စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှုတွေ ဆက်လက်ခံနေရဆဲ စစ်ကိုင်းတိုင်း
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၇ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၂
စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှုတွေ ဆက်လက်ခံနေရဆဲ စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းထဲက ဒေသတွေက မြို့နယ်တွေ ကျေးရွာတွေက စစ်ကောင်စီတပ်တွေရဲ့ အလှည့်ကျ ဝင်ရောက် စစ်ဆင်တာ နေအိမ်မီးရှို့တာတွေ ခံနေရတာ နှစ်ပေါက်ခဲ့ပေမယ့် မရပ်မနားသေးသလို တားဆီးနိုင်တဲ့ အနေအထားလည်း မရှိသေးဘူးလို့ဆိုရမယ် ထင်ပါတယ်။ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဆားလင်းကြီး ၊ ချောင်းဦး၊ မြင်းမူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ အင်းတော် စတဲ့ ကချင်ပြည်နယ် အစပ်မြို့နယ်တွေ အထိ မီးရှို့မခံရတဲ့ မြို့နယ်တွေ မရှိလောက်အောင် အနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လို့ ယေဘုယျအားဖြင့် ခေါ်ဝေါ်ကြတဲ့ ဒေသအလိုက်ဖွဲ့စည်းကြတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ရှင်းလင်းဖို့၊ သူတို့ အခြေစိုက်ကြတဲ့ ကျေးရွာတွေကို ဝိုင်းကြီးချုပ် ဒဏ်ခတ်မီးရှို့ဖို့၊ ရိက္ခာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ကို စစ်ကောင်စီတပ်တွေအနေနဲ့ ယူဆောင်ခွင့်ပေးပြီး ခုခံတိုက်ခိုက်မှုတွေ ကို စွန်လွှတ်အောင် လုပ်ဆောင်တဲ့ ရက်စက်သော ညစ်ပတ်သော နည်းပရိယာယ်တွေ သုံးပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း နေအိမ်ပေါင်း သောင်းဂဏန်း လူအသက်ပေါင်း ရာဂဏန်း၊ ထောင်ဂဏန်းနဲ့ ငွေကြေးဆုံးရှုံးမှု ကောက်ယူနိုင်မှုမရှိတော့ မမှန်းဆနိုင်လောက်တဲ့ ဆုံးရှုံးမှုတွေ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ခေတ်စနစ်ပြောင်းမယ့် တော်လှန်ရေးတခု အတွက် အခုလို အသက်တွေ နေအိမ် စည်းစိမ် ပိုင်ဆိုင်မှုတွေနဲ့ စတေးမှုရှိရမယ်လို့ ဆိုကောင်းဆိုကြလိမ့်မှာ ဖြစ်ပါတယ်။ တော်လှန်ရေး တခုအောင်မြင်ဖို့ အခုလို အနာခံမှုတွေ ပေးဆပ်မှုတွေ ရှိရမယ်လို့ ဆိုတာ အငြင်းပွားစရာမရှိသော်လည်း ခုခံတိုက်ခိုက်မှုတွေ ရဲ့ စုစည်းမှု၊ ဦးဆောင်မှုတခုအောက် ကို ကာလတခု သတ်မှတ်ပြီး ရောက်ရှိအောင် လုပ်ဖို့လိုအပ်သလို စစ်ရေးအရ တိုက်ခိုက်မှုတွေကို လူနေကျေးရွာတွေ မှာ အခြေစိုက်ပြီး လုပ်ဆောင်မလား ၊ ဒေသထဲက လူမနေတဲ့ ဒေသတွေမှာ အခြေစိုက်မလား ဆိုတာလည်း စဥ်းစားသုံးသပ်သင့်တယ်လို့ မြင်ပါတယ်။ ကျေးရွာတွေမှာ အခြေစိုက်ခြင်းက လူထုပါဝင်မှု ၊ ရိက္ခာ၊ သတင်းအချက်အလက် ရရှိဖို့ အတွက် သာလွန်မှုတွေ ရှိတာအမှန်ဖြစ်သော်လည်း အခုလို ကျေးရွာတွေ ဖျက်ဆီးခံရတဲ့ အကျိုးဆက်ရှိတာလည်း ဖြစ်ပါတယ်။ ကျေးရွာတွေမှာ အခြေစိုက်တဲ့အတွက် ကျေးရွာတွေကို ဖျက်ဆီးပြီး ကျေးရွာတွေက ပီဒီအက်ဖ်တွေကို လက်မခံအောင် စစ်ကောင်စီက သတင်းစကားပေးဖို့ ရည်ရွယ် ဖျက်ဆီးနေတာလည်း ဖြစ်ပါတယ်။
ဗီယက်နမ် စစ်ပွဲမှာလို အမေရိကန်တပ်တွေကို ဆန့်ကျင် တိုက်ခိုက်နိုင်ဖို့ ဟိုချီမင်းဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကျေးရွာတွေမှာ အခြေစိုက်ပြီး ကျေးရွာက လူထုကို ကျားမ မခွဲပဲ စစ်ရေး အတွေ့အကြုံ သတင်းပို့တဲ့အတွေ့အကြုံနဲ့ လူထုကပါဝင်တဲ့ တိုက်ခိုက်ရေး ပုံစံမျိုး စည်းရုံးလေ့ကျင့်ပြီး စစ်လက်နက်နဲ့ ငွေကြေး သာလွန်တဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်ပကျူးကျော်မှုကို ပြည်သူ့စစ်အသွင်နဲ့ ပြည်သူကို လေ့ကျင့်သင်ကြားပေးပြီး တုံ့ပြန်တိုက်ခိုက်စေတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းစစ်ပွဲက အမေရိကန်တပ်တွေသွားတိုက်တဲ့ ဗီယက်နမ် စစ်ပွဲနဲ့တော့ တိုက်ရိုက်နှိုင်းယှဥ်လို့မရပေမယ့် PDF တွေအနေနဲ့ ကျေးလက်မှာ အခြေခံပြီး အင်အားအသာစီးရထားတဲ့ ပုံမှန် တပ်တတပ်ကို တိုက်ခိုက်ရတာဖြစ်ပြီး ခုခံတိုက်ခိုက်တဲ့ ပီဒီအက်ဖ်တွေဘက်မှာ လက်နက် အရေအတွက်၊ လက်နက်အမျိုးအစား အားနည်းချက်တွေတော့ ရှိနေတာ ဖြစ်သလို ဗဟိုအမိန့်ပေးစနစ်တခုကနေပြီး မဟာဗျူဟာ၊ နည်းဗျူဟာ ချမှတ်တာမဟုတ်ပဲ ကိုယ့်ရွာ ကိုယ့်မြို့နယ် အလိုက်ဖွဲ့ထားတဲ့ အဖွဲ့တွေက ကိုယ့်ဗျူဟာ နဲ့ ကိုယ် တိုက်ခိုက်နေကြသလို ဖြစ်နေခြင်းက အားနည်းချက်ဖြစ်ပြီးအင်အားစုစည်းမှု မရှိတဲ့ သဘောဖြစ်ကာ ရေရှည်ရပ်တည်ရေးမှာ အားနည်းနိုင်ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ အထက်က မြို့နယ်တွေ ဒေသတွေအနေနဲ့ စိုက်ပျိုးရေးကို အဓိကအားပြုကာ အသက်မွေးဝမ်းကျောင်း နေကြရတာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ မီးရှို့ဖျက်ဆီးမှုတွေ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီးနောက်မှာ စိုက်ပျိုးရေးကို ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အနေအထားက တနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ဒေသက လုံခြုံမှုမရှိတော့တဲ့အနေအထားမှာ နေအိမ်ဆုံးရှုံးမှုတွေ အပြင် ရိက္ခာ မထုတ်လုပ်နိုင်တာ ဆုံးရှုံးတာတွေလည်း ဖြစ်ပွားနေတာကြောင့် တဖက်မှာလည်း တော်လှန်ရေးကို ထောက်ပံ့နိုင်မှု ကြံ့ကြံ့ခံနိုင်မှုတွေ ကျဆင်းလာမယ့်အရေး ကြိုတင်တွေးဆ ပြင်ဆင်ထားဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ လူငယ်တွေ လူလတ်ပိုင်းတွေထဲက လက်နက်ကိုင် တပ်ဖွဲ့ထဲ ဝင်ရောက်သူဝင်ရောက်ကြသလို အများအပြားလည်း ပြည်ပမှာ ရရာ အလုပ်လုပ်ဖို့ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ ရုံးဖွင့်ရက်တရက်တိုင်းမှာ မြန်မာနိုင်ငံတနိုင်ငံလုံး အနေနဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၄/ ၅ ထောင်လောက်ရှိမယ်လို့ မှန်းဆရပါတယ်။ ရန်ကုန်တမြို့ထဲတင် နိုင်ငံကူးလက်မှတ်လျှောက်သူ ၃ ထောင်နီးပါးရှိနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်၊ ကိုဗစ်ကပ်ဘေး ကန့်သတ်ချက်တွေ အတိုင်းအတာတခုထိ ရုပ်သိမ်းပြီးနောက် လူငယ်တွေ အများအပြား အလုပ်အကိုင်ရဖို့အတွက် ပြည်ပထွက်ခွာ နေကြတာက ရေစီးကြောင်းကြီး တခုသဖွယ် ဖြစ်လာနေတာပါ။ ကျေးရွာတွေမှာ လူငယ် လူလတ်ပိုင်းမရှိကြတော့ပဲ အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေသာ ကျန်ရစ်ပြီး နာရေးတခုခု ဖြစ်ရင်တောင် ထမ်းမယ့် လူငယ်လူလတ်ပိုင်း ရှားပါးတဲ့ အဖြစ်မျိုး မွန်ပြည်နယ် ၊ ကရင်ပြည်နယ်မှာ အရင်ဆယ်စုနှစ်တွေတုန်းက တွေ့ရတာတွေက အခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာ ဖြစ်လာနိုင်ခြေ ရှိနေတာပါ။
မကြာသေးမီ လပိုင်းက လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ မူလတန်းကလေးရဲ့ မိခင်နဲ့ ဖခင် နှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံက စက်ရုံ လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်တာကို ကြည့်ရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က သူတွေသာ ထိုင်းနိုင်ငံသွားရောက် အလုပ်လုပ်ကိုင်နေကြတာမဟုတ်ပဲ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းက လူငယ် လူလတ်ပိုင်းအများအပြားလည်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေကြတာကို တွေ့နိုင်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး ကြာလာသည်နှင့်အမျှ ဒေသလုံခြုံရေး အနေအထားပေါ်မူတည်ပြီး လူမှုစီးပွားအခြေအနေတွေ ပြောင်းလဲလာတာကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar