Breaking News

အောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၆)


ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၆)

(မိုးမခ) ဒီဇင်ဘာ ၄ ၂၀၂၂


နိဂုံးပိုင်း

(အနှစ် ၇၀ လုံးလုံး ဖောက်ပြန်တဲ့အုပ်စိုးသူအဆက်ဆက် စစ်အာဏာရှင်အဆက်ဆက် သမိုင်းလိမ် များစွာနဲ့ အပင်းသွင်းခံခဲ့ကြရတဲ့ ဗမာတိုင်းရင်းသားတွေဟာ ခွဲထွက်ခွင့်ဆိုတာနဲ့  တီကိုဆားနဲ့ တို့ လိုက်သလို တွန့်သွားလေ့ရှိပါတယ်။ ဒီလိုဖြစ်အောင်လည်း အုပ်စိုးသူအဆက်ဆက်ဟာ အမျိူး ဘာသာ သာသနာ ဆိုတဲ့ခေါင်းစဥ်တွေနဲ့ လူအများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေကို ဖမ်းစားပြီး တိုင်းရင်း သားလူနည်းစုတွေကို  ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်၊ တတိုင်းတပြည်လုံးကို   စစ်ကျွန်ပြုဆိုတဲ့ ဇာတ်လမ်းကြီးကို  သရုပ်ဆောင်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ )                                                                                                                                                                                                 ကိုအောင်မှိုင်း



အပိုင်း ( ၆ )  ပင်လုံညီလာခံမတိုင်မီ မြန်မာ့အရေးလှုပ်ရှားမှုနဲ့ ခွဲထွက်ခွင့်ဆိုင်ရာသဘောထားများ

သေချာတာက ပင်လုံမတိုင်မီကာလမှာ မြန်မာနိုင်ငံရဲ့  နိုင်ငံရေးဗိသုကာတွေဖြစ်တဲ့  ဦးအောင်ဆန်း အပါအဝင် ဗမာတိုင်ရင်းသားခေါင်းဆောင်တွေကြားမှာ ခွဲထွက်ခွင့် ဆိုတဲ့ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အမြင်ရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုရင် ခိုင်မာတဲ့အချက်အလက်အချို့ကို အဲဒီကာလမှာ ထင်ထင်ရှားရှား ဖော်ပြထားတာ တွေ့ ရလို့ပဲ ဖြစ်ပါတယ်။

ကျနော် ဆိုလိုချင်တာက မြန်မာနိုင်ငံအရေး စဥ်းစားတွေးခေါ်ကြတဲ့အခါ  ရှေးမဆွကဘဲ  တိုင်းရင်း သား လူမျိုးပေါင်းစုံအရေးကို ဦးထိပ်ပန်ဆင်ခဲ့ကြတာကတော့ အတော်ကိုထင်ရှားခဲ့ပါတယ်။ ဒါကို ကနေ့ ကျနော်တို့ ပြောရမယ့်အချိန် ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဗမာတိုင်းရင်းသားတွေကြား စစ်အုပ်စုအဆက်ဆက်က အပျော့တမျိုး အပြင်းတမျိုး သွေးခွဲအုပ်ချုပ်ခဲ့တဲ့အခါ  အပြင်းဆို တာကတော့ စစ်အင်အားသုံးတာဖြစ်ပြီး အပျော့ကတော့ စနစ်တကျ သွေးခွဲအုပ်ချုပ်ဖို့ ချေထိုးတာပဲ ဖြစ်ပါတယ်။ 

၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက ဗမာတိုင်းရင်းသားတွေကို ပြောတာက  တိုင်းရင်းသားတွေ ခွဲထွက်မှာကြောင့် စစ်တပ်က အာဏာသိမ်းရတာဖြစ်တယ်လို့ အကြောင်းပြတယ်။ ရှစ်လေးလုံးမှာတော့ ဗိုလ်စောမောင်က လူထုဆူပူသောင်းကျန်းလို့ အာဏာသိမ်းတယ် ပြောပြန်တယ်။ 

ကနေ့ နွေဦးတော်လှန်ရေးမှာတော့ မင်းအောင်လှိုင်က မဲလိမ်လို့ အာဏာသိမ်းတယ် ပြောပြန်တယ်။ ဒီတခါ အကြောင်းပြချက်က ယုတ္တိမရှိဆုံးနဲ့ အယုတ်မာဆုံးပဲ။ ဒါကြောင့်လည်း တတိုင်းတပြည်လုံး ပုန်ကန်တာကို ခံရတာ ဖြစ်ပါတယ်။ 

ကျနော် အဓိကပြောချင်တာက စစ်တပ်က အာဏာသိမ်းဖို့ အမြဲလို ကြံစည်ခဲ့ကြတာ ဖြစ်ပြီး အဓိကအကြောင်းကတော့ စစ် ၃ စစ်ကို တစုံတရာ ထိခိုက်လာနိုင်ပြီဆိုတာနဲ့  အကြောင်းတခုခုပြ အာဏာသိမ်းကြတာဖြစ်တယ်ဆိုတာဟာ အခုတကြိမ် အာဏာသိမ်းမှုက အခိုင်အမာ သက်သေပြလိုက်တာပါပဲ။

စစ်ပြီးခေတ် မြန်မာ့အရေး လှုပ်ရှားမှုမြင်ကွင်းဟာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲနဲ့  ကိုလိုနီ နယ်ချဲ့ ဆန့် ကျင်ရေးတိုက်ပွဲတို့ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီတိုက်ပွဲအရှိန်အဟုန်ဟာ ပြင်းထန်လာသလို ကမ္ဘာ့အခင်းအကျင်းသစ်ကို မျှော်မှန်းပုံဖော်လာကြချိန်လည်း ဖြစ်ပါတယ်။ ဒီထဲက လွတ်မြောက်ရေးတိုက်ပွဲမှာ ထဲထဲဝင်ဝင် ဦးဆောင်ပါဝင်ခဲ့တဲ့ ပါတီ အဖွဲ့အစည်း တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်သဘောထားတွေကို လေ့လာရင် တိုင်းရင်းသားတွေရဲ့  ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး အခိုင်အမာ အာမခံထားကြတာတွေ့ရမှာ ဖြစ်ပါတယ်။

၁။ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက် နိုင်ငံရေးအစီရင်ခံစာ ( ၁၉၄၅ ဇူလိုင်လ ၂၀ )

၂။ နေသူရိန်လူထုအစည်းအဝေး ဆုံးဖြတ်ချက်များ ( ၁၉၄၅ ဩဂုတ်လ ၁၉ )

၃။ ဖဆပလ နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ်ညီလာခံ ဆုံးဖြတ်ချက်များ ( ၁၉၄၆ ဇန္နဝါရီ ၁၇ မှ ၂၃  ရွှေတိဂုံအလယ်ပစ္စယံ )

၄။ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ ( ဂျူဗလီဟော ) သို့ ဘုရင်ခံအမှုဆောင်ကော်မတီ ဒုတိယ သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းတင်သွင်းတဲ့ အဆို ၁၄ ချက် ( ၁၉၄၇ မေလ  ၂၃ ) 

၅။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံကြီးက ချမှတ်လိုက်တဲ့ လမ်းညွှန်မှု ( ၁၄ ) ချက်ကိုအခြေခံပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကို ဦးဆောင်ဆန်းအနေနဲ့၁၉၄၇ ခုနှစ်ဇွန်လ ( ၁၆ ) ရက်နေ့မှာ တင်ပြချက်  ( ၇ ) ချက်ကို တင်သွင်းခဲ့ပါတယ်။

ဒီကာလအတွင်း လူထုလှုပ်ရှားမှုအပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်များဟာ များသောအားဖြင့် တရားနည်းလမ်းကျပြီး မျှတစွာ ကြည့်မြင်ကြတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

၁။ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက် နိုင်ငံရေးအစီရင်ခံစာမှာ  လူမျိုးရေး လူနည်းစု ပြ ဿနာအဆို ဆိုတဲ့ခေါင်းစဥ်အောက်မှာ '' သို့ဖြစ်၍ ပူးပေါင်းရေး၊ ခွဲထွက်ရေးတို့မှာ ဆိုင်ရာလူမျိုးစု လူထုကြီး၏ သဘောထားဖြစ်ရမည်'' လို့ ဆိုထားတာ တွေ့ရပါတယ်။

၂။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နေသူရိန်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍—

( က ) မြန်မာများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရသကဲ့သို့ အခြားတိုင်းရင်းသားများလည်း ရရမည် ဆိုသည့်သဘောမှာ မြန်မာများနှင့် အခြားသော တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရမည်။

( ခ ) လွတ်လပ်လာမည့် ဗမာနိုင်ငံကိုလည်း တိုင်းရင်းသားအားလုံး၏ သဘောဆန္ဒနှင့်အညီသာ ဖွဲ့စည်းတည်ထောင်သွားမည်။ 

( တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥဒေ ပထမတွဲ စာ ၁၃၂-၁၃၄ )

၃။ ၁၉၄၆ ခုနှစ် ဇန္နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလ နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ်ညီလာခံမှာ အာဇာနည် ဒီးဒုတ်ဦးဘချို တင်သွင်းတဲ့ အဆိုအမှတ် ၆ ရဲ့  တိုင်းရင်းသား လူနည်းစုအရေး အဆိုမှာ '' လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသား လူနည်းစု လူများစုအားလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာ တည်ထောင်ရန် ကျွန်တော်တို့က သဘောတူကြောင်း ကတိပေးပါသည်။  မည်သည့် တိုင်းရင်းသားလူနည်းစုမဆို၊  မိမိတို့ကြမ္မာကို မိမိတို့ဖန်တီးခွင့်ပေးပါမည်။ ကျွန်တော်တို့နှင့် ခွဲလိုသည့်အခါ ခွဲခွင့်ရှိကြောင်း ကတိပြုထားပါသည်။

လူမှန်လျှင် လူ့အခွင့်အရေးတူ ရှိရမည်ကို သဘောပေါက်ပြီးသားဖြစ်သော ၄၆ ခုနှစ် မြန်မာတို့အပေါ်၌ လူနည်းစုကို ချုပ်ချယ်လိမ့်မည်ဟု သံသယရှိဖွယ် မဟုတ်တော့ပါ''

အဆိုကို ထောက်ခံသူများ။

၁။ ဦးမြစိန် ( ပုသိမ် )

 ၂။ ဦးဘဆွေ ( ဖျာပုံ ) 

၃။ မွန်ဦးဘိုးချိူ   

၄။ သခင်မြ 

ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အထူးကော်မတီအဖွဲ့က ရေးဆွဲတဲ့ မြန်မာနိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံစည်းမျဥ်း ဥပဒေသစ်ကို အသက်သွင်းပေးလိုက်မဲ့ ဖဆပလ ပြင်ဆင်မှုညီလာခံကြီးမှာ ဘု ရင်ခံအမှုဆောင်ကောင်စီအဖွဲ ဗိုလ်ချူပ်အောင်ဆန်းတင်သွင်းခဲ့တဲ့ အဆို ၁၄ ချက် ကို နယ်စပ်ဒေသ အမတ်များ အပါအဝင် ကွန်မြူနစ်ပါတီအမတ်များပါမကျန် လွှတ်တော်တခုလုံး သောင်းသောင်းဖြဖြ ထောက်ခံအတည်ပြုခဲ့တာ တွေ့ရပါတယ်။ 

ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံကြီးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) တွင်   ခွဲထွက်နိုင်သော အခွင့်အရေးကို  အတိအလင်း ပြဋ္ဌာန်းခဲ့တာ တွေ့ရပါတယ်။

၅။ ဦးအောင်ဆန်းရဲ့ လမ်းညွှန် ( ၇ )ချက်ဟာ တိုင်းရင်းသားများအတွက် လုံလောက်တဲ့ အာမခံချက်တွေကို အခိုင်အမာ အာမခံခဲ့တာလို့ ပြောရပါလိမ့်မယ်။

ခက်တာက  ကျနော်တို့ ဗမာတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသာလူမျိုးပေါင်းစုံတွေမှာ  ခေတ်အဆက်ဆက် သမိုင်းအပင်းတွေ သွင်းခံခဲ့ကြရတာကို အခုထိတိုင် ငြင်းခုံနေကြရဆဲဖြစ်နေကြတဲ့အတွက် အတော် စိတ်မကောင်းစရာကိစ္စလို့ သုံးသပ်မိပါတယ်။ 

ဗမာနဲ့ မြန်မာကို တချို့ခုထက်ထိ မကွဲကြသေးပါ။ တချို့ ဗိုလ်နေဝင်း လုပ်သွားတဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုကိစ္စကိုလည်း အပြင်းအထန် ငြင်းခုံနေကြဆဲတွေ တွေ့ နေရပါတယ်။ ဗိုလ်ခင်ညွန့် လုပ်သွားတဲ့ သွေးခွဲရေးပေါ်လစီတခုဖြစ်တဲ့ တိုင်းရင်းသား ၁၃၅ ခုကိစ္စကလည်း လူမျိုးကြီး လူမျိုးငယ်ပြဿနာကို ဦးတည်နေဆဲပါ။ ကနေ့ ကျနော်တို့ တတိုင်းပြည်လုံး စိတ်ရှည် နားလည်ပြီး အပြန်အလှန်သည်းခံညီညွတ်ကြဘို့ အထူးလိုပါတယ်။ တတိုင်းတပြည်လုံး စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုချပစ်ဘို့ ညီညွတ်စွာ ကြိုးစားနေကြချိန်မှာ လုံးဝမှန်ကန်မှုမရှိတဲ့ သမိုင်းဆိုင်ရာ လိမ် လည်မှုတွေကို ပြတ်ပြတ်သားသား  ငြင်းပယ်ရပါလိမ့်မယ်။  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့ သမိုင်းဆိုင်ရာ အမှန်တရားက နိုင်ငံသစ်ကို မွေးဖွားဖို့ အခြေအနေ အချိန်အခါ အချက်အလက်တွေနဲ့ အတူ  အခွင့်အရေးတွေပေးနေပြီဖြစ်ပါတယ်။

မိမိဖြတ်သန်းနေတဲ့ ခေတ်ကို မိမိကိုယ်တိုင် ဘယ်လောက်တာဝန်‌ျေမလဲဆိုတာတော့ မိမိကိုယ်တိုင် ရွေးချယ်ရမယ် ခေတ်တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။

စစ်အုပ်စုအဆက်ဆက် လုပ်သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအပါအဝင် စစ်ဂျင်းအားလုံးကို မြေမြှုပ်သင်္ဂြိုဟ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ တိုင်းသစ်ပြည်သစ်ကို ပြန်လည်တည်ဆောက်ကြတာဟာ အပွန်းအပဲ့ အနည်းဆုံးနဲ့ ညီညွတ်မှုအများဆုံးဖြစ်မယ်လို့ ယုံကြည်မိပါတယ်။ လွတ်လပ်ရေးမရခင်ကတည်းက ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များရဲ့  အမြော်အမြင်ရှိရှိ တိုင်းပြည်အတွက် စဥ်းစားပေးခဲ့ကြတဲ့ ကျေးဇူးသစ္စာကို ဤဆောင်းပါးဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar