Breaking News

ရခိုင်ပြည်နယ်က ပိတ်ဆို့ထားတဲ့ ရေလမ်း၊ ကုန်းလမ်းတချို့ပြန်ဖွင့်၊ တမူး သတ်ဖြတ်မှု NUG က စုံစမ်းစစ်ဆေးရေး လုပ်ဆောင်မယ်ဆို

မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၄ မြင်ကွင်း

မိုးမခ - ဒီဇင်ဘာ ၅၊ ၂၀၂၂


ရခိုင်ပြည်နယ်က ပိတ်ဆို့ထားတဲ့ ရေလမ်း၊ ကုန်းလမ်းတချို့ပြန်ဖွင့်၊ တမူး သတ်ဖြတ်မှု NUG က စုံစမ်းစစ်ဆေးရေး လုပ်ဆောင်မယ်ဆို

သြဂုတ်လက စတင်ကာဖြစ်ပွားခဲ့တဲ့ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြားက ပြင်းထန်တဲ့ တိုက်ပွဲတွေ နိုဝင်ဘာလကုန်မှာ အပစ်ရပ်လိုက်ပြီးနောက် ပိတ်ဆို့ထားတဲ့ ကုန်းလမ်း၊ ရေလမ်းတွေတချို့ကို ပြန်ဖွင့်ပေးနေတယ်လို့ သတင်းတွေထဲ တွေ့ရပါတယ်။ မောင်တောနဲ့ စစ်တွေကို ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေး လမ်းကြောင်းထဲက မောင်တော အငူမော် ကားလမ်းပြန်ဖွင့်သလို စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းနဲ့ စစ်တွေ -ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းတို့ကို ကန့်သတ်မှုတချို့နဲ့ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းကိုတော့ ဖွင့်မပေးသေးဘဲ ရန်ကုန်-အမ်- စစ်တွေကားလမ်းလည်း ပြန်မဖွင့်သေးဘူးလို့လည်း ဒေသသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ 

၄ လတာကြာတဲ့ လက်နက်ကိုင် တိုက်ပွဲပြင်းထန်တဲ့ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ လက်နက်ကိုင် တိုက်ပွဲဒေသတခုလုံးကို ရိက္ခာတွေ ဖြစ်တဲ့ ဆန်၊ ဆီနဲ့ စားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါး စတဲ့ ကုန်စည်တွေရော ခရီးသွားတွေပါ ပိတ်ဆို့ထားခဲ့ပြီး မကြာခင်က သဘောတူညီခဲ့တဲ့ အပစ်ရပ် သဘောတူညီမှု ရပြီးနောက်မှ တစိတ်တပိုင်းပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်က လက်နက်ကိုင်တိုက်ပွဲ တိုက်ခိုက်တဲ့ တပ်တွေကိုသာမကပဲ အဲဒီဒေသတခုလုံးမှာနေထိုင်နေကြတဲ့ ဒေသခံလူထုကိုပါ ရိက္ခာ၊ ဆေးဝါးနဲ့ သွားလာရေးတွက် လိုအပ်တဲ့ လောင်စာဆီပါ ဖြတ်တောက်ခဲ့တာဟာ စစ်ကောင်စီရဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတခုလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တွေကို ရိက္ခာမရစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒေသခံတွေပါ ဒုက္ခရောက်အောင် ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေက လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ခံကူညီနေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ဒေသခံတွေကိုပါ ပြစ်ဒဏ်ခတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲ အပစ်ရပ်ရတဲ့အကြောင်းရင်းကို AA  ဘက်က ပြောဆိုရာမှာ ဒေသခံတွေ ရိက္ခာ ဆေးဝါးအခက်အခဲကြုံတွေ့နေရတာ စိုက်ပျိုးထားတဲ့ စပါးမရိတ်သိမ်းနိုင်တဲ့ အနေအထားကို ထောက်ချင့်ပြီး လူသားချင်းစာနာမှု ရှုထောင့်ကနေ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ 

နိုင်ငံရေးကိစ္စဆိုင်ရာ၊ စစ်ရေးဆိုင်ရာ ရှုထောင့်ကနေ ဆုံးဖြတ်ချက်ချခဲ့တာမျိုးမဟုတ်ဘဲ လူသားချင်းစာနာမှု လိုအပ်ချက်ကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအပိုင်း ဆက်စပ်နေတဲ့ ပထဝီဝင်ဒေသတွေ အနေအထားအရအိမ်နီးချင်းနိုင်ငံတွေနဲ့ ရိက္ခာ၊ ဆေးဝါးတွေကို ဆက်သွယ် သယ်ယူနိုင်တဲ့ အနေအထားမျိုး မရှိခြင်းကလည်း စစ်ကောင်စီအဖို့ ဖြတ်လေးဖြတ်လုပ်ဖို့ အားသာစေတဲ့ အချက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံလို နယ်စပ်ထိစပ်နေတဲ့ ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအဖို့ ရခိုင်ပြည်နယ်ထက် အားသာချက်ရှိနေတာလည်းဖြစ်လို့ စစ်ကောင်စီအနေနဲ့ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့ကို အခုလိုဖြတ် ၄ ဖြတ်ပိတ်ဆို့လို့ အောင်မြင်ချင်မှ အောင်မြင်မှာပါ။ မတူညီတဲ့ ပထဝီဒေသတွေက စစ်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအဖို့ လှုပ်သာ လူးသာ အခြေအနေမျိုး ရစေတဲ့ သဘောဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ တမူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းဆရာမ တဦးကို သတင်းပေး၊ သူလျှိုလို့ စွပ်စွဲသတ်ဖြတ်မှု မှတ်တမ်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာပြီးနောက် NUG အစိုးရဘက်က စုံစမ်းစစ်ဆေးမှု အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဖြစ်အပျက်တွေကို ဖုန်းတွေနဲ့ မှတ်တမ်းတင်ကြတဲ့ခေတ်၊ ဆိုရှယ်မီဒီယာ အသုံးများကြတဲ့ခေတ်မှာ သတင်းအချက်အလက် အများစုက ဖုံးကွယ်ထားဖို့ ခက်ခဲတာဖြစ်ပါတယ်။ ချက်ချင်း မဟုတ်တောင်မှ အချိန်ကာလတခုအတွင်း အများသိအောင် ပေါက်ကြားလာနိုင်တဲ့ အနေအထားရှိတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေ စစ်ကိုင်းတိုင်း မုန်တိုင်ရွာမှာ ကျူးလွန်တဲ့ အရပ်သားတွေကို သတ်ဖြတ်မှု၊  ကျေးရွာကလူ ဒါဇင်နဲ့ချီ သတ်ဖြတ်တာတွေကို မှတ်တမ်းတင်ထားတဲ့ လက်ကိုင်ဖုန်းကို ဒီဘက်က ရရှိပြီး မီဒီယာကတဆင့် အများသိအောင် တင်ပြခဲ့လို့ စစ်ကောင်စီတပ်တွေ ဘယ်လို သတ်ဖြတ်မှုတွေ ကျူးလွန်နေသလဲဆိုတာကို သက်သေအထောက်အထားနဲ့ အများသိအောင် တင်ပြနိုင်ခဲ့သလို ၊ အခု တမူးဖြစ်ရပ်က အရပ်သားတဦးကို သတင်းပေးလို့ စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်ကာ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်က ၆ လခန့်အကြာမှာ ဆိုရှယ်မီဒီယာပေါ် ရောက်လာတာ ဖြစ်ပါတယ်။ 

NUG အစိုးရအနေနဲ့ အခုလို သတ်ဖြတ်မှုတွေ ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပွားရင် ချက်ချင်းသိရှိနိုင်တဲ့ အရေးယူ ဆောင်ရွက်နိုင်တဲ့ စနစ်တရပ် အမြန်ဆုံးဖေါ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် စောင့်ကြည့်မှတ်တမ်းတင်တဲ့ စနစ် ၊ တိုင်ကြားဖို့ အဆက်အသွယ်တွေ ထုတ်ပြန်ကြေညာပေးထားပြီး တိုင်ကြားလာရင် မြန်ဆန်စွာ စုံစမ်းအရေးယူတဲ့ စနစ်တွေ ဖော်ဆောင်ထားဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။ ဒီနည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ခဲ့ရင် လက်နက်ကိုင်ထားသူတွေက မိမိတို့လက်နက်က အာဏာ အမိန့် ဆုံးဖြတ်ချက် အဆုံးအဖြတ်ပေးတဲ့ စီရင်ချက်သဖွယ် ယူဆလာကြပြီး အာဏာကြောင့် ပျက်စီးမှုတွေ များပြားလာနိုင်တာလည်း ဖြစ်ပါတယ်။ 

အချို့သော အမြင်တွေကတော့ အခုလို တော်လှန်ရေးကာလမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ သဘောထားကြီးဖို့၊ လူ့အခွင့်အရေး ဆိုတဲ့ စံနှုန်းတွေ၊ နိုင်ငံတကာက သတ်မှတ်တဲ့ လူ့အခွင့်အရေး တန်ဖိုးတွေကို လိုက်နာဖို့ထက် တိုက်ပွဲအောင်မြင်ဖို့က ပိုအရေးကြီးတယ်လို့ ယူဆမှုတွေ ရှိနေပြီး အကယ်၍ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်မိရင်လည်း ကြီးလေးတဲ့ အပြစ်ပေးမှုတွေ မလုပ်ဖို့ ယူဆကြပြီး ရန်သူ စစ်ကောင်စီကို အောင်နိုင်ရေးသာလျှင် အဓိကထားရမယ်ဆိုတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် သတင်းပေး၊ ဒလန်၊ စစ်ကောင်စီဒေါက်တိုင်လို့ ယူဆ သတ်ဖြတ်ကြတဲ့ ကိစ္စတွေကို အရေးတကြီး လုပ်ပြီး လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ မဆန်းစစ်ကြဖို့လည်း ဆိုလိုတာဖြစ်ပါတယ်။ 

စစ်ရေးမှာ အောင်နိုင်ဖို့ အရေးကြီးတာ အမှန်ပင်ဖြစ်ပေမယ့်လို့ စစ်ရေးရဲ့ ရည်မှန်းချက် နိုင်ငံရေးပန်းတိုင် ဒီမိုကရေစီ၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ လူသားချင်းတန်းတူညီမျှမှုတွေကို လတ်တလော ငဲ့ကြည့်စရာမလိုဘူးဆိုတဲ့ အယူအဆဟာလည်း စစ်လက်နက်ကိုင်ဆောင်ထားတဲ့သူတွေ ဘာလုပ်လုပ် တရားမျှတတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်စေနိုင်တာကို လေးလေးနက်နက် သတိပြုသင့်ပါတယ်။ 

အုပ်ချုပ်တဲ့ အာဏာရှင်၊ အုပ်ချုပ်သူ ပြောင်းလဲရေးလုပ်နေကြတာ မဟုတ်ဘဲ စနစ်ပြောင်းလဲရေး လုပ်နေကြတယ်ဆိုရင်ဖြင့် ပြောင်းလဲလိုတဲ့ စနစ်ရဲ့ တန်ဖိုးတွေ ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ စံနှုန်း ကျင့်ဝတ်တွေက ရှိဖို့လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar