သေဒဏ်ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ စွပ်စွဲသတ်ဖြတ်မှုတွေရဲ့အရိပ်
မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၆ မြင်ကွင်း
မိုးမခ - ဒီဇင်ဘာ ၇၊ ၂၀၂၂
သေဒဏ်ပြစ်ဒဏ်ချမှတ်ခံရသူတွေ ရဲ့ အသက်ရှင်သန်ခွင့် နဲ့ စွပ်စွဲသတ်ဖြတ်မှုတွေရဲ့အရိပ်
ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းမှာ စစ်ဘက်ဆိုင်ရာတရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့ပြီး မကြာခင် သေဒဏ်ကို စီရင်မယ်ဆိုတဲ့ ရေးသားမှုတွေ ထွက်ပေါ်လာကာ ဒီဇင်ဘာ ၇ ရက်နေ့မှာ စီရင်မယ်ဆိုတဲ့ ရေးသားမှုတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ယခင် ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို ယခုနှစ် ဇန်နဝါရီလမှာ သေဒဏ်ချမှတ်ခဲ့ပြီး ဇူလိုင်လ တတိယပတ်မှာ သေဒဏ်စီရင်ခဲ့တဲ့အဖြစ်က လတ်တလော သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးရဲ့ မိသားစုနဲ့ လူအများကိုစိုးရိမ်စေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဖမ်းဆီးပြီး သေဒဏ်ချမှတ်ထားသူ ၉၀ ကျော်ရှိပြီး အမျိုးသားတွေတင်မက အမျိုးသမီးတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံထားရသူလည်း ၃၀/၄၀ ထက်မနည်း ရှိတယ်လို့ အချက်အလက်စုဆောင်းမှတ်တမ်းတင်တဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီက သေဒဏ်ချမှတ်သူတွေအနေနဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ (လူသတ်မှု) လို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မလိုမျိုးနဲ့ ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပြီး အများစုက စစ်ဘက်ဆိုင်ရာ တရားရုံးတွေက ချမှတ်တာဖြစ်ပါတယ်။
ရန်ကုန်မြို့က ၆ မြို့နယ်ကို ယမန်နှစ်လယ်လောက်ကတည်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ခုချိန်ထိ အကျုံးဝင်နေဆဲဖြစ်ကာ အဆိုပါ ၆ မြို့နယ်မှာ ဖြစ်ပွားတဲ့ အမှုကိစ္စတွေထဲက နိုင်ငံရေးနဲ့ပတ်သက်တဲ့အမှုအခင်းတွေကို စစ်ဘက်ဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်လေ့ရှိပါတယ်။ စစ်ခုံရုံးလို့ အရပ်အခေါ်အဝေါ် အားဖြင့် ခေါ်ဝေါ်ကြတဲ့ ခုံရုံးက အရပ်ဘက် တရားရုံးတွေမှာ အမှုစစ်ဆေးသလို အပြန်အလှန်သက်သေတွေ လျှောက်လှဲချက်တွေ ရှေ့နေငှားရမ်းခွင့်တွေ အပြည့်အဝ လိုက်နာစရာမလိုဘဲ အမှုကို အကျဥ်းရုံး စစ်ဆေးခွင့်ရှိပြီး စီရင်ချက်ချပြီးတဲ့နောက်မှာလည်း အရပ်ဘက်ဆိုင်ရာတရားလွှတ်တော် အဆင့်ဆင့် အယူခံတင်တင်ခွင့်မရပဲ ပြင်ဆင်ချက်လျှောက်ထားခြင်းနဲ့ အသနားခံစာလိုမျိုးသာ တင်ခွင့်ရပြီး စစ်အာဏာပိုင်တွေက အသနားခံစာကို ပယ်ချခဲ့ရင် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို အတည်ပြုကာ ဆက်လက်လုပ်ဆောင်မယ့် သဘောမျိုး ဖြစ်ပါတယ်။ စစ်ခုံရုံးဆိုတာ လွယ်လွယ်ပြောရရင်တော့ ခုခံပိုင်ခွင့် အားလုံးဆုံးရှုံးတဲ့ တရားစီရင်ရေးဖြစ်ပြီး ပြစ်ဒဏ်ကိုလည်း ဥပဒေပါ ရှိတဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လေ့ရှိတာ ဖြစ်ပါတယ်။
ယမန်နှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကင်းစခန်းတွေ၊ ရဲကင်းတွေ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ သတင်းပေးလို့ စွပ်စွဲခံရသူတွေကို ပစ်ခတ်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ ပါဝင်ပတ်သက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုတဲ့ အမှုအခင်းတွေမှာ သေဒဏ် တသက်တကျွန်းလို့ ခေါ်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတာတွေ့ရပါတယ်။
ကိုဂျင်မီနဲ့ ကိုဇေယျာသော်၊ အခြား လှိုင်သာယာက သေဒဏ်ချမှတ်ခံရသူ ၂ ဦး စုစုပေါင်း ၄ ဦးကို စစ်ကောင်စီက ဇူလိုင်လ နှောင်းပိုင်း သေဒဏ်စီရင်ကွပ်မျက်ခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရ၊ အာဆီယံ၊ ကုလလူ့အခွင့်အရေး ဆိုင်ရာ တာဝန်ရှိသူတွေ အနောက်နိုင်ငံ သံရုံးတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော သေဒဏ်ချမှတ်ခံရသူ ၇ ဦးကိုလည်း သေဒဏ်စီရင်ကွပ်မျက်မှုမလုပ်ဖြစ်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေ သံရုံးတွေ ၊ ကုလအဖွဲ့အစည်းတွေက ကန့်ကွက်ကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
တဖက်မှာလည်း ခုရက်ပိုင်းအတွင်း PDF အဖွဲ့တွေရဲ့ စွပ်စွဲ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တခုက သတင်းမီဒီယာတွေ အပေါ် ရောက်ရှိလာပြီး NUG အစိုးရက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာရတဲ့ အနေအထား ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ တမူးမြို့က ကျောင်းဆရာမဖြစ်သူကို လွန်ခဲ့တဲ့ ဇွန်လမှာ ဒေသ PDF တပ်ဖွဲ့ဝင်တွေက လမ်းမပေါ်မှာ ရိုက်နှက် စစ်ဆေးမေးမြန်းတာတွေ အပြီး သေနတ်နဲ့ ပစ်သတ်စီရင်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
တဖန် ကန့်ဘလူမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း တရားရုံးအမှုလိုက်ပြီး ပြန်လာတဲ့ တရားလွှတ်တော် အမျိုးသမီးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တခုလည်း ထပ်မံပေါ်ထွက်လာပြီး သေဆုံးရသူရဲ့ မိခင်က NUG အစိုးရကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားစာလည်း ပျံ့နှံ့လာတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ် ၂ ခုက စစ်ကောင်စီဖြုတ်ချရေး လုပ်ဆောင်နေကြတဲ့ PDF တွေဘက်မှာလည်း အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိနေတယ်ဆိုတဲ့ အမြင်မျိုးဖြစ်စေနိုင်ပြီး အထက်က သေဒဏ်စီရင်ချက်ချမှတ်ခံရသူတွေကို ကွပ်မျက်မှုတွေ မလုပ်အောင် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို အားပျော့စေနိုင်တာလည်း ဖြစ်ပါတယ်။
PDF လက်နက်ကိုင် အဖွဲ့တွေက အခုလို လက်နက်မဲ့ အရပ်သားတွေကိုပါ လုပ်ကြံသတ်ဖြတ်တာတွေ ရှိနေတယ်ဆိုတဲ့ ကောက်ချက်မျိုး ထွက်ပေါ်စေနိုင်တာလည်း ဖြစ်ပါတယ်။
တနည်းအားဖြင့် သေဒဏ်ချမှတ်မှု၊ အကောင်အထည်ဖော်မှုတွေကို ရပ်တန့်အောင် ကြိုးစားလှုံ့ဆော်နေရချိန်မှာ အခုလို အရပ်သားတွေကို စွပ်စွဲသတ်ဖြတ်တဲ့ အမှုကိစ္စထွက်ပေါ်လာခြင်းက ဆိုးရွားတဲ့ တိုက်ဆိုင်မှုတခု ဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar