ဟိန်းထက်ဇော် - နွေဦးတော်လှန်ရေးကအညာမြေရဲ့နှလုံးသားထဲမှာ…
ဟိန်းထက်ဇော်
(မိုးမခ) ဒီဇင်ဘာာ ၅၊ ၂၀၂၂
ချင်းတွင်းမြစ်ရေကတော့ စိမ့်စိမ့်လေးအေးရင်း တငြိမ့်ငြိမ့်လေးစီးဆင်းနေတယ်။ ကျောက်ဆောင်ကျောက်ကမ်းကမ်းပါးတွေဖြတ်စီးလာရတာကြောင့် တချို့နေရာတွေမှာတော့ ရေစီးကြမ်းတတ်တယ်။ အညာသူအညာသားတွေအဖို့ကတော့ ဒီကျောက်ဆောင်နဲ့ဒီရေစီးဟာ သိပ်အဆန်းကြီးမဟုတ်တော့ဘူး။ ဒီရေဒီမြေတွေနဲ့ဖက်ပြီးကြီးပျင်းခဲ့ရတာ။ ဒီမြေ၊ ဒီရေတွေနဲ့ ဘဝတခုတည်ခဲ့ရတာ။ ဆရာကြီးမှိုင်းကတောင် “ကျုပ်အညာမှ ာမင်္ဂလာတမျိုးသာပ၊ အဟုတ်ဗျို့ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေဘု” လို့ တဂုဏ်တယူစပ်ဆိုခဲ့ရာ အညာဒေသပေါ့။
အညာဒေသဟာ မိုးနည်းရပ်ဝန်းဖြစ်လို့လည်း ‘ကုန်းခေါင်ခေါင်မှာ ငုံးမထောင်တော့ပေမယ့်’ တဝမ်းတခါးတော့ လုံလောက်အောင် ရှာဖွေစားသောက်နိုင်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူတို့ရဲ့ လျစ်လျူရှုခြင်းခံရပေမယ့် ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝမ်းကိုယ်ကြောင်းလို့ ဗုဒ္ဓရဲ့အဆုံးအမမှာ ရောင့်ရဲနိုင်ခဲ့ကြတယ်။ ကိုယ့်အိုးကိုယ့်အိမ်လေးတွေနဲ့တင့်တယ်နိုင်ခဲ့ကြတယ်။ စားဝတ်နေရေးအဆင်ပြေသူက အဆင်မပြေသူအချို့ကို ကူမနိုင်ခဲ့ကြတယ်။ နွားနဲ့ဖက်ခဲ့ရသလို လယ်ကူလီယာကူလီတွေနဲ့ ‘ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ’ ခဲ့ရတဲ့ အညာတောဓလေ့ပေပဲပေါ့။
အဆင်မပြေလို့ တယောက်နဲ့တယောကက် ကတောက်ကဆဖြစ်ကြရင်လည်း ရှောင်လွှဲမရတဲ့ဒီမျက်နှာတွေနဲ့ စိတ်ပြေခဲ့ကြရတာပဲ မဟုတ်လား။ ‘အရေးကြီးရာ သွေးနီးကြ’ ဆိုစကားအတိုင်း ကိုယ့်အိမ်ဆောက်တော့ သူတို့ကူ၊ သူ့အိမ်ဆောက်တော့ ကိုယ်က ကူပေါ့။ အိမ်တအိမ်ဆောက်ရင် လုပ်အားတတ်နိုင်သူက လုပ်အား။ ဆန်၊ ဆီ ဆား တတ်နိုင်က ဆန် ဆီ ဆားနဲ့ကူပံ့လို့ အိမ်တလုံး ဖြစ်လာခဲ့ရတာ။
မိုးခေါင်ရေရှားဆိုတော့ ‘ဆန်တွင်းကနက်လွန်းလို့’ အောက်ပြည်အောက်ရွာမှာ လှေထိုးအငှားလိုက်ကြ။ လယ် စာရင်းငှားလုပ်ကြ။ လှေထိုးအငှားလိုက်သူတွေကလည်း ‘ကုက္ကလံမြောက်ကိုလှည့်ကာမှ ပြန်ခဲ့မယ်ရွှေ ညာသူရဲ့ ငွေရှာသူမအေး’ ဆိုတဲ့ ဘဝဆန်တဲ့လွမ်းချင်းတွေဟာ အညာသားတိုင်းပါစပ်ဖျားမှာ လက်လွတ်ရနေခဲ့ကြတာပေါ့။ ကုက္ကလံလေးမြောက်ဖက်လှည့်တော့မှ တောင်လေနဲ့အတူ လှေကိုရွက်ဖွင့်လို အညာပြန်ခဲ့ရတာ။ မုတ်သုံလေများတိုက်ခတ်လာရင်ဖြင့် ချင်းတွင်းမြစ်တရိုးမှာ လှေကိုရွက်တိုက်ပြီး အညာဆန်နေတဲ့ လှေတွေကို မြစ်ကမ်းနဖူး ကျောက်ဆောင်ပေါ်ကနေ ငေးကြည့်နေရတာကိုက ကြည်မောဖွယ်ရာမြင်ကွင်းတွေပေါ့။ လွမ်းစရာငယ်ဘဝတွေ။
နောက်တော့ အညာဆန်လှေတွေနေရာမှ ာမီးသင်္ဘောဝင်လာတယ်။လှေ ထိုးသားတွေက သင်္ဘောသားတွေဖြစ်ပြီ။ အထက်အောက်ကုန်သွယ်ရေးမှာ ဒီမြစ်ရဲ့တန်ဖိုးကို ချင်းတွင်းသားတိုင်း သိခဲ့ကြတယ်။ ရွာတွေမှာလည်း အိမ်ခြေတွေ တိုးပွားလာတယ်။ စိုက်ပျိုးရေး၊ ကုန်သည်ပွဲစားတွေများလာတယ်။ ပညာတတ်တွေ များလာပြီ။ စင်ကာပူ၊ မလေး၊ ထိုင်း အထိသွားလို့ အလုပ်လုပ်ကြ။ အိမ်ဖော်လည်းလုပ်၊ ကုန်လည်း ထမ်းပေါ့။
အချို့အိမ်တွေဆို သွပ်မိုးပြင်ထောက်ကာတွေနဲ့။ တတ်နိုင်သူတွေက အနှစ်နှစ်အလအလက စုဆောင်းထားတာလေးတွေ ထုခွဲရောင်းချပြီး နံကပ်တိုက်လေးတွေဆောက်လို့။ ရွာကျက်သရေတင့်တယ်လာခဲ့တယ်။ ရွာရဲ့စာသင်ကျောင်းနဲ့ စာကြည့်တိုက်တွေကလည်း ပြောင်းလဲဖွံ့ဖြိုးလာတဲ့အသိအမြင်တိုရဲ့ ပြယုဂ်တခု။ တနယ်လုံး ဂုဏ်ယူမဆုံးပေါ့။
တချိန်က ဆရာမှိုင်းရဲ့ ‘အလုံ မုံရွာ ချောင်းဦးတဝိုက်မှာ ပြောင်းဖူးသည်’ တွေရှိခဲ့ပေမယ့် အခုတော့ မုံရွာဝက်အူချောင်းနဲ့ မြေပဲဆားလှော်ပေါ့။ ဂုဏ်ယူစရာဒေသထွက်ကုန်တွေကလည်း ပေါပါဘိသနဲ့။ အညာထန်းလျက်နဲ့ကရေကရာရဲ့ ပေါက်ပေါက်ကလည်း ချိုမြလို့။ “ရွှေဘိုမယ်ဘွဲ့’ မင်းကြီးကြိုက်” ဆိုတာကလည်း အညာဒေသရဲ့ချစ်စရာ ‘မော်ဒယ်’ မလေးတွေ။
ရွှေဘိုသနပ်ခါးနဲ့အပြိုင် တင့်မောဂုဏ်ယူစရာတွေပေါ့။ ညောင်ကန်ကြက်တွေ တောင်ပံရိုက်လို့ တွန်ကြူးသံကြားပြီဆိုရင် လုပ်ငန်းခွင်ဝင်ဖို့ပြင်ကြရပြီ။ မရိုးနိုင်တဲ့သဘာဝရဲ့ဆုလာဘ် နရီ တခုပါပဲ။
တနိုင်ခကနေ မြစ်ဖျားခံလို့ ခန္တီးအစ ပခုက္ကူအဆုံး ချင်းတွင်းရေကြည်မြမြက တငြိမ့်ငြိမ့်စီးဆင်နေပေမယ့် ‘အထက်မှာ ပေ အောက်မှာ ရွှေ၊ အလယ် ဝဲသိုက် မျက်ဖြူဆိုက်’ ဆိုတဲ့ အလွန်ကြီးမားတဲ့ ဝဲဂယက်တွေနဲ့လည် းကြုံရတတ်သေးရဲ့။ တကယ့် ဝဲဂယက်နဲ့ကြုံရတာက ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ တို့ရဲ့ နိုင်ငံရေးဝဲဂယက်ကြီးပေါ့။
‘အညာသားယဉ်ကျေးမှု’မှာရိုးသားတယ်၊ ကြိုးစားတယ်၊ မတရားတာဆိုရင် ခေါင်းငုံ့မခံတတ်ခြင်းရဲ့သက်သေတည်ရာ ကာလဆိုးတွေဖြစ်ခဲ့တယ်။
အထင်သာဆုံးနဲ့ လတ်လတ်ဆတ်ဆတ် သွေးပူရလွန်းတဲ့ ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက်နေ့ပဲ။ ကိုယ်ယုံကြည်ရာ မဲပေးထားခဲ့တဲ့ရလဒ်အပေါ်မှာ မတရားအစွပ်အစွဲ ခံရတာပဲ။ မဲပေးပြည်သူလူထုတရပ်လုံး ရပ်သိရွာသိဟစ်ကြွေးမဲပေးခဲ့ကြတာ။ လက်မှာစွဲထင်နေတဲ့မင်စွန်းကိုတောင် ဖျက်မပစ်ရက်လို့ တင်ကျန်နေဆဲမှာ မဲမသမာမှုရယ်လို့ အစွပ်စွဲခံလိုက်ရတယ်။ မကြေတဲ့ဒေါသ ထိပ်တက်ခဲ့ပြီ။ မဟုတ်မခံ အငုံ့စိတ်တို့ ထကြွခဲ့ပြီ။ လမ်းပေါ်ထွက်ဟစ်ကြွေးခဲ့ကြပြီ။
သံပြိုင်ဟစ်ကြွေးလို့ တလကျော်အတွင်း မှတ်မှတ်ရရ မတ်လ၂၈ ရက်နေ့ပေါ့။ ‘ကနီနယ်သလင်းရွာက သူနာပြုတက္ကသိုလ်ကျောင်းသူလေး ‘မသဉ္ဇာဟိန်း’ ခေါင်းကို ကျည်ဆန်မှန်လို့ သေရှာပြီ’ တဲ့။ တနယ်လုံး ပူဆွေးကြ။ ကြေကွဲကြ။ သွေးဆူလွယ်တဲ့လူငယ်တစုကတော့ တက်ခေါက်ရင်း ‘ပြန်ချမကွ’ လို့ သန္နိဋ္ဌာန်ချ ကြွေးကြော်လာကြပြီ။ သူတို့ဒေသအတွက် ကျန်းမာ ရေးမျှော်လင့်ချက် ပျောက်ဆုံးသွားပြီပဲကွယ်။ ဒေါသတွေထိပ်တက်လာတာ ဘာဆန်း ပါ့မလဲ။ ဖိုးတုတ်တို့ ပေါလုတို့ တုတ်ဆွဲ ဓားဆွဲကြပေါ့။ ငိုသူကငို တက်ခေါက်သူကခေါက်ပေါ့။
“အကောင်းအတိုင်းပြန်လာနိုင်မယ်လို့ကတိမပေးနိုင်တဲ့ ဒီခရီးကိုသွားတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပါ..” တဲ့။ မသဉ္ဇာဟိန်းရဲ့မှာတမ်းကို ကြားနာရသူတိုင်း ဘယ်မှာမျက်ရည်ဆည်နိုင်ပါ့မလဲကွယ်။ ချစ်သူငယ်ချင်းတွေ၊ ကျောင်းနေဘက်တွေ၊ ဆော့ကစားဖက်တွေ၊ မိဘတွေ၊ ဆွေမျိုးညီအကိုမောင်နှမတွေ ဒီနှောင်ကြိုးတွေအားလုံးက ခွင့်လွှတ်ပေးလိုက်ရုံမက ခိုင်ကျည်တဲ့သန္နိဋ္ဌာန်တွေနဲ့တင်းတင်းကြိတ်ထားတဲ့ အံသွားတွေကပဲ စစ်မိစ္ဆာဂိုဏ်းနဲ့ ရန်- ငါစည်းကို ဖြတ်တောက်လိုက်ကြတယ်။ ပေါ်ထွက်လာခဲ့ပါပြီ။ “ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့” တဲ့။
မိရိုးဖလာကိုင်ခဲ့တဲ့ ဓား၊ လှံ၊ လေးခွ၊ ဒူးလေးလောက်နဲ့အလုပ်မဖြစ်မှန်းတော့ သိတာပေါ့။ မခံချင်စိတ်တခုနဲ့ အစပြုခဲ့ရတာ။ မုံရွာကကျဆုံးလေသူ ကဗျာဆရာ ကေဇဝင်းပြောသလိုပဲ “ဓားရဲ့ တရားဆိုတာ ဝင့်ရုံနဲ့မရရှေ့တိုးပြီး ခုတ်မှရတယ်” တဲ့။ အညာသားလက်ကဓားဟာ ဝင့်ရုံသက်သက်မဟုတ်ခဲ့ဘူးလေ။ ရှေ့တိုးခုတ်ကြရမယ်။ ရန်သူကိုယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ရန်သူလိုပဲ မောင်းပြန်မဟုတ်တောင် အဝေးပစ်လို့ရတဲ့ လက်နက်တော့ လိုမှာပေါ့။
ဒီလိုနဲ့ အမေဖြစ်သူက သူ့ရဲ့မင်္ဂလာဦးနားကတ်လေး ချွတ်ပေး။ နှမငယ်ကလည်း ရှင်ပြုနားသစဉ်ကဆင်မြန်းပေးထားတဲ့ နားကပ်ချွတ်။ အဖေက လက်ထပ်လက်စွပ်။ တောပွဲစားကတော်အမကလည်း အားကျမခံ လက် ကောက်တရံ ပေးပေါ့။ လယ်ပေါင်သူက ပေါင်၊ ယာရောင်းသူက ရောင်း။ အဲ့လိုနဲ့ ကိုယ်ထူကိုယ်ထ ‘ပြည်သူ့ကာကွယ်ရေးတပ်’ တွေ ဖြစ်လာခဲ့တာပါပဲ။ လေ့ကျင့်သင်ကြားပေးသူကပေး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ သင်တန်းတက်သူက တက်နဲ့။ စစ်ပညာကုန်စင်အောင်မတတ်ခဲ့ပေမယ့် နာကျည်းခံစားစိတ်နဲ့အတွေ့အကြုံက လူထုကိုအကာကွယ် ပေးလာနိုင်ခဲ့တယ်။
ပုလဲမြို့က ကဗျာဆရာခက်သီလည်း မေ ၉ ရက်နေ့ ရန်သူ့လက်အတွင်းမှာ ကျဆုံးသွားပြန်သတဲ့။ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ရွှေဘို၊ တန့်ဆည်၊ ပင်လယ်ဘူး စတဲ့ မုံရွာတဝိုက်က တော်လှန်ရေးအဖွဲ့တွေ စုံညီသွားကြပြီ။ အထက်ချင်းတွင်းရဲ့ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်းတို့လည်း ဓားကိုထုတ်လို့ ရှေ့တက်ခုတ် ကြပြီ။ ကျည်မသင့်ဖူးတဲ့မြို့၊ ရန်သူပစ်လို့ ဦးခေါင်းခွံမကွဲတဲ့တိုင်းမရှိသလောက် ဖြစ်လာတယ်။ ဆရာ ခက်သီရဲ့ကဗျာထဲကလို “သူတို့က ခေါင်းကိုပစ်တယ်၊ တော် လှန်ရေးက နှလုံးသားမှာရှိတာ သူတို့မသိလိုက်ကြဘူး။”
ဒီလိုနဲ့ တချို့အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ချိတ် ဆက်မိလာတယ်။ ဗမာတနိုင်ငံလုံ း‘ပီဒီအက်’ တွေ ဖွဲ့စည်းလာကြတယ်။စစ်ကိုင်း၊ မကွေး ဆိုတာတိုင်းချင်း နယ်နိမိတ်ချင်း ကပ်နေတာလေ။ တိုင်းတခုနဲ့တခု ထောက်ကူလို့ ရန်သူကိုမျက်ခြေမပြတ်ခြေမှုန်းရာအထင်ကရစစ်တလင်းပြင်တွေပေါ့။ ရန်သူစစ်တပ်က အကျအဆုံးများလာလေလေပြည်သူကို ဖိနှိပ်လေလေ လုပ်လာတယ်။ မြို့ရွာကျေးလက်မကျန် ထတော်လှန်ကြတော့ တော်လှန်နယ်မြေမှန်သမျှ စစ်တပ်ရဲ့အငြိုးကမီး လောင်ပြင်ကြီး ဖြစ်သွားစေခဲ့တယ်။
ရက်စက်လိုက်တာ။ ရွာမှာတွေ့သမျှ ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုမကျန် မြေလှန်စနစ်ကျင့်သုံးလို့ အရှင် လတ်လတ် မီးရှို့သတ်ကြပြန်တယ်။ စစ်ဒါးပြတို့ ဒါးပြတိုက်ရုံမကအနုကြမ်းပါစီးလာတယ်။ လိုတာယူပြီးရင် သဲလွန်စဖျောက်တဲ့အနေနဲ့ တရွာလုံးမီးတင်ရှို့လိုက်ကြတယ်။ ပြည်သူလူထုကအမှန်ကိုမြင်လာတယ်။ စစ်ဓားပြတို့ရန်ကနေ အမှန်တကယ်အကာကွယ်ပေးနေတာဟာ ‘ပြည်သူကာကွယ်ရေးတပ်ဖွဲ့’ တွေဆိုတာသိလာကြပြီ။
တိုက်ပွဲဝင် ပီဒီအက်ဖ်တွေကို သပြေပန်းနဲ့ကြိုလာကြ။ အစားအသောက်တွေနဲ့ထောက်ပံ့ကြ။ ဆေးလိပ်ကွမ်းဖိုးနိုင်သလောက် ပေးလှူလာကြ။ ဒီထက်တတ်နိုင်သူတွေက လက်နက်ဝယ်ဖို့ အလှူငွေထည့်လာကြတော့တယ်။ အဲ့ဒီအချိန်ကစပြီး ရန်သူစစ်ဓားပြတို့ဟာ မိဘပြည်သူနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့်ကျင်ဘက်ကိုလျှောက်သွားကြပြီ။ သူတို့ပြည်သူကိုကျောခိုင်းသွားကြပြီ။ စစ်သားဆိုတာ စစ်မိစ္ဆာဂိုဏ်းရဲ့ ကျေးကျွန်တွေထက်မပိုတော့ဘူး။
စစ်ကိုင်း၊ မကွေးရဲ့ဒေသအနှံ့ဟာ စစ်တလင်းပြင်ဖြစ်ပေါ့။ တချိန်က သာတောင့်သာယာ အညာကျေးလက်တခုလုံး လောင်မီးကျသလို ရွာပျက်ကုန်းကြီး ဖြစ်ခဲ့ပြီပဲ။ နှစ်ရာကျော်နှစ်ချို့ပင်ကြီးတွေဖြစ်တဲ့ ညောင်ပင်ကြီးတွေ၊ မန်ကျီးပင်ကြီးတွေ၊ ထနောင်းပင်ကြီးတွေလည်း လောင်မီးကျသွားပြီကော။ မန်ကျီးငုတ်နဲ့ထနောင်းငုတ်တိုတွေကိုကြည့်ပြီး သူ့အိမ်၊ကိုယ်အိမ်ခန့်မှန်းလို့ ဝိုးတဝါးမှတ်သားနိုင်တော့တယ်။
ဟိုအရင်ကတော့ မြို့ကမောင်ကြီးကိုရွာသာယာမှာ ‘တခါတလှည့် လာခဲ့စမ်းပါ’ လို့ ဖိတ်ကြားရလောက်အောင် သာယာခဲ့တဲ့ဒေသကြီးပေါ့။ “မြရောင်ချယ် လယ်ယာခင်းနဲ့ ကဇင်းရိုးတလျှောက်မယ်။ ထနောင်းပင်တွေအသွယ်သွယ် သီးကြတယ်၊ ဖူးကြတယ်.. ပျော်မြူးလို့ စိတ်မှာကြည်နူးဖွယ်” ဆိုတဲ့ သာတောင့်သာယာဖွယ် အခြေနေတွေ မရှိကြတော့။ ဘယ် ကိုကြည်ကြည့် မီးလောင်ပြင်တွေ။ ရွာပျက်ကုန်းတွေ။ အုတ်ပုံတွေနဲ့ထိုးထောင်ထွက်နေတဲ့ တိုက်ပျက်တွေ။ ကိုးကွယ်ဝတ်ပြုရာရွာဦးကျောင်းလည်း မရှိတော့။ ကျောင်းထိပ်ကနှစ်ချို့ဖျောက်ဆိပ်ပင်အိုလည်း အရိုးပြိုင်းပြိုင်းနဲ့ လောင်မီးကျထားလိုက်တာ။
‘လမ်းဆုံးတော့ ရွာစဉ်ပျက်နေပြီ’ ဆိုသလိုပါပဲ။ ရွာစဉ်အားလုံးလည်းလူသူကင်းဆိတ်လို့။ ရွာပျက်ကုန်းတခုလုံး ခွေးသေကောင် ဝက်သေကောင်၊ နွားသေကောင်တွေနဲ့ ပြည့်နက်လို့။ သင်္ဂြိုလ်ခွင့်မရသေးတဲ့ အရှင် လတ်လတ် မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ ရွာသားအချို့။ ဝန်းကျင်တခုလုံး သွေးညှီနံ့တွေ။ မီးသင်းနံ့တွေနဲ့အတူ ပုတ်ဟောင် ဟောင်အနံ့ဆိုးတွေလည်း ထွက်နေပေါ့။ ရွာနားမကပ်နိုင်ခဲ့ကြ။ လူသူကင်းဆိတ်လို့။ ဇွန်ဘီးတွေကြီးစိုးတဲ့ ကြပ်တီးကုန်းကြီလိုပါပဲ။ ဉာဏ်မခိုင်ရင် ရူးသွပ်လောက်တဲ့ ထိတ်လန့်ဖွယ်ရာမြင်ကွင်းတွေ။
ဒီလိုအနိဋ္ဌာရုံမြင်ကွင်းတွေကပဲ နွေဦးတော်လှန်ရေးအတွက် တွန်းအားဖြစ်စေခဲ့တာပေါ့။ စစ်ဓားပြတွေကိုတော့ ‘ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ’ ဖြစ်ခဲ့ရပြီ။ အတုံ့အလှည့်အတွက် သန္နိဋ္ဌာန်တို့ ခိုင်မြဲခဲ့ကြပြီ။ ‘စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး’ လမ်းပေါ်မှာ လှုံ့ဆော်စရာမလို ကိုယ့်ဓား ကိုယ်ထမ်းလို့ တည့်တည့်မတ်မတ် လျှောက်ခဲ့ကြပြီ။ စစ်ဓားပြနဲ့ ပြည်သူ ‘ရန်-ငါစည်း’ ပြတ်ခဲ့ကြရပြီ။ အဲ့ဒီကြေကွဲဆို့နင့်ဖွယ်ရာအခြေနေတွေကပေါက်ဖွားပေးလိုက်တဲ့ မြုံနာတွေကြောင့်လည်း ချင်းတွင်းမြစ်ရိုးတလျှောက်ကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်ခဲ့ကြပြီ။
မီးလောင်ဒဏ်သင့်နေတဲ့နတ်ကြီး၊ ရွာသာရွာ၊ ဝက်ချောင်းလေး၊ ချောင်းဝကြီးရွာ စတဲ့ စစ်ကိုင်းတိုင်းရဲ့မီးလောင် ပြင်တမျှော်တခေါ်ကိုငေးကြည့်ရင်း မွေးဖွားချက်မြှုတ်ခဲ့ရာနေအိမ်ကို စိတ်မှန်းနဲ့ ရှာကြည့်နေမိတယ်။ တစပြင်ကိုကြည့်နေရသလိုပါပဲ။ ငယ်သူငယ်ချင်းတွေ ရပ်ဆွေရပ်မျိုးတွေ တဦးတယောက်မှမတွေ့ရတော့။ သေသည်ရှင်သည်ပင် မသိနိုင်ခဲ့။ စစ်ဘေးကြောင့် ရှောင်ပုန်းနေရော့လား။ အရှင်လတ်လတ် မီးရှို့ခံလိုက်ရလေသလား။ ‘စစ်ပြေးဒုက္ခသည်’ ဆိုတဲ့ စကားသည်ပင် သူတို့ကြုံရတဲ့ဒုက္ခတွေ၊ ခံစားချက်တွေကိုပေါ်လွင်အောင်ဖော်နိုင်မယ့် ဝေါဟာရတခုမဟုတ်တော့။ ရင်ထဲမှာတိုးတိုးလေးရွတ်ဆိုနေမိတာကတော့…ခက်သီရဲ့ “တော်လှန်ရေးကနှလုံးသားထဲမှာ….”
(အညာရဲ့နွေဦးတော်လှန်ရေးရဲဘော်အားလုံးအား ဦးညွှတ်လျက်)
ဟိန်းထက်ဇော်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar