁ )
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၂
23/12/22
Diary in the darkness
ဒီရက်ပိုင်းအတွင်း ကွန်ပျူတာ ပျက်တယ်။ မီးပျက်တယ်။ ကွန်ပျူတာ ကျွမ်းကျင်တဲ့ သူတွေလည်း ဘယ်ရောက်ကုန်မှန်းမသိ။ အားလုံးအဆက်အသွယ် ပြတ်ကုန်တယ်။ ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့သူတွေလည်း အခက်တွေ့တယ်။
အွန်းလိုင်းသင်တန်းတက်တဲ့သူ များလာတယ်။ မီးပျက်တဲ့ အခြေအနေ မှာ ကြိုးစား သင်ကြတယ်။ သင်တန်းကြေးကလည်း တင့်သင့်မျှတတယ်။ တလ သုံးသောင်းးဝန်းကျင်ပဲ ရှိတယ်။ ကျောင်းတက်တဲ့ လမ်းစရိတ်ပဲ ရှိတယ်။အင်တာနက် ခက်ခဲတဲ့ အခြေအနေမှာတောင် လူငယ်တွေကြိုးစားသင်ယူနေကြတယ်။ ဖုန်းနဲ့ ကွန်ပျူတာဟာ မရှိမဖြစ် ဖြစ်နေတယ်။ ဖုန်းတလုံးရဲ့တန်ဖိုးက အာဏာမသိမ်းမီကထက် သုံးဆလောက် တက်သွားတယ်။ အများအားဖြင့် အဟောင်းတွေကိုပဲ လက်ပူတိုက်ပြီး သုံးနေကြတယ်။ မီးအားမြှင့်စက်၊ ဆိုလာ၊ မီးစက်တွေ ဈေးတက်ပေမယ့် ရောင်းအားကောင်းနေတယ်။ နိုင်ငံကူးလက်မှတ် ပွဲစားတွေ၊ အလုပ်ဖြစ်နေကြတယ်။ နိုင်ငံခြား အလုပ်ထွက်လုပ်သူတွေလည်း များသည်ထက်များလာတယ်။
လေးမြင်းစောင်း မှတ်ပုံတင် ကိုင်ထားတဲ့သူတွေ (မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လူတွေ ခရီးသွားလို့ မရ ဖြစ်နေတယ်။ မြေကွက်အရောင်းအဝယ် နည်းနည်း ငြိမ်သွားတယ်။ ဒေါ်လာအရောင်းအဝယ်လည်း ငြိမ်သွားတယ်။ တစ်ဒေါ်လာသုံးထောင်နီးပါးနဲ့ အရောင်းအဝယ်ဖြစ်ကြတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်တပ်က ရက်ရက်စက်စက် မြေလှန်နေတယ်။ သူတို့ အခေါ် ကတုံး တုံးနေတယ်။ ၈၈ အရေးတော်ပုံ အပြီး စစ်တပ်က ပြောထားတဲ့အတိုင်း အမျိုးသား ဒီမိုကရေစီ အနိုင်ရရင် တနိုင်ငံလုံးကို မြေလှန်ပစ်မယ် ဆိုတဲ့ စကားကို အခု လက်တွေ့အကောင်အထည်ဖော်နေကြတယ်၊ လယ်သမား၊ ယာသမား အညာသားတွေကလည်း ရတဲ့နည်းနဲ့ ခုခံတယ်။ စစ်ရှောင်တွေကို လူထုက ဖြစ်တဲ့နည်းနဲ့ ကူညီနေကြတာ အံ့သြစရာကောင်းတယ်။ မီးလောင်ပြင်မှာ တဲထိုးပြီး နေ့ ည မပြတ် ထမင်းချက် ရိက္ခာပို့ကြတယ်။ ရိက္ခာထောက်ပံ့သူတွေကိုယ်တိုင် နေစရာမရှိ၊ အိပ်စရာမရှိတော့ဘူး။ ဒါပေမယ့်သူတို့ စိတ်ဓါတ်က တော်လှန်ရေးလုပ်ဖို့ပဲ ပိုင်းဖြတ်ထားကြပုံရတယ်။ လူထုက စစ်တပ်ကို စိတ်နာသွားပြီ။ တိုင်းရင်းသားဒေသတွေမှာဆို ဒီထက်ပိုဆိုးတယ်လို့ စစ်ဝန်ထမ်းတစ်ယောက်က ပြောတယ်။ နိုင်ငံခြားရောက်ကျောင်းသားနဲ့ အလုပ်သမားတွေကလည်း ရတဲ့နည်းနဲ့ ကူညီတောက်နေကြတယ်လို့ စင်ကာပူပြန် ကျောင်းသားမိဘ တစ်ယောက်က ပြောတယ်။
နိုင်ငံခြားကို ကုန်ပို့နေတဲ့ ကုန်သည်ကြီးတွေကလည်း အစိုးရနဲ့ ကင်းနိုင်သမျှကင်းအောင် နေနေကြတယ်။ အစိုးရ သက်ဆိုးမရှည်တော့ဘူးလို့ သူတို့ ပါးစပ်က ထုတ်ပြောလာကြတယ်။ ယခင်ကဆို သူတို့ဟာ အစိုးရမကောင်းကြောင်း လေသံတောင် မဟရဲတဲ့ သူတွေပါ။ စစ်အစိုးရနဲ့ ရုရှား အစိုးရ ကုန်သွယ်ရေးစာချုပ်တွေကို ကုန်သည်ကြီး အချင်းချင်း တိုးတိုးတိတ်တိတ် လှောင်ပြောင်ကြတယ်။
ဘားမားအက် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အတွက် စစ်အာဏာရှင်တွေ သွေးပျက်သွားသလို စစ်တပ်ထောက်ခံသူတွေ လည်း ဆောက်တည်ရာမရ ဖြစ်သွားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ မြန်မာပြည်သူတွေရဲ့ အောင်မြင်မှုကြီးတရပ်အဖြစ် ပြောဆိုနေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တွေကလည်းNUG အစိုးရနဲ့ ပူးပေါင်းကြောင်း အတည်ပြုပြောကြားကြပါတယ်။ ကချင်လက်နက်ကိုင် ခေါင်းဆောင် ဂွမ်မော် နဲ့ ပအို့ခေါင်းဆောင် ခွန်မြင့်ထွန်းတို့ကလည်း အားတက်ကျေနပ်နေတဲ့လေသံနဲ့ မိန့်ခွန်းပြောသွားတာကို ကြားလိုက်ရပါတယ်။
နိုင်ငံရေးစိတ်ဝင်စားသူတွေကတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲကတဆင့် ထွက်ပေါက် ရှာနေတာ မဟုတ်တော့ဘူး၊ ပြေးပေါက်ရှာနေတာလို့ ပြောပါတယ်။
အဲဒီလို အားတက်ဖွယ်သတင်းတွေ ကြားနေလို့ ဝမ်းသာနေတုန်းမှာပဲ မကွေးက သူငယ်ချင်းဆီက ဖုန်းဝင်လာပါတယ်။ မကွေးတိုင်းကို စစ်တပ်က ချေမှုန်းတော့မယ်တဲ့။ အိမ်တိုင်းစေ့ ဧည့်စာရင်းစစ်မယ်၊ ကြံ့ဖွတ်က ဦးဆောင်မယ်။ သူတို့ ပြေးစရာနေရာမရှိ ဖြစ်နေပြီတဲ့။ သတင်းဆိုးတွေက အိမ်တံခါးပေါက်ကို ရောက်နေပြီ။ သတင်းကောင်းတွေက ကမ္ဘာပတ်တုန်းပဲ။
အရေးထဲ မင်းအောင်လိူင်က လျှပ်စစ်ရထားပြောလိုက်၊ စက်ဘီးစီးဖို့ ပြောလိုက် လုပ်နေတော့ လူတွေ က ရယ်ကြတယ်။ သူဘာပြောပြော လူတွေက ရယ်စရာလို့မြင်နေကြတယ်။ ဆိုးလိုက်တဲ့ ဘဝ ကံရယ်။ စစ်တပ်ရောပြည်သူရော အားလုံးကံဆိုးနေကြတယ်။ အားလုံးကံဆိုးမိုးမှောင်ကျအောင် လုပ်နိုင်တဲ့ မင်းအောင်လှိုင် ကိုတော့ မလေးစားပဲ မနေနိုင်တော့ပါ။
ရန်ကုန်မှာတော့ လူတွေပြန်လည်စည်ကားစပြုလာပြီ။ မသာအိမ်ကဖဲဝိုင်း အရက်ဝိုင်းမှာ လူတွေစည်သလိုမျိုး ပဲ။ ကြေကွဲစွာ ပျော်ရွှင်နေကြတယ်။
ပြည်သူတွေတော့ ဒုက္ခဆင်းရဲနဲ့ အသားကျစ ပြုလာပြီ။
ရပ်ကွက်ထဲက ကလေးတွေကတော့ PDF လုပ်တမ်း၊ မိုင်းဆွဲတမ်း ကစားနေကြပြီ။ ကလေးပျောက်တဲ့သတင်းတွေကလည်း လူမူကွန်ရက်ပေါ် အတော်များနေတယ်။ ရပ်ကွက်ထဲက ကလေးတွေကိုလည်း မိဘတွေက စိုးရိမ်နေကြတယ်။
အောက်ခြေပိုင်း လူတွေကတော့ နှစ်လုံးထီ၊ သုံးလုံးထီ ထိုးရင်း ငွေကို လည်ပတ်နေကြတယ်။ ထီပေါက်တဲ့နေ့ ထမင်းချက်မယ်။ ဟင်းချက်မယ်။ ထီမပေါက်တဲ့နေ့ မိသားစုလိုက် အငတ်နေကြတယ်။ ရပ်ကွက်ထဲမှာတော့ မီးလာတဲ့အချိန်၊ ထီဂဏန်း ကြေညာတဲ့ အချိန်ဆို ‘ဟေး’ ခနဲ ‘ဟေး’ခနဲ အော်သံတွေ ဆူညံနေတယ်။ ဒီလို အပျော်မျိုး ဘယ်နိုင်ငံသားမှ ခံစားခွင့်ရမယ် မထင်ပါဘူး။ ကံကောင်းလိုက်တဲ့ မြန်မာပြည်သားတွေ။
ပန်ဆယ်လိုနဲ့ မအိုင်ရင်းတို့ရဲ့ တော်လှန်ရေး အလှူငွေတွေ ပြဿနာလည်း အတော်ကလေး ရှင်း စ ပြုလာပြီ။ အကြံအဖန်သမားတွေလည်း ဇာတိရုပ်လုံးပေါ်လာပြီ။ အာဏာရှင်လည်း ကိုယ့်လည်ပင်း စွပ်မယ့်ကြိုး ကိုယ်တိုင်ကျစ်နေရပြီ။ တော်လှန်ရေးမှာ ထိုင်ခုံလုတမ်း ဝင်ကစားတဲ့ သူတွေလည်း အမောဆိုက်နေပြီ။ ဖားနဲ့ ငါး ကွဲစ ပြုလာပြီ။ အချောင်သမားတွေကို အချိန်နဲ့ အခက်အခဲတွေက တိုက်စားစပြုလာပြီ။ တော်လှန်ရေးစားကျက်လုပွဲတွေကတော့ ရှိနေဆဲပါပဲ။ တော်လှန်ရေးဟာ မုန်တိုင်းတခုလို အရှိန်ပြင်းပြင်းနဲ့ တိုက်ခတ်လာတဲ့ အခါ သီလ၊ သမာဓိ၊ ပညာနဲ့ ခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်ရှိသူတွေသာ ကျောက်ဆောင် ကျောက်သားများပမာ ပြည်သူများနဲ့အတူ ရှင်သန်ကျန်ရစ်မှာပါ။
အန်ကယ် -တူမီး
၂၃/၁၂/၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar