Breaking News

သီအိုဇော် - တရုတ် နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲ


သီအိုဇော် - တရုတ် နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲ

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၃


သက်တမ်း ၇၃ နှစ် ကြာတော့မှ တန်ဖိုးအမြင့်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ပန်းမျိုးပွင့်လာတဲ့ သစ်ပင် ရှိနိုင်ပါသလား။ တင်စားပြောလိုက်ခြင်းပါ။ ၁၉၄၉ ခုနှစ်က တရုတ်နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ‘ချူအင်လိုင်း’ တည်ထောင်ခဲ့တဲ့ ကျောင်းတခု ရှိပါတယ်၊ ‘Institute of International Relations (IIR)’ လို့ခေါ်ပြီး အရည်အချင်း ပြည့်ဝတဲ့ သံတမန်တွေ ထွက်ပေါ်လာဖို့ လေ့ကျင့်သင်ကြားခဲ့ပါတယ်၊ အခုတော့ ယူနီဗာစတီ (UIR) ဖြစ်သွားပါပြီ။ 

နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် သံတမန်ပေါင်းများစွာ မွေးထုတ်လာခဲ့ပေမယ့် ဝန်ကြီးဌာနရဲ့ အမြင့်ဆုံးရာထူးလို့ ဆိုနိုင်တဲ့ နိုင်ငံခြားရေးဝန်ကြီး အဆင့်ကိုတော့ UIR ဘွဲ့ရ တဦးတယောက်ကမှ မရရှိခဲ့ဖူးပါဘူး။ ဒီဇင်ဘာလ (၃၀) ရက်နေ့ကတော့ UIR ကျောင်းဆင်း ‘ချင်ဂန်’(Qin Gang)က‘ဝမ်ယိ’ရဲ့နေရာမှာ ခန့်အပ်ခံလိုက်ရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့တာကို စဥ်းစားမိတဲ့အတွက် အထက်ကဥပမာကို ပေးလိုက်ခြင်းပါ။ ‘ဝမ်ယိ’ကတော့ အဖွဲ့ဝင် ၂၄-ဦးပါ (၂၀) ကြိမ်မြောက် ပေါ်လစ်ဗျူရိုရဲ့ အဖွဲ့ဝင်တဦး ဖြစ်သွားတဲ့အတွက် ပါတီရာထူးအဆင့်အတန်း မြင့်တက်သွားတယ်လို့ ပြောရပါလိမ့်မယ်။

UIR ကို သံရေးတမန်ရေးအတွက် ရည်ရွယ်ခဲ့ပေမယ့် ဒီကျောင်းက ဆင်းသွားပြီး တခြားနယ်ပယ်ထဲ ရောက်သွားပြီး အောင်မြင်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် ၂၀၀၉ ခုနှစ်က ဒိတ်ဒိတ်ကြဲ‘Cannes Film Festival’မှာ ‘Spring Fever’ ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု ချီးမြှင့်ခံခဲ့ရတဲ့‘မေဖန်း’ (Mei Feng)ကလည်း UIR ထွက်ပါပဲ။

၂၀၂၁ခုနှစ် ဇူလိုင်လကစပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်လာခဲ့တဲ့ ‘ချင်ဂန်’ဟာ အသက် (၅၆) နှစ်အရွယ်ဖြစ်ပေမယ့် ဒီရာထူးအတွက် အငယ်ရွယ်ဆုံးသူလို့တော့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ‘ချူအင်လိုင်း’က အသက်(၅၁)နှစ်အရွယ် ဝန်ကြီးချုပ်စဖြစ်တဲ့အချိန် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုပါ တွဲဖက်ယူခဲ့ဖူးလို့ပါ။

‘ချင်ဂန်’က နိုင်ငံတကာမီဒီယာအတွက် မျက်နှာသစ်တယောက်တော့ မဟုတ်ပါဘူး။ အခု တရုတ်နိုင်ငံခြားရေး ဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွေမှာ မြင်ရလေ့ရှိတဲ့ ပြောရေးဆိုခွင့်ရိသူ ‘ဝမ်ဝန်ဘင်း’(Wang Wenbin)ရဲ့နေ ရာမျိုးမှာ (၂၀၀၅-၂၀၁၀) ခုနှစ်နဲ့ (၂၀၁၁-၁၄) ခုနှစ်များအတွင်းက ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ ဝန်ထမ်းဘဝကို စတင်ခဲ့သူဟာ အခုတော့ ဝန်ကြီးဌာနရဲ့ အမြင့်ဆုံးရာထူးတာဝန်ကို ယူနေရပါပြီ။ ယူကေနိုင်ငံမှာလည်း တရုတ်နိုင်ငံကို ကိုယ်စားပြုခဲ့ဖူးသူ ‘ချင်ဂန်’ဟာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ဒု-နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေကိုလည်း အဆင့်ဆင့် ထမ်းဆောင်ခဲ့ဖူးပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုပ်ခဲ့စဉ်က မီဒီယာများရဲ့ အမေးအဖြေတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ၊ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို အထိမခံ ပြင်းပြင်းထန်ထန် ကာကွယ်တတ်သူတဦးအဖြစ် နာမည်ရသူလည်း ဖြစ်ပါတယ်။

သမ္မတ ‘ရှီကျင့်ဖျင်’ရဲ့ နိုင်ငံခြား ခရီးစဉ်အချို့မှာ လိုက်ပါတတ်ပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ဆိုပါ တယ်။ ဒီရာထူးခန့်အပ်ခံရသူ ဘယ်သူမဆို အဆင်ပြေတဲ့ ဆက်ဆံရေးရှိထားရမယ် ဆိုတာကတော့ သေချာပါ တယ်။

‘ချင်ဂန်’ထက်အရင် တရုတ်သံအမတ် ‘Cui Tianki’ က အမေရိကန်မှာ သက်တမ်းအကြာဆုံး သံအမတ်လို့ သိရပါတယ်။ 

နှစ်နိုင်ငံကြား အထိမခံ အင်မတန် အကဲဆတ်တဲ့ ဆက်ဆံရေးအခြေအနေမှာ အမေရိကန်နိုင်ငံနဲ့ ပတ်သက်တဲ့ နောက်ခံအတွေ့အကြုံ လုံးဝမရှိသလောက် နည်းပါးခဲ့တဲ့ ‘ချင်ဂန်’ကို သံအမတ်အဖြစ် ခန့်အပ်ပြီး လွှတ်ခဲ့ခြင်းဟာ အံ့အားသင့်စရာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက အတွေ့အကြုံများရှိပေမယ့် နိုင်ငံခြားသံတမန်အနေနဲ့ကတော့ ‘ယူကေ’နိုင်ငံမှာ (၃) ကြိမ်- စုစုပေါင်း ဆယ်နှစ်ပတ်ဝန်းကျင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတာပဲ သတိထားမိပါတယ်။

အမေရိကန်နိုင်ငံလို အရေးကြီးတဲ့နေရာကို ခန့်အပ်ခဲ့ခြင်းဟာ တနည်းအားဖြင့် ‘ရှီကျင့် ဖျင်’က ဘယ်လောက်တောင် ယုံကြည်မှုထားရှိတယ် ဆိုတာကို ပြသလိုက်သလိုပါပဲ။ အခု ဝန်ကြီးထပ်ဖြစ်လာတော့ ပိုလို့ ထင်ရှားသွားပါတယ်။

သိလိုတာတခုက ‘ချင်ဂန်’ရဲ့မိသားစု နောက်ခံအကြောင်းပါ၊ ဘာကြောင့်လဲဆိုတော့ ‘ဝမ်ယိ’ဆိုရင် သူ့ ယောက္ခမ ‘Qian Jiadong’က ‘ချူအင်လိုင်း’ရဲ့ နိုင်ငံခြားရေးရာပေါ်လစီ အထောက်အကူပြု ကျွမ်းကျင်အဖွဲ့ဝင်လို နေရာမျိုးကနေ နောက်ပိုင်းသံအမတ်ကြီး ဖြစ်ခဲ့သူပါ။

တရုတ်နိုင်ငံမှာ ဒီလို ဝင်ဆံ့တဲ့ အဆက်အသွယ်ကောင်းကောင်း သို့မဟုတ် မိဘအရှိန်အဝါက နေရာကောင်းကောင်းရဖို့ လိုအပ်ချက်တခုအနေနဲ့ ရှိတတ်ပါတယ်။ ’ရှီကျင့်ဖျင်’အတွက်တောင် သူ့ဖခင်ရဲ့ အရှိန်အဝါက ပံ့ပိုးမှုအကြောင်းအချက်တခုလို့ ဆိုခဲ့ကြတာတွေ ရှိပါတယ်။ အခုထက်ထိတော့ ‘ချင်ဂန်’ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရေးသားထားတွေကို ရှာမတွေ့သေးပါဘူး၊ ဒါကိုကလည်း ထူးခြားမှုတခုလို့ ဆိုရလေမလားပဲ။ မကြာခင်မှာ ပိုပြီးရေးသားလာကြလိမ့်မယ် ထင်ပါတယ်။

‘ချင်ဂန်’နဲ့ပတ်သက်ပြီး မသိရသေးတဲ့ အချက်အလက်များစွာ ရှိနေတဲ့အတွက် သူ ပြောကြားခဲ့တာတွေကတဆင့် စူးစမ်းမိပါတယ်။ အတိုချုပ်‌ပြောရရင် ‘ချင်ဂန်’ရဲ့ ချဥ်းကပ်ပြောဆိုမှုပုံစံက ‘ဝမ်ယိ’နဲ့ ကွဲပြားတယ်လို့ ထင်ပါတယ်။

‘ဟောင်ကောင်၊ ထိုင်ဝမ်၊ ရှင်ဂျန်း၊ ယူကရိန်း’ အရေးတွေနဲ့ ပတ်သက်ပြီး သူ ပြောချင်တဲ့ ရှုထောင့်ကနေ ပြောင်းပြန်မြင်သွားအောင် လိမ္မာပါးနပ်စွာ ပြောဆိုတတ်သူပါ။ ‘ဝမ်ယိ’ရော‘ချင်ဂန်’မှာပါ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ခဲ့လို့ တရုတ်နိုင်ငံက ခန့်အပ်ခဲ့တာပါ၊သံသယမရှိပါဘူး။

ဒါပေမဲ့ အရပ်စကားနဲ့ ခပ်လွယ်လွယ် ပြောရရင် ‘ချင်ဂန်’က ‘ဝမ်ယိ’ အပါအဝင် အခြားတရုတ်တာဝန်ရှိသူများထက် ‘ပုံပြောပိုကောင်းသူ၊ အရောင်းသမားကောင်း အရည်အချင်း ပိုရှိသူ’လို့ မြင်မိပါတယ်။ ဘာ့ကြောင့် ‘ရှီကျင့်ဖျင်’ရွေးချယ်ခဲ့တယ်ဆိုတာ ခပ်ရေးရေး သဘောပေါက်မိသလိုပါပဲ။

တဖက်က ပြန်စဥ်းစားရရင်တော့ အပြင်ပန်းနဲ့ပဲ ဆုံးဖြတ်လို့မရတဲ့ သတိအပြည့်နဲ့ ဆက်ဆံရမယ့်သူလို့လည်း မြင်ရပါမယ်။ ဗွီဒီယိုမှတ်တမ်း အနည်းအကျဥ်းကနေ ကောက်ချက်ဆွဲကြည့်ရတဲ့အတွက် အပိုအလိုတွေ ရှိကောင်းရှိ နိုင်ပါလိမ့်မယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လတ်တလော နေရာအရွှေ့အပြောင်းတွေထဲမှာ မြန်မာအရေးနဲ့ဆက်စပ်တာ လေးတွေလည်းရှိလို့ ဖြည့်ရေးလိုပါသေးတယ်။ အရင် အာဆီယံသံအမတ်‘Deng Xijun’က ‘ဆွန်းကော်ရှန်း’နေရာ ရောက်လာပြီး နေပြည်တော်ကို လာသွားတာ သတိထားမိကြမှာပါ။ သူကအရင် အာဖဂနစ္စတန်နိုင်ငံဆိုင်ရာ သံအမတ်လုပ်ခဲ့ပြီး အသက်(၆၀)နှစ်ဆိုတော့ ‘ဆွန်းကော်ရှန်း’ထက် ငယ်ပါတယ်။ သူ့ရဲ့ အာဆီယံ သံအမတ် နေရာကိုတော့‘နီပေါ’နိုင်ငံဆိုင်ရာ သံအမတ်လုပ်ခဲ့သူ ‘Hou Yanqi’ ရောက်လာပါတယ်။ သူမကလည်း (၅၂) နှစ်

ပတ်ဝန်းကျင်ဆိုတော့ ‘Deng Xijun’ ထက် ငယ်ပြန်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးနောက်ပိုင်း

ထိတွေ့ဆက်ဆံရမယ့်သူများဟာ အသက်(၅၀-၆၀)နှစ်တန်းတွေ ဖြစ်သွားလို့ ‘ဝမ်ယိ’တို့အဖွဲ့တုန်းကထက် ပိုငယ်ရွယ်တဲ့ မျိုးဆက်တွေလို့ပဲ ဆိုရပါမယ်။ ‘Hou Yanqi’ က ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီခန့် မြန်မာ-အာဆီယံ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အနောက်တိုင်း နိုင်ငံရေးလောကမှာ လူပဲပြောင်းပြီး မူဝါဒက ဒီအတိုင်းဆက်ရှိနေတာမျိုးကို‘ဂျော်ကီ’သာ ပြောင်းပြီး ‘မြင်း’မပြောင်းတဲ့ ဥပမာနဲ့ တင်စားလေ့ ရှိကြပါတယ်။ အခု မြန်မာနိုင်ငံအတွက် ဂျော်ကီသစ်များလို့

ပြောရမယ့် ချင်ဂန်’တို့အဖွဲ့ဟာလည်း ‘ရှီကျင့်ဖျင်’ဦးဆောင်တဲ့ ဗဟိုနိုင်ငံခြားရေးရာကော်မရှင် ညွှန်ကြားသမျှ အကောင်အထည်ဖော်ပေးရမယ့်သူများသာ ဖြစ်လို့ လူသစ် လူဟောင်း ဘယ်လိုပြောင်းပြောင်း ထူးခြားမှု သိပ်ရှိလာမှာ မဟုတ်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ 

ကျင်းပခဲ့တဲ့ (၂၀) ကြိမ်မြောက် ပါတီကွန်ဂရက်အပြီး အာဏာပိုခိုင်မာလာအောင် လုပ်နိုင်ခဲ့တဲ့ ‘ရှီကျင့်ဖျင်’အတွက် မြန်မာ့အရေးအပါအဝင် သက်ဆိုင်ရာ နိုင်ငံခြား‌ရေးပေါ်လစီများ ချမှတ် ရေးဆွဲပေးတဲ့ လုပ်ငန်းစဥ်မှာ ‘ချင်ဂန်’လို မျိုးဆက်သစ်များအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ကတော့ အချိန်လိုအပ်လိမ့်ဦးမယ် ထင်ပါတယ်။

သီအိုဇော်





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar