သီအိုဇော် - အာဆီယံအထူးသံတမန်သစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ‘ရက်နိုမာဆူဒီ’
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၂၃
၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ‘ရက်နိုမာဆူဒီ’ (Retno Marsudi) ဟာ နိုင်ငံတကာ စာမျက်နှာမှာ အထူးမိတ်ဆက်ပေးစရာမလိုတော့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင့်ဆုံးသံတမန်ဆိုရင်လည်း မမှားပါဘူး။ ပုံမှန်အားဖြင့်ကတော့ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင် လူဦးရေအများဆုံးနိုင်ငံကြီးရဲ့ ပထမဦးဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးတယောက်အဖြစ် အသိအမှတ်ပြုဖေါ်ပြလေ့ရှိကြပါတယ်။ ဘာသာရေးရှေးရိုးစွဲ နိုင်ငံတခုရဲ့ အရေးကြီးရာထူးတာဝန် ခန့်အပ်ခံရသူအမျိုးသမီးတဦးကို ဒီလိုဂုဏ်ပြုအမွှန်းတင် ပြောကြားတာမျိုးဟာ သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။
ထပ်ဖြည့်စွက်လိုတာ တခုတော့ရှိပါတယ်။ ဘွဲ့တံဆိပ်မျိုးစုံကို ဖေါဖေါသီသီ ပေးလေ့မရှိတဲ့ နိုင်ငံလို့ပြောရမယ့် နော်ဝေနိုင်ငံကပေးအပ်တဲ့ “The Royal Norwegian Order of Merit” ဘွဲ့ကိုချီးမြှင့်ခံရတဲ့ ပထမဦးဆုံး အင်ဒိုနီးရှားနိုင်ငံသားတယောက်လည်းဖြစ်တယ်ဆိုတာကိုပါ။ နော်ဝေနိုင်ငံဟာ နိုဘယ်ဆုနဲ့တွဲဖက်ပြီး လူသိများသလို ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ အားကျလောက်တဲ့ စံနှုန်းစံထားများ ပိုင်ဆိုင်တဲ့နိုင်ငံပါ။ ‘Reporters Without Borders (RSF)’ ရဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှုစာရင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဆက် တိုက်ထိပ်ဆုံးနေရာကို ရရှိထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံမျိုးကပေးအပ်တဲ့ ဂုဏ်ပြုဘွဲ့တံဆိပ်တွေကို နိုင်ငံတကာကအလေးထားကြတာကတော့ အထူးဆိုဘွယ်ရာမရှိပါဘူး။
၁၉၈၅ခုနှစ်မှာ ‘International Relations’ အထူးပြုဘာသာရပ်နဲ့ ဘွဲ့ရရှိပြီးတဲ့နောက် ၁၉၈၆ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ‘ရက်နို’အလုပ်ဝင်ခဲ့ပါတယ်။ ဥရောပသမဂ္ဂဆိုင်ရာ ဥပဒေရေးရာနဲ့ပတ်သက်ပြီး ‘ဥပဒေမဟာဘွဲ့’ ကိုလည်း နယ်သာလန်နိုင်ငံက ရယူခဲ့ပါတယ်။
၁၉၉၀ ခုနှစ်ကစလို့ ဩစတြေးလျနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးနဲ့ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးတို့မှာ သွားရောက်အမှုထမ်းခဲ့ပြီး ၂၀၀၁-၂၀၀၅ခုနှစ်အတွင်း အမေရိကန်နဲ့ဥရောပ၊အနောက်ဥ ရောပရေးရာတို့မှာ ညွှန်ကြားရေးမှူးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်အင်ဒိုနီးရှား သံအမတ်ကြီးအဖြစ် ‘နော်ဝေနိုင်ငံ၊ အိုက်စ်လန်နိုင်ငံ’ တို့အတွက် ၂၀၀၅-၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
၂၀၀၈-၂၀၁၂ခုနှစ် အတွင်းမှာတော့ နိုင်ငံပေါင်း (၈၀) ကျော်အတွက် တာဝန်ယူရတဲ့ အမေရိကတိုက်နဲ့ ဥရောပတိုက်ရေးရာ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ခန့်အပ်ခံရပါတယ်။၂၀၁၂-၂၀၁၄ခုနှစ်မှာ ‘ရက်နို’ ဟာ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ဖြစ်လာခဲ့ပါတယ်။ သမ္မတ ‘ဂျိုကို ဝီဒိုဒို’ (Joko Widodo) ရွေးကောက်ခံရပြီးနောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့ကစပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
‘ရက်နို’ အကြောင်း တစိတ်တပိုင်းလေ့လာပြီးတဲ့နောက်မှာ မြန်မာ့အရေးကို သူမ ဘယ်လိုချဉ်းကပ်လေမလဲဆိုတာက စိတ်ဝင်စားစရာ မေးခွန်းဖြစ်လာပါတယ်။ သူမအရင် အာဆီယံအထူးကိုယ်စားလှယ်နှစ်ဦးကတော့ သိကြတဲ့အတိုင်း ပတ်စာခွာ ဖျာလိပ်ခဲ့ကြရပါပြီ။ ဒီအတွက် နွေဦးတော်လှန်ရေးအစပိုင်းနဲ့ မကြာမီရက်ပိုင်းအတွင်းက ‘ရက်နို’ ရဲ့ ပါဝင်ပတ်သက်မှု (၂) ခုကနေ ကောက်နှုတ်သုံးသပ်ကြည့် လိုပါတယ်။
အာဏာသိမ်းပြီးခါစ ဖေဖေါ်ဝါရီလ(၂၄) ရက်နေ့သတင်းတွေကို အမှတ်ရကြဦးမယ်ဆိုရင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဆိုသူနဲ့ ‘ရက်နို’ တို့ ‘ဘန်ကောက်’ ဒွန်မောင်းလေဆိပ်မှာ တွေ့ဆုံခဲ့ကြတာကို သတိရကြမယ်ထင်ပါတယ်။ ဝေဖန်ပြစ်တင်မှုတွေကြားက ဒီအစည်းအဝေးအပြီး “အင်ဒိုနီးရှားအနေနဲ့ နှုတ်ဆိတ်မနေတဲ့လမ်းကို ရွေးခဲ့တာပါ။ ဘာမှမလုပ်ပဲနေဖို့ကို မရွေးချယ်ခဲ့ပါဘူး” လို့ ဆိုခဲ့ပါတယ်။ စစ်ကောင်စီဘက်နဲ့တွေ့သလို ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များနဲ့လည်း အဆက်အသွယ်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၉) ရက်နေ့ကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ‘ဇမ်ဘရီ’ (Zambry Kadir) ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ သတင်းထုတ်ပြန်ချက်မှာ “စစ်ကောင်စီက အာဆီယံကို ညွှန်ကြားဖို့လုပ်တာမျိုးတွေ မဖြစ်စေရဘူး” လို့ သူမက ပြောခဲ့ပါတယ်။ အာဆီယံဟာ စစ်ကောင်စီအလိုကျလုပ်ဆောင်ပေးရမယ့်အဖွဲ့အစည်းမဟုတ်ဘူးလို့ ရည်ရွယ်ပြောကြားခဲ့ဟန် ရှိပါတယ်။
ဒါတွေကိုကြည့်ရင် ‘ရက်နို’ က စစ်ကောင်စီအပေါ် ဘယ်လိုသဘောထားရှိတယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ တဆက်တည်းပဲ သူမဟာ သံတမန်တယောက်အနေနဲ့ ဘယ်လိုလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်သင့်တယ်ဆိုတာကို ကျင်လည်ဖြတ်သန်းခဲ့မှုများအရ ဆုံးဖြတ်တတ်သူတဦးဖြစ်လိမ့်မယ်လို့လည်း မြင်နိုင်ပါတယ်။ မြန်မာပြည်သူများအပေါ် နားလည်နိုင်တဲ့သူတယောက် ဖြစ်နိုင်ပေမယ့် မြန်မာပြည်သူများစိတ်တိုင်းကျ အလုံးစုံဆောင်ရွက်ပေးမှာထက် သူမရဲ့ ဉာဏ်ပညာ အတွေ့အကြုံ တွေကို ပိုကိုးစားမယ့်သူတဦးဖြစ်ဖို့များပါတယ်။
တကယ်ကတော့ ‘ရက်နို’ ပဲဖြစ်ဖြစ်၊ သူ့ထက်ပို အရည်အချင်းပြည့်ဝသူပဲဖြစ်ဖြစ် မရိုးမဖြောင့်ညစ် ကွက်ဆင်နေတဲ့ စစ်ကောင်စီဘက်က ကိုယ့်အခြေအနေကိုရိပ်စားမိပြီး သဘောထားပြောင်းမလာမချင်း မြန်မာ့အရေး အဖြေရှာပေးနိုင်ဖို့ ခက်ခဲနေဦးမှာပါ။ ဒါ့အပြင်လက်ရှိကျင့်သုံးနေတဲ့ အာဆီယံ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ ကိုယ်နှိုက်ကလည်း ပြဿနာအဖြေရှာပေးဖို့အတွက်အတား အ ဆီးတွေလို့ပဲ မြင်ကြရမှာ ဖြစ်ပါတယ်။ အသက်အစိတ်မှာ စစ်ထဲဝင်၊ အဲဒီနှစ်မှာပဲ စစ်တပ်သတင်းစာဂျာနယ်လစ်ဖြစ်ပြီး ဒု-အယ်ဒီတာချုပ်အထိဆက်လုပ်၊ အဲဒီကမှ တပ်သတင်းပြန်ကြားရေးအကြီးအကဲ၊ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာ၊ နောက်တော့ ဝန်ကြီးချုပ်အကြံပေးအဖြစ် (၆) နှစ်ခန့်လုပ်ကာ သံအမတ်ရာထူး (၄) နှစ် လောက် ထွက်လုပ်၊ ပြန်လာတော့ အာဏာရှင်ဝန်ကြီး ချုပ်ရဲ့အကြံပေးပြန်ဖြစ်ပြီးနောက် နေရင်းထိုင်ရင်း ကြယ်လေးပွင့် စစ်ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးထပ်တိုးသွားသူ၊ မနှစ်ကအာဆီယံအထူးသံတမန်ထက်စာရင်တော့ ဝါရင့်သမ္ဘာရင့် သံတမန်တဦးဖြစ်တဲ့ ‘ရက်နိုမာဆူဒီ’ အပေါ် မျှော်လင့်ချက် နည်းနည်းပါးပါး လောက်
ပိုထားမိသူတွေ ရှိခဲ့ရင်လည်း ဘယ်သူကများ အပြစ်တင်နိုင်ဦးမှာပါလဲ။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar