Breaking News

သီအိုဇော် - မလေးရှား ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲများ ( ၃ )


သီအိုဇော် - မလေးရှား ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲများ ( ၃ ) - နိဂုံး

(မိုးမခ) ဒီဇင်ဘာ ၁၈ ၊ ၂၀၂၂


အာဆီယံ အဖွဲ့အစည်းကြီးတခုလုံးကိုတောင် စိတ်ဝင်စားမှု လျော့ကျလာနေခဲ့ချိန်မှာ ‘မလေးရှား’နိုင်ငံရဲ့ အစိုးရ အဖွဲ့အပြောင်းအလဲက ရင်ကိုလှုပ်ခတ်သွားနိုင်စရာမရှိဘူး ဆိုရင်လည်း သဘာဝကျပါတယ်။ ‘အာဆီယံ’ အဖွဲ့ ဟာ ကိုယ်တိုင်သာမက အဖွဲ့ဝင်နိုင်ငံအသီးသီးမှာလည်း ပြဿနာကိုယ်စီနဲ့ဖြစ်လို့ စစ်ကောင်စီအတွက် အသက်ရှူပေါက်မပေးဘဲ နိုင်ငံရေးဖိအားတွေ သူတို့တတ်နိုင်တဲ့ဘက်က ဆက်ပေး‌နေသမျှ အပေါင်းလက္ခဏာတရပ်လို့သာပဲ မြင်ကြည့်ပေးရတော့မယ့် အခြေအနေပါ။ 

‘အာဆီယံ’ထဲမှာကလည်း ‘မလေးရှား’နဲ့ ‘အင်ဒိုနီးရှား’တို့က ‘မြန်မာ’နိုင်ငံအရေးမှာ တွန်းတွန်းတိုက်တိုက် အရှိဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ တကယ်လို့ ဒီနှစ်နိုင်ငံရဲ့ အသံသာ တိတ်ဆိတ်သွားခဲ့ရင် ‘အာဆီယံ’အဖွဲ့အနေနဲ့ ဘယ်လိုခြေလှမ်းပြင်လာလေမလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။ ဒီအတွက် ဒီလိုနိုင်ငံတွေမှာ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲသွားတာကို ကျန်တဲ့‘အာဆီယံ’အဖွဲ့ဝင်တွေဆီမှာ ဖြစ်ပျက်တာထက် ပိုစိတ်ဝင်စားမိပါတယ်။  

အစိုးရအပြောင်းအလဲဖြစ်ပြီး နောက်တက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးသစ်ကို ဦးစွာ မေးခွန်းထုတ်လေ့ရှိကြတာ ကတော့  အစိုးရအဖွဲ့သစ်ရဲ့  နိုင်ငံခြားရေးပေါ်လစီပါ။ အခုလည်း ‘ဇမ်ဘရီ အဗ္ဗဒူ ခဒီရာ’က  ‘သူ့ရဲ့ ပထမဆုံးရုံး စ တက်တဲ့နေ့မှာ ‘မလေးရှား’နိုင်ငံရဲ့ အဓိက နိုင်ငံခြားရေး မူဝါဒများ ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်း၊ ဥပမာအနေနဲ့ ကြားနေရေးမူဝါဒနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆက်ဆံရေး မူဝါဒတို့ကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။ အချို့ကိစ္စများမှာ ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ ရှင်းလင်းတဲ့ သဘောထား အရင်သိဖို့ လိုအပ်မယ်လို့လည်း ဖြည့်စွက်ခဲ့ပါတယ်။ ‘ပါလက်စတိုင်း’နဲ့ ‘မြန်မာ’နိုင်ငံအရေးများအတွက် ပူးတွဲမေးမြန်းလာတဲ့အခါမှာတော့ ဆွေးနွေးမှုတွေ အရင်လုပ် ပြီးမှ သဘောထားထုတ်ပြန်မယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ‘ဇမ်ဘရီ’ပေးပို့တဲ့ ‘မလေးရှား’နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖိုရမ်ကို ဗီဒီယို မိန့်ခွန်းထဲမှာ မလေးရှားနိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ ’ပါလက်စတိုင်း’နဲ့ ‘ရိုဟင်ဂျာ’ဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာကြီးရဲ့အားပေးထောက်ခံမှုရရှိစေဖို့ ဆက်လက်ကြိုးစား အားထုတ်သွားမှာ ဖြစ်ကြောင်း မှတ်ချက်ပေး ပြောကြားခဲ့တာကိုလည်း သတိပြုမိပါတယ်။ အာဆီယံနိုင်ငံများထဲမှာ ‘ရိုဟင်ဂျာ’ အရေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ‘မလေးရှား’က ပိုရင်ဆိုင်နေရတာ ထင်ရှားပါတယ်။

ထပ်ဖြည့်ပြောရရင် မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် (၂၀၂၂-၂၀၂၄)ခုနှစ် သက် တမ်းအတွက် ‘အာရှ-ပစိဖိတ်’ဒေသကို ကိုယ်စားပြု ရွေးချယ်ခံထားရတဲ့ တခုတည်းသော အာဆီယံနိုင်ငံဖြစ်လို့ ဒေသတွင်း လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ပိုပြီးမီးမောင်းထိုးပြနိုင်တဲ့ အခွင့်အရေး ရှိထားပါတယ်။

’ပါလက်စတိုင်း’အရေးဟာ ‘မလေးရှား’နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ သိသာထင်ရှားတဲ့မူဝါဒလို့ ဆိုနိုင်ပါတယ်။ ’အိုအိုင်စီ’(OIC)အဖွဲ့အစည်း စတင်ထူထောင်ခဲ့ရာမှာ ပါဝင်တဲ့ ‘မလေးရှား’နိုင်ငံဟာ ဒီအရေးကိစ္စမှာ ပြတ်ပြတ် သားသား ရပ်တည်ခဲ့တာပါ။ ’ပါလက်စတိုင်း’နဲ့ သံတမန်အဆက်အသွယ် ထားရှိပေမယ့် ‘အစ္စရေး’ နိုင်ငံနဲ့ ဆက် သွယ်မှု့ မရှိပါဘူး။ ‘အစ္စရေး’ကို တရားဝင် အသိအမှတ်မပြုတဲ့ နိုင်ငံများထဲမှာ ‘မလေးရှား’ နိုင်ငံ ပါဝင်ပါတယ်။ ‘မ လေးရှား’ နိုင်ငံကူးလက်မှတ်မှာဆိုရင် ‘This passport is valid for all countries except Israel’လို့တောင် ရိုက်နှိပ်ထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ‘မလေးရှား’ရဲ့ စွဲကိုင်ထားတဲ့ သဘောထားနဲ့ တုံ့ပြန်မှုအတိမ်အနက်ကို မှန်းဆကြည့်နိုင်ပါတယ်။

အခု ’ပါလက်စတိုင်း’အရေးနဲ့ ယှဥ်တွဲပြီး ဖော်ပြခံနေရတဲ့အတွက် မလေးရှားနိုင်ငံအနေနဲ့ ပေါ့ပေါ့တန်တန် သဘောမထားဘူးဆိုတာလည်း ပေါ်လွင်နေပါတယ်။ အစိုးရအဖွဲ့သစ်ရဲ့ ဒု-ဝန်ကြီးချုပ်’ဇာဟစ်’ဟာ ‘နာဂျစ်’အစိုးရ အဖွဲ့ရဲ့ ဒု-ဝန်ကြီးချုပ်တာဝန်ယူခဲ့စဥ် ၂၀၁၇ခုနှစ် အောက်တိုဘာလက ‌’ကောက်ဇ်ဘဇား’(Cox’s Bazar) ဒုက္ခသည် စခန်းကို သွားရောက် လေ့လာခဲ့ဖူးသူတဦး ဖြစ်ပါတယ်။ အဲဒီကာလမှာ နိုင်ငံခြားအစိုးရအဖွဲ့တခုရဲ့ အင်္ဂါစဉ် (၂) အဆင့် ရှိသူတဦး လာရောက်ခဲ့ခြင်းဟာ အတော်ရှားပါးတယ်လို့ ဆိုရပါမယ်။

တဖက်ကပြန်ပြီးစဥ်းစားကြည့်ရင်  နိုင်ငံခြားရေးဝန်ကြီးရဲ့ ချဥ်းကပ်ဖြေရှင်းပုံဆိုတာ သူ့နိုင်ငံအစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေး‌ပေါ်လစီကို ထင်ဟပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ‘ဆိုင်ဖူဒင်’ရဲ့ မြန်မာ့အရေး ကိုင်တွယ်ခဲ့ပုံဟာ အဲဒီအချိန်က ‘BN’ညွန့်ပေါင်းအစိုးရ(အခု ဒု-ဝန်ကြီးချုပ်’ဇာဟစ်’နာယကလုပ်တဲ့ ‘BN’ပါတီ)ရဲ့  မူဝါဒလမ်းကြောင်းအတိုင်းပဲလို့ မှန်းဆရမှာပါ။အခု‘PH’ ညွန့်ပေါင်းအစိုးရမှာလည်း’ဇာဟစ်’တို့ ‘BN’ပါတီက အဓိကမဟာမိတ်ပါတီအဖြစ် ဆက်ရှိနေပါသေးတယ်။

‘ဇမ်ဘရီ’ဟာ ‘ဘရပ်ဆဲလ်’မြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ‘အီးယူ-အာဆီယံ’ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို ‘အန်နဝါ’ရဲ့ကိုယ်စား  ‘တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ၁၉၇၇ခုနှစ်က စ တင်ခဲ့တဲ့ ဆက်ဆံရေး ၄၅ နှစ်မြောက် အထိမ်းအမှတ်ဖြစ်သလို မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ထားတဲ့ ဒေသဆိုင်ရာ အဖွဲ့ကြီး နှစ်ခုကြား ပထမဆုံးအကြိမ်ထိပ်သီး တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။

တဖွဲ့ဟာတဖွဲ့အတွက် တတိယအကြီးမားဆုံး ကုန်သွယ်ဖက် အပြန်အလှန်ဖြစ်ကြပြီး ကုန်သွယ်ရေး၊ လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး စတဲ့ ဘုံအကျိုးစီးပွားကိစ္စများအပြင် ဒေသတွင်းအကျပ်အတည်းဖြစ်နေတဲ့ ‘ယူကရိန်း’၊ ’မြန်မာ’ ပြဿနာတွေကိုလည်း ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ အစည်းအဝေးအပြီး ထွက်လာတဲ့ ထုံးတမ်းအစဥ်အလာ ကြေညာချက်ထက်စာရင် ‘မြန်မာ’ မပါတဲ့ ထိပ်သီးခေါင်းဆောင်များရဲ့ ဓာတ်ပုံက နိုင်ငံတကာ ဖိအားကို ပိုပြသနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

‘ဇမ်ဘရီ’က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ‘ရက်နိုမားဆူးဒီ’(Retno Marsude)နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ‘အာဆီ ယံ’ အလှည့်ကျ ဥက္ကဌ ဖြစ်လာတော့မယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ လေသံတွေက ထူးခြားနေပါတယ်။ ‘အာဆီယံ’ချဥ်း ကပ်ပုံနည်းလမ်းများကို အားမရစရာလို့ မြင်နိုင်ကြပေမယ့် အာဏာသိမ်းစစ်ကောင်စီကို မျက်နှာသာမပေးမှုကို တော့ အသိအမှတ်ပြုကြရမှာပါ။ 

‘ရက်နို’က ဒီရက်ပိုင်း အိန္ဒိယရဲ့‘မြန်မာ’အပေါ် ထိတွေ့ ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ‘အာဆီယံ’ရဲ့ ဒီမိုကရေစီအရေး ရှေးရှုဆောင်ရွက်ချက်များကို ထိရောက်မှုမရှိအောင် ဖြစ်သွားစေနိုင်ကြောင်း၊ မတူခြားနားတဲ့ ချဥ်းကပ်မှုမျိုး မလုပ် ကြပဲ အာဆီယံပေါ်လစီကို လေးစားပြီးလိုက်နာကြဖို့ အိန္ဒိယနဲ့ အခြားနိုင်ငံများကို တောင်းဆိုခဲ့ပါတယ်။လက်ရှိ ‘အာဆီယံ’  အလှည့်ကျ ဥက္ကဌ ‘ကမ္ဘောဒီးယား’ဆီက ဒီလိုပြောကြားမှုများ ထွက်မလာခဲ့ဖူးပါဘူး။ 

ဒီအချိန်မှာ အခုလို‘အီးယူ’အဝန်းအဝိုင်း‘နဲ့ ’အာဆီယံ’ ဆက်ဆံမှုတိုးမြှင့်လာခြင်းဟာ ဆွေးနွေးဘက်တွေကြားမှာ အာဆီယံအဖွဲ့ဝင် မြန်မာ့အရေးကို ပိုပြီးရှောင်လွှဲမရနိုင်အောင် ဖြစ်လာတဲ့အတွက် အကောင်းဘက်က မြင်ကြ ရမှာပါ။

ကျားသေကို အသက်သွင်းလိုသူ၏ ပြုပြင်ပြောင်းလဲရေးခရီးရှည်

‘ကျားသေကို အသက်သွင်းတယ်’ဆိုတဲ့စကားကို အကောင်းထက် အဆိုးနေရာတွေအတွက် ပုံပမာပြ ရေးလေ့ရှိ ကြပါတယ်။ ဒီနေရာမှာတော့ ‘အာရှတိုက်ရဲ့ကျားလေးကောင်’ဆိုပြီး ၁၉၉၇ခုနှစ် အာရှဘဏ္ဍာရေး အကျပ်အတည်းမတိုင်မီက အလေးတယူပြုခဲ့ကြရတဲ့  ‘တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ မလေးရှား’တို့ရဲ့ ရွှေခေတ်လို ‘မလေးရှား’နိုင်ငံရဲ့ စီးပွားရေးကို ပြန်ဦးမော့လာအောင် ‘အန်နဝါ’က ကြိုးစားအားထုတ်လိမ့်မယ် ဆိုတဲ့ ရှု့ထောင့်က နေ ရည်ရွယ်ရေးသားလိုက်ခြင်းပါ။

ရွေးကောက်ပွဲကြိုကာလက ‘Merdeka Center’ အပါအဝင် စစ်တမ်း‌ကောက်ဌာန အတော်များများရဲ့  သုတေသနတွေမှာ မလေးရှားနိုင်ငံသားများရဲ့  ထိပ်ဆုံးဦးစားပေးကိစ္စက လူနေမှုစရိတ်၊ ငွေကြေးဖောင်းပွမှုတို့ ပါဝင်တဲ့ တိုင်းပြည်စီးပွားရေးပဲ ဖြစ်ပါတယ်။ ‘အန်နဝါ’ကလည်း မလေးရှားစီးပွားရေးကို အဓိကဦးစားပေး ကိုင်တွယ်မယ်လို့ ပြောလေ့ရှိပြီး ဒါဟာ ‘PH’မဟာမိတ်ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့လည်း ကိုက်ညီပါတယ်။ 

‘အန်နဝါ’ရဲ့ ‘PKR‘ပါတီကို ပြုပြင်ပြောင်းလဲရေးကို ‌ရှေ့တန်းတင်တဲ့ပါတီအဖြစ် သတ်မှတ်ကြပြီး ‘အန်နဝါ’ကိုလည်း ပြုပြင်ပြောင်းလဲရေးဝါဒီတဦးအဖြစ် လူသိများကြပါတယ်။ သူကမလေးရှားနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ဆွဲခေါ်သွားလိုမှာ သေချာပါတယ်။ ရွေးကောက်ပွဲ ကတိကဝတ်တွေထဲမှာ ‘အဂတိ တိုက်ဖျက်ရေး’ကလည်း ရှေ့ဆုံးက ပါဝင်ပါတယ်။ ဒီကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်သေးသရွေ့  မလေးရှား စီးပွားရေး တိုးတက်စေဖို့ မရှိမဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေကြဦးမှာပဲလို့  ‘အန်နဝါ’က ‌ပြောကြားလေ့ရှိပါတယ်။

သူက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာမခံဖို့ ရည်ရွယ်ထားတဲ့အပြင် သတင်းပေးသူတွေကို ပိုမိုအကာအကွယ်ပေးနိုင်ဖို့အတွက် ရှိရင်းစွဲ ‘Whistleblower Protection Act’ကိုလည်း ဖြည့်စွက်ပြင်ဆင်ဖို့ လုပ်ငန်းစဥ်ထဲ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့စဥ်က အာဏာပိုင်တွေကို ဆန့်ကျင်ဖို့ ကြိုးစားမှုများကို နှုတ်ဆိတ်စေဖို့ ပြဋ္ဌာန်းခဲ့တဲ့ ‘Sedition Act 1948’ကို ဖျက်သိမ်းပစ်ဖို့လည်း စီစဥ်ထားပါတယ်။

ဒီလိုသိသာတဲ့ အပြောင်းအလဲများအပြင် ဝန်ကြီးချုပ်သက်တမ်း ၁၀ နှစ်ထက်မပိုရန်၊ ရွေးကောက်ပွဲ‌ စောမခေါ်ရန် တို့အတွက်လည်း ဆောင်ရွက်လိုပါသေးတယ်။ ’ဆာဘား’နဲ့ ’ဆာရာဝပ်’ ပြည်နယ်များဘက်က ဒု-ဝန်ကြီးချုပ်ရာထူး‌နေရာ ရစေရမယ်ဆိုတဲ့ ရွေးကောက်ပွဲကတိကိုတော့ ဖော်ဆောင်ပေးနိုင်ခဲ့ပါပြီ။ ဒီပြည်နယ်‌တွေမှာ စုစုပေါင်း အမတ်နေရာရဲ့ ၃၅ ရာခိုင်နှုန်း ရှိစေရမယ်ဆိုတာကိုတော့ အကြိတ်အနယ် ညှိနှိုင်းကြရမယ့်ပုံပါပဲ။ အခုလက်ရှိမှာ က (၂၅) ရာခိုင်နှုန်း  (၅၆/၂၂၂‌ နေရာ)ရထားပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေမှုတွေရှိတဲ့ ’ဆာဘား’နဲ့’ဆာရာဝပ်’ကို ပိုအာရုံစိုက်ပေးကြဖို့  ဒေသခံနိုင်ငံရေးပါတီ တွေက တောင်းဆိုနေကြပါတယ်။ ‘အနောက်မလေးရှား’ဘက်လောက် တိုးတက်မှုမရှိသေးတဲ့ ဒီပြည်နယ်‌များမှာ ကွဲပြားတဲ့ လူမျိုးစုများစွာ နေထိုင်ကြပါတယ်။ ဥပမာ ’ဆာဘား’ ပြည်နယ်‌အစိုးရ ဝက်ဘ်ဆိုဒ်အရ သူတို့ပြည်နယ်‌မှာ ဌာနေတိုင်းရင်းသားလူမျိုးစု ၃၃ ခု၊ ဘာသာစကား ၅၀၊ ဒေသသုံးစကား ၈၀ ရှိတယ်လို့ ဆိုထားပါတယ်။ ’ဆာရာဝပ်’ပြည်နယ်ရဲ့ ထူးခြားမှုတခုကို ဖြည့်ပြောရရင် မလေးရှားနိုင်ငံမှာ တခုတည်းသော ခရစ်ယာန်ဘာသာဝင် အများစုဖြစ်နေတဲ့ ပြည်နယ်ဆိုတဲ့ အကြောင်းကိုပါ။

တကယ်လို့ ‘အန်နဝါ’စိတ်တိုင်းကျသာ ဆောင်ရွက်ခွင့်ရခဲ့ရင်တော့ ‘အန်နဝါ’ရဲ့  အိပ်မက်ထဲက မလေးရှား နိုင်ငံသစ်ဟာ ပြောင်းလဲမှုများစွာရှိမှာပါ။ လက်တွေ့မှာတော့ ညွန့်ပေါင်းအစိုးရ‌သာ ဖြစ်နေတဲ့အတွက် စိတ်သွားသလောက် ကိုယ်ပါနိုင်ပါ့မလားလို့ တွေးဆကြည့်ရမယ့်ပုံပါပဲ။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၃ ကြိမ်နဲ့ ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲ‌တို့နဲ့ နှိုင်းယှဥ်ကြည့်ရင် ‘PH’ပါတီရရှိတဲ့ စုစုပေါင်း မဲအရေအတွက်က ရာခိုင်နှုန်းအနေနဲ့ပြောရရင် ဒီ ၁၅ ကြိမ်မြောက်မှာ လျော့နည်းခဲ့ပါတယ်။ ရရှိတဲ့အမတ် နေရာ လည်း ၁၄ ကြိမ်မြောက်ထက် လျော့နည်းခဲ့ပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ ‘အန်နဝါ’က ဝန်ကြီးချုပ် ဖြစ်လာခဲ့ပေမယ့် သူ့ရဲ့ပြုပြင်ပြောင်းလဲရေးမူဝါဒများအတွက် အခြားနိုင်ငံရေးပါတီများနဲ့ နိုင်ငံသားအားလုံးကို ဆက်လက် စည်းရုံးပြီး တဖြည်းဖြည်း ညှိနှိုင်းဆောင်ရွက်ရမယ့် အနေအထားလို့ ဆိုရပါမယ်။

ယေဘုယျအားဖြင့် ‘PH’မဟာမိတ်ပါတီများကို ဗဟိုလက်ဝဲယိမ်းတဲ့ နိုင်ငံရေးအင်အားစုလို့ သတ်မှတ်ကြပြီး ‘PN’ နဲ့ ‘BN’ ကိုတော့ လက်ယာဝါဒီပါတီများလို့ ဆိုကြတဲ့အတွက် ‘PH’ပါတီနဲ့ ကျန်နိုင်ငံရေး အင်အားစုများကြားမှာ ကွာ ဟချက်တွေက အစကပင် ရှိနေပြီးသားလို့ ဆိုနိုင်ပါတယ်။အဓိကညွန့်ပေါင်းပါတီကြီး(၃)ခုရဲ့ ခေါင်းဆောင်များ ဖြစ်တဲ့ ‘အန်နဝါ’(PH)၊ ‘မူဟစ်ဒင်’(PN)၊ ’ဇာဟစ်’(BN)တို့(၃)ဦးလုံးက ‘UMNO’ပါတီဝင်များအနေနဲ့ ‘BN’ အစိုးရလက်ထက်များမှာ ဒု-ဝန်ကြီးချုပ် ဖြစ်ခဲ့ကြသူတွေပါ။ အခုအခါမှာတော့ မတူညီတဲ့ သဘောတရားများနဲ့ ကွဲပြားတဲ့ပါတီ ခေါင်းဆောင်များ ဖြစ်နေကြပါပြီ။

ဒါ့အပြင် မလေးရှားနိုင်ငံ‌ရေးပါတီတွေမှာ လူမျိုးရေး၊ဘာသာရေး အစွဲရှိမှုမျိုးတွေလည်း ရှိနေပါတယ်။ ဥပမာ ‘PN’ ပါတီကို ကြည့်ရင် သူ့မှာပါတဲ့ ‘BERSATU’ပါတီမှာ မလေးလူမျိုးများကသာ တင်းပြည့်ပါတီဝင် ဖြစ်နိုင်ပြီး မလေး လူမျိုး မဟုတ်သူများကို တွဲဖက်ပါတီအဖွဲ့ဝင်အဖြစ်နဲ့သာ လက်ခံတဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။ ‘PN’ ရဲ့ နောက်ပါတီတခုဖြစ်တဲ့ ‘PAS’ ကတော့ ‘Pan Malaysian Islamic Party’ဆိုတဲ့ သူ့နာမည်အတိုင်း ဘာသာရေးကို ဇောင်းပေးထားတာပါ။ The United Malays National Organisation (UMNO) ဦးဆောင်တဲ့ ‘BN’ပါတီကလည်း ‘မလေး’လူမျိုး အဓိကပါတီတခုပါပဲ။‘အန်နဝါ’တို့ ‘PH’ပါတီရဲ့  အမာခံ ’DAP’ပါတီဝင်တွေကိုတော့ ‘မဟာသီယာ’က တရုတ်လူမျိုး ဗဟိုပြုမှုတွေနဲ့ ဆက်စပ် တံဆိပ်ကပ်ခဲ့ဖူးပါတယ်။

ဒီရွေးကောက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစု ပါတီအနေနဲ့မဟုတ်ဘဲ ပါတီတခုချင်းစီရဲ့ အမတ်နေရာရရှိမှုကို ကြည့်ရင် ‘PAS’ ပါတီက အများဆုံး၊ ’DAP’က ဒုတိယအများဆုံးဖြစ်လို့ လူမျိုး၊ ဘာသာအပေါ် လိုက်ပြီး ဆန္ဒမဲပေးကြမှုကို တွေ့မြင်နိုင်ပါတယ်။ ‘PH’ညွန့်ပေါင်းထဲမှာဆိုရင် ‘အန်နဝါ’ရဲ့  ‘PKR’က ’DAP’‌နောက်မှာရှိပြီး ‘PN’ ညွန့်ပေါင်းမှာတော့ ပါတီခေါင်းဆောင် ‘မူဟစ်ဒင်’ရဲ့ ‘BERSATU’ပါတီက ‘PAS’ရဲ့နောက်က လိုက်ပါတယ်။ ဒီလိုရလဒ်တွေက နိုင်ငံကို ဦးဆောင်ရာမှာ မဆိုထားနဲ့ ညွန့်ပေါင်းပါတီအင်အားစုကို ထိန်းကျောင်းရတဲ့ နေရာမှာတောင် စိန်ခေါ်မှုများစွာ ကြုံတွေ့ရစေမှာပါ။ တကယ်တော့ လူမျိုး‌ရေး၊ ဘာသာရေး အယူအဆတင်းမာမှုတွေ ရောယှက်နေတဲ့ မလေးရှား နိုင်ငံ‌ရေးဟာ အပြင်ပန်းကနေ ရှုမြင်ရတာထက် များစွာရှုပ်ထွေးမှုတွေ ရှိနေပါတယ်။

တချိန်က အင်အားကြီး ‘BN’ပါတီရဲ့ ဒီတကြိမ်ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး ‘PN’ပါတီအင်အားစုက မဲတွေ ဖဲ့ယူ ကျော်တက်သွားခဲ့တာက ဒီရွေးကောက်ပွဲမှာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ ဒီလိုပါပဲ ၁၉၈၂ ခုနှစ်ကစလို့ ‘အန်နဝါ’၊ ‘အန်နဝါ’ရဲ့ဇနီး၊ ပြီးတော့ ၁၄ ကြိမ်မြောက်အထိ ‘အန်နဝါ’ရဲ့သမီးတို့ ဆက်တိုက်အနိုင်ရထားတဲ့၊ မိသားစု အစဥ်အဆက် လက်လွှဲယူခဲ့ကြတဲ့ အမတ်နေရာကို ‘PN’မဟာမိတ် ‘PAS’က လွှဲပြောင်းယူသွားတာခဲ့ကလည်း  အများ မှန်းဆမထားတဲ့ ရလဒ်ပါ။ ‘ဘာသာရေး အယူအဆ ပိုပြင်းထန်တဲ့ ‘PAS’က ဖော်ပြခဲ့သလို တပါတီချင်း ယှဥ်ပြိုင်မှုမှာ အနိုင်ရနေရာ အများစုနဲ့  ထိပ်ဆုံး ရောက်နေခြင်းက ပြုပြင်ပြောင်းလဲရေး လိုလားသူများအတွက် ကြီးမားတဲ့ အဟန့်အတားတခု ဖြစ်လာပါတယ်။

‘အန်နဝါ အီဘရာဟင်’က ၁၀ ကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်၊ ရည်မှန်းထားတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်၊ နိုင်ငံတကာက ‘မော်ဒန်မလေးရှားနိုင်ငံသစ်’ကို သောင်းသောင်းဖြဖြ ချီးမွမ်းထောမနာပြုကြ’ ဆိုတာမျိုးက စိတ်ကူးယဥ် ဇာတ်လမ်းအနေနဲ့တောင် ရေးမရတဲ့ခေတ်ဆိုတာ ပါးနပ်အရည်ထူ အံတိုနေတဲ့ သမ္ဘာရင့်နိုင်ငံရေးသမား ‘အန်နဝါ’ က သိပြီးသားလို့ ယူဆရပါတယ်။ ကြမ်းတမ်းတဲ့ခရီးရှည်အတွက် သူ့ရဲ ‘PKR’ပါတီထဲမှာ စတင်ပြင်ဆင်ပြီး ဖြစ်ပါတယ်။

အပိုင်း (၁) စရေးစဥ်က ‘PKR’ရဲ့ သတင်းအချက်အလက်ဆိုင်ရာ အကြီးအကဲအဖြစ် ဖော်ပြခဲ့ဖူးသူ၊ အခုအချိန်မှာ ကက်ဘိနက်သစ်ရဲ့  ‘ဆက်သွယ်ရေးနဲ့ဒစ်ဂျစ်တယ်’ ဝန်ကြီးဖြစ်လာသူ ‘ဖာမီဖာဇေးလ်’ ပြောကြားခဲ့ဖူးတာ တခု ရှိပါတယ်။သူတို့ပါတီမှာ ဥက္ကဋ္ဌ‘အန်နဝါ’နဲ့ ပါတီအထွေထွေအတွင်းရေးမှူးတို့ကလွဲရင် သူအပါအဝင် ဆုံးဖြတ်ချက် ချနိုင်သူ ထိပ်တန်းခေါင်းဆောင် အများစုရဲ့ ပျမ်းမျှအသက်ဟာ (၄၂-၄၃) နှစ်လောက်ပဲ ရှိတယ် ဆိုတာကိုပါ။

အခုအစိုးရအဖွဲ့သစ်မှာ သူ့ဝန်ကြီးဌာန အပါအဝင် စီးပွားရေး၊ ပညာရေး၊ သဘာဝသယံဇာတ/ပတ်ဝန်းကျင်/ရာသီ ဥတု ပြောင်းလဲမှု၊ သိပ္ပံနည်းပညာနဲ့ တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနများရဲ့  ‘PKR’ပါတီကိုယ်စားပြု ဝန်ကြီးများဟာ လည်း အသက် (၄၀-၄၅) နှစ်ရှိသူ မျိုးဆက်သစ်များသာ ဖြစ်တာကို သတိပြုမိပါတယ်။ သူ တစိုက်မတ်မတ် မျှော်ရည်လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို သူ့ခေတ်လွန်ကာလများအထိ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ‘အန်နဝါ’က မျိုးစေ့ချထားခဲ့လေခြင်းလားလို့  မေးခွန်းထုတ်ရမယ့်ပုံပါပဲ။

အမတ်‌တွေ ပါတီတခုကနေ နောက်တခုပြောင်းတာကို တားမြစ်တဲ့ ‘Anti-Hopping Law’ ရှိလာခဲ့ခြင်းအပြင် အခု ‘PH’ညွန့်ပေါင်းအစိုးရကို ထောက်ခံကြတဲ့ ပါတီကြီး/ငယ် အရေအတွက်ကြည့်ခြင်းအားဖြင့် ၁၄ ကြိမ်မြောက် ပါလီမန်သက်တမ်းထက် သာလွန်ကောင်းမွန်တဲ့၊ မလေးရှားပြည်သူလူထု မျှော်လင့်နေကြတဲ့ နိုင်ငံရေးတည်ငြိမ်မှု အတိုင်းအတာတခုအထိ ရရှိလိမ့်မယ်လို့တော့ မှန်းဆမိပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့မှာပြုလုပ်မယ့် အယုံအကြည်မရှိ အဆိုကိုလည်း ‘အန်နဝါ’အနိုင်ရဦးမှာပါ။

ဒါပေမဲ့ မလေးရှားဘုရင် ဖြစ်စေချင်တဲ့ မလေးရှားအမျိုးသားညီညွတ်ရေးအစိုးရအဖြစ်နဲ့ ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်  ပြိုင်ဘက်ပါတီတွေ စုစုစည်းစည်း ဆက်လျှောက်နိုင်ကြပါ့မလားလို့တော့ သံသယရှိမိပါတယ်။ မိမိပါတီ ဆက်လက်ကြီးထွားဖို့ မိမိပြိုင်ဖက်အင်အားချည့်နဲ့ဖို့ လိုအပ်နေတဲ့ မလေးရှားနိုင်ငံရေး အခင်းအကျင်းမှာ အပေါ်လုံးရော အောက်လုံးပါ ဆက်ထိုးကြမယ့်ပုံပါ။ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးအရှုပ်တော်ပုံတို့နဲ့ ကင်းလေ့မရှိလို့ ဆိုနိုင်တဲ့ မလေးရှားနိုင်ငံရေးပါတီကြီးများရဲ့ အပြန်အလှန် ဝေဖန်စွပ်စွဲမှုတွေ၊ စုံစမ်းစစ်ဆေးဖို့ တိုင်ကြားမှုတွေ စပြီးမြင်နေရတဲ့အတွက် ဖြစ်ပါတယ်။

နိုင်ငံရေးအရှုပ်အထွေး ပေါများလှတဲ့ တိုင်းပြည်က သက်တမ်းနုနယ်သေးတဲ့ ဝန်ကြီးချုပ်တယောက်ရဲ့ ပြည်တွင်း ပြည်ပ ဆောင်ရွက်ချက်များဟာ နိုင်ငံတကာက လက်ခံနိုင်တာတွေရှိသလို စိတ်တိုင်းမကျတာတွေလည်း တွေ့မြင် လာရနိုင်တဲ့အတွက် အခုအချိန်မှာ အကန့်အသတ်နဲ့ပဲ ချီးမွမ်းစကား ဆိုလိုပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောက်ခံကြသူရော၊ ဆန့်ကျင်သူများကပါ မဖြစ်မနေ အသိအမှတ် ပြုကြရမှာကတော့ ‘အန်နဝါ အီဘရာဟင်’ရဲ့ အလွယ်တကူ မ‌လျှော့တတ်တဲ့ ဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံကာ ပြန်လည်ရုန်းထနိုင်တဲ့ စွမ်းရည်သတ္တိတို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒီရက်ပိုင်းမှာပဲ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(MACC)က ‘မူဟစ်ဒင်’ရဲ့ ‘PN’ညွန့်ပေါင်း အစိုးရလက်ထက် ကိုဗစ်အရေးပေါ်ရံပုံငွေ ရင်းဂစ် ၆၀၀ ဘီလီယံ(ဒေါ်လာ ၁၃၅ ဘီလီယံခန့်)အသုံးပြုမှုနဲ့ ပတ်သက်ပြီး လက်ခံရရှိထားတဲ့ တိုင်ကြားချက်များအတွက် ကနဦးစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီလို့ ဖြေကြား ထားပါတယ်။ငွေကြေးပမာဏ အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပေမယ့် ဖေါ်ပြပါကိန်းဂဏန်းအရသာဆိုရင် မလေး ရှားအစိုးရ ဘတ်ဂျက် ၂ နှစ်စာခန့်ရှိတဲ့အတွက် ပြဿနာမသေးသလို ‘PN’ညွန့်ပေါင်း အစိုးရမှာ ပါဝင်ပတ်သက်ခဲ့သူနိုင်ငံရေးသမားများအတွက်လည်း တကယ့်ကိုခေါင်းခဲစရာပါ။

နိုင်ငံရေးအရှုပ်အထွေး ပေါများလှတဲ့ တိုင်းပြည်က သက်တမ်းနုနယ်သေးတဲ့ ဝန်ကြီးချုပ်တယောက်ရဲ့ ပြည်တွင်း ပြည်ပဆောင်ရွက်ချက်များဟာ နိုင်ငံတကာက လက်ခံနိုင်တာတွေရှိသလို စိတ်တိုင်းမကျတာတွေလည်း တွေ့မြင် လာရနိုင်တဲ့အတွက် အခုအချိန်မှာ အကန့်အသတ်နဲ့ပဲ ချီးမွမ်းစကား ဆိုလိုပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောက်ခံကြသူရော၊ ဆန့်ကျင်သူများကပါ မဖြစ်မနေ အသိအမှတ် ပြုကြရမှာကတော့ ‘အန်နဝါ အီဘရာဟင်’ရဲ့ အလွယ်တကူ မ‌လျှော့တတ်တဲ့ ဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံကာ ပြန်လည်ရုန်းထနိုင်တဲ့ စွမ်းရည်သတ္တိတို့ပဲ ဖြစ်ပါလိမ့်မယ်။

သီအိုဇော်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar