နေသွင်ညိဏ်း - ဒီမိုကရေစီ ကျဆုံးခြင်း - အာရတ်နွေဦးသင်ခန်းစာ
ဒီမိုကရေစီ ကျဆုံးခြင်း - အာရတ်နွေဦးသင်ခန်းစာ
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၃
လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ တူနီးရှား နိုင်ငံလမ်းဘေးတစ်နေရာမှာ သစ်သီးသည်လေးတစ်ယောက်ဟာ ရဲတွေရဲ့ ဖမ်းဆီး၊ အနိုင်ကျင့်၊ ပစ္စည်း သိမ်းတာကို ခံရတဲ့အတွက် သူ့ကိုယ်သူ မီးရှို့ခဲ့တယ်။ ဒီလိုနဲ့ တူနီးရှားကနေ စလိုက်တဲ့ အာဏာရှင်တွေကို ဆန့်ကျင် အုံကြွမှုတွေဟာ တူနီးရှားသာမက၊ အီရတ်၊ လစ်ဗျားနဲ့ ယီမင်တို့က အာဏာရှင်တွေကို တစ်ယောက်ပြီး တစ်ယောက်ဖြုတ်ချခဲ့တယ်။နောက်ဆုံးမှာတော့ ဒီမိုကရေစီဟာ အာရတ်ကမ္ဘာကို ဆိုက်ရောက်လာခဲ့ပြီလို့ အထင်ရောက်စရာပါပဲ။ ဒါပေမယ့် ဆယ်နှစ် ကြာသွားတဲ့ အခါ သစ်သီးသည် မွတ်ဟာမက် ဘွာဇီဇီရဲ့ တူနီးရှားနိုင်ငံကလွဲလို့ တခြား နိုင်ငံတွေမှာ ဒီမိုကရေစီ လမ်းစ မမြင်ရသေးပါဘူး။
နောက်ကြောင်းပြန်
လွန်ခဲ့တဲ့ ၁၀ နှစ်က အာရတ်နွေဦးကြောင့် စိတ်ဝင်စားသူတွေထဲမှာ ကျနော်လည်း တစ်ယောက် ပါပဲ။ အာရတ်နွေဦးကို စောင့်ကြည့်ရင်း မြန်မာ့နွေဦး အတွက် စိတ်လှုပ်ရှားတယ်လို့ ပြောရင် ပိုပြီး မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ သုံးသပ်ချက်တွေကို ဖတ်ရတဲ့အခါ အာရတ်ကမ္ဘာအတွက် ဒီမိုကရေစီဟာ လွယ်လွယ်နဲ့ အမြစ်မတွယ်နိုင်ဘူးဆိုတာကိုလည်း ရိပ်မိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျနော် ရေးခဲ့တဲ့ “စတုတ္ထလှိုင်းလာပြီလား၊ ငါတို့အရေး အသို့နည်း” ဆောင်းပါးထဲက နိဂုံးပိုင်းကို သတိရပါတယ်။
.... အပြောင်းအလဲက သေချာပါတယ်။ ဒါပေမယ့် အီဂျစ်အပါအဝင် အာရပ်ကမ္ဘာတခုလုံး ဒီမိုကရေစီကို ဘယ်လိုအသွင်ပြောင်းမလဲဆိုတာ သိပ်တော့မသေချာသေးပါဘူး။ သေချာတဲ့အကြောင်းက လူထုရဲ့ ဒီမိုက ရေစီအာသီသနဲ့ သတ္တိဖြစ်ပြီး မသေချာတဲ့အကြောင်းက အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ သ ဘောနဲ့ အာရပ်ကမ္ဘာရဲ့ ရေခံမြေခံကိစ္စဖြစ်နေပါတယ်။
အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကနေ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာတချို့ ထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် လစ်ဗျားက လက်နက်ကိုင်တော်လှန်ရေး၊ ပြည်ပနိုင်ငံ တွေရဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုနဲ့ အီဂျစ်က အစီအစဉ်တကျ အသွင်ကူးပြောင်းရေး (အိုဘားမားစကားအတိုင်း) တို့ရဲ့ရလဒ်တွေကနေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ နောက်တချက် စဉ်စားမိတာက တတိယ ကမ္ဘာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နမူနာပါ။ အခုထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အယူအဆတ ချို့ဟာ တတိယကမ္ဘာအတွက် မမီတဲ့ပန်းလို ဖြစ်နေပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဆိုရင် ...
၁။ နိုင်ငံရဲ့စီးပွားဖွံ့ဖြိုးမှုနဲ့ တိုင်းပြည်ရဲ့ဓနတောင့်တင်းမှုရေချိန် ရှိရမယ်။ (အာရပ်နိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှု အခြေအနေဆိုးပါတယ်။)
၂။ အင်တီကျူးရှင်း အားကောင်းဖို့ လိုပါတယ်။ (အများစု မရှိသလောက် ဖြစ်နေပါတယ်။ လစ်ဗျားမှာဆို လုံးဝမရှိပါဘူး။)
၃။ တိုင်းရင်းသားမျိုးနွယ်စု၊ ဘာသာစကားကွဲပြားမှု (ဆူနီ-ရှီရိုက်ပြဿနာ ရှိနေပါတယ်။)
၄။ ဒီမိုကရေစီနိုင်ငံရေးနှင့် အကျွမ်းတဝင်ရှိမှု (ဟန်တင်တန်က အာရပ်ယဉ်ကျေးမှုဟာ ဒီမိုကရေစီကို အားမ ပေးဟု ဆိုခဲ့ဖူးသလို ပုပ်ရဟန်းမင်းကြီးဘန်နီ ဒစ် (Pope Bennedict XVI) ကလည်း အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီ သဟဇာတ မဖြစ်နိုင်လို့ ပြောဖူးပါ တယ်။ ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကိုတို့မှာ ပါတီစုံစနစ်နဲ့ ပါလီမန်အတွေ့အကြုံ အထိုက်အလျောက်ရှိပါ တယ်။)
၅၊ နိုင်ငံသားတွေရဲ့ ပညာတတ်မှု၊ လူလတ်တန်းစားတည်ရှိမှု (တူနီးရှားကလွဲလို့ တခြားနိုင်ငံတွေမှာ မရှိသ လောက်ဖြစ်ပါတယ်။)
၆။ ပြင်ပကမ္ဘာနှင့် အဆက်အဆံရှိမှု (အာရပ်ကမ္ဘာမှာ တနိုင်ငံနှင့် တနိုင်ငံ မတူ။) ....
၁၉၉၃ ခုနှစ်မှာ ထပ်ထွက်လာတဲ့ ယဉ်ကျေးမှုပဋိပက္ခ The Crash of Civilizations ဆိုတဲ့ စာအုပ်မှာ ဟန်တင်တန်က အာရပ်တွေက ဒီမိုကရေစီထက် သူတို့ယဉ်ကျေးမှုနဲ့ ဘာသာ တရားအပေါ်မှာ ပိုပြီးသစ္စာရှိကြလို့ဖြစ်တယ်လို့် ကောက်ချက်ဆွဲခဲ့ပါတယ်။ အာရပ်ကမ္ဘာက လူသန်ကြီးတွေကို အလုပ်လက်မဲ့ လူငယ်အုပ်ကြီးက ဖြုတ်ချ လိမ့်မယ်။ ဒါပေမယ့် အနောက်လူ့အဖွဲ့အစည်းရဲ့ လမ်းကြောင်းဖြစ်တဲ့ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုဆိုတဲ့ လမ်းကြောင်းကိုတော့ အာရပ်တွေ ရွေးမှာမဟုတ်ဘူး။ သူ့လမ်းသူရွေးလိမ့်မယ်လို့ ဆိုခဲ့တယ်။ ... စသဖြင့်
လွန်ခဲ့တဲ့ ဆယ်နှစ်က အာရပ်ကမ္ဘာရဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး ‘ကမ္ဘာကြီးပြားသည်’ (The World is Flat) ကျမ်းရှင် သောမတ်စ်ဖရီးမင်း (Thomas L. Friedman) က “အခုမှ အစပဲ ရှိပါသေးတယ်” လို့ ဆိုခဲ့ပါတယ်။ သောမတ် ဖရီးမင်း လိုပဲ ဒီမိုကရေစီအကြောင်း လေ့လာတဲ့ ပညာရှင်တွေက ဟန်တင်တန်ရဲ့ လှိုင်း (၃) လှိုင်းစလုံး ရှောင်ကွင်းသွားခဲ့ တဲ့ အာရပ်ကမ္ဘာကို ဗဟိုပြုလို့ အခု စတုတ္ထလှိုင်းစနေပြီလားလို့ တွေခဲ့ကြပါတယ်။ ဒီလှိုင်းဟာ ဘယ်ကို ဦး တည်လို့ ဘယ်အထိ ခရီးဆက်မလဲ ဆိုတာကိုလည်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။
အမေရိကန်-အာရပ်ကမ္ဘာ ဆက်ဆံရေးအကြောင်း ကျွမ်းကျင်သူ စတီဖင် အာ ဂရန်း Stephen R. Grand ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ “အီဂျစ်ကနေ စတုတ္ထလှိုင်း စနေပြီလား” လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ဆောင်းပါးမှာ
“အကယ်၍ ၂၀ ရာစုရဲ့ဒုတိယပိုင်းဟာ လူသန်ကြီးတွေရဲ့ ခေတ်ဆိုရင် ၂၁ ရာစုရဲ့ ပထမ (၁၀) နှစ်ကတော့ အစွန်းရောက်သမားတွေရဲ့ နှစ်ပဲ။ အဲ ... ကိုင်ရိုလမ်းပေါ်မှာ အခု ကျနော်တို့ မြင်နေရတာကတော့ ပြည်သူတွေရဲ့ခေတ်တခေတ်ပေါ့ဗျာ”လို့ ရေးခဲ့ပါတယ်။
အာရတ်နွေဦး ဘာကြောင့် မအောင်မြင်လဲ
ဆယ်နှစ်ကြာသွားတဲ့အခါ အာရတ်နွေဦး နိုင်ငံတွေရဲ့ အခြေအနေကို ပြန်ကြည့်တဲ့အခါ တူနီးရှား တစ်နိုင်ငံမှာပဲ ဒီမိုကရေစီ စမ်းသပ်မှု ရလဒ်ကောင်းတယ်လို့ ဆိုရပါမယ်။ အီဂျစ်မှာ မူဘာရတ်အလွန် ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးမှုဟာ ၀ရုန်းသုန်းကား နိုင်တာကြောင့် စစ်တပ် အာဏာသိမ်းမှုနဲ့ အဆုံးသတ်သွားပါတယ်။ လစ်ဗျား၊ ယီမင်၊ ဆီရီးယားတို့မှာ ပြည်တွင်းစစ် မီးတောက်လောင်နေတုန်း ရှိပါတယ်။ စစ်ကြောင့် လူသန်းတစ်ဝက်လောက်သေဆုံးခဲ့ပြီး၊ ၁၆ သန်းလောက် အိုးအိမ်စွန့်ခွာခဲ့ရပါပြီ၊ ဒေသတခုလုံးရဲ့ လွတ်လပ်မှု အခြေအနေဟာ ၂၀၁၀ မတိုင်ခင်ကထက်တောင်ပိုဆိုးနေပါတယ်။ မျှော်လင့်ချက် မြင့်မြင့်မားမားနဲ့ တာထွက်ခဲ့တဲ့ အာရတ်နွေဦးဟာ ခါးသီးရက်စက်တဲ့ ဆောင်းရက်တွေထဲမှာ ဒီမိုကရေစီအလင်းရောင်ကို မမြင်ရဘဲ မှောင်အတိကျနေတယ်လို့ ဆိုရပါမယ်။
အာရတ်နွေဦး မအောင်မြင်ရတဲ့ အကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီမိုကရေစီကျွမ်းကျင်သူတွေ ထောက်ပြခဲ့တဲ့ အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးအာဏာကို ဖက်တွယ်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေကနေ၊ ပြည်ပ အင်အားကြီး နိုင်ငံတွေအလယ်၊ အစ္စလာမ္မစ် အုပ်စုတွေအထိ အပြစ် တင်စရာတွေ ရှိပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဗဟုဝါဒကို အားပေးတဲ့ အင်စတီကျူးရှင်းတွေပါပဲ။ အာရတ်ကမ္ဘာမှာ လူငယ်တွေဟာ ဒီမိုကရေစီကို ငတ်မွတ်နေကြတာ အမှန်ပါပဲ။ ဒါကြောင့်လည်း အသက်တွေ ဘ၀တွေ ပေးပြီး အာဏာရှင်ကို ဖြုတ်ချခဲ့ကြတာပါ၊ ကမ္ဘာ့တခြား နေရာက ပြည်သူတွေလိုပဲ ကိုယ့်အစိုးရကို ကိုယ်တိုင် မဲပေးရွေးချယ်ချင်နေကြပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာ ဒီမိုကရက်တွေ ရှိမှ ရေရှည် ရှင်သန်နိုင်တဲ့ စနစ်မျိုးပါ၊ ဒီမိုကရေစီအတွက် အသိပညာရေချိန်မြင့်မားတဲ့ နိုင်ငံသားတွေ လိုအပ်ပါတယ်။ လွတ်လပ်တဲ့ ပညာရေးစနစ်၊ လွတ်လပ်တဲ့ မီဒီယာ၊ လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဒီမိုကရေစီ ရေချိန်၊ အသိပညာ ရေချိန် မြင့်တဲ့ နိုင်ငံသားတွေကို မွေးထုတ်၊ လေ့ကျင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရေး သဘောမတူမှုတွေကိုလည်း ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာနိုင်တဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု ရှိလာမှာ ဖြစ်ပါတယ်။ အလွတ်ကျက် ပညာရေးစနစ်၊ အစိုးရ အာဘော်ကိုပဲ ထင်ဟပ်တဲ့ မီဒီယာတွေ၊ အစွန်းရောက်ဘာသာရေး အင်စတီကျူးရှင်းတွေလောက်နဲ့တော့ ဒီမိုကရေစီ မရှင်သန်နိုင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံရေးဆိုတာ အကြွင်းသုညထွက်တဲ့ ကစားပွဲ၊ နိုင်သူက ရှုံးသူဆီက အကုန်ယူ၊ အကုန်သိမ်း၊ အသက်နဲ့ ဘ၀ပါ ဖျက်ဆီးခွင့်ရှိတယ်လို့ ယုံကြည်တဲ့ လူတွေကြားမှာ ဒီမိုကရေစီဆိုတာ ဘယ်တော့မှ အမြစ်မတွယ်နိုင်ဘူးဆိုတာ အာရတ်နွေဦးက တရားပြနေပါတယ်။
* ရည်ညွှန်း၊ ၊ Why democracy failed in the Middle East (The Economist)
နေသွင်ညိဏ်း
၁၇၊ ဒီဇင်ဘာ၊ ၂၀၂၀
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar