ယာယီသမ္မတဒူးဝါးလရှီးလရဲ့ တိုက်တွန်းချက်
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၄ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃
ယာယီသမ္မတဒူးဝါးလရှီးလရဲ့ တိုက်တွန်းချက်
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပတဲ့ NUG အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူးဝါးလရှီးလက ၂၀၂၃ ခုနှစ်မှာ တိကျတဲ့ နိုင်ငံရေးရလဒ်တွေ ပြည်သူလူထုကို ပေးနိုင်ဖို့ ယေဘုယျဆန်တဲ့ ရှုမြင်ချက်တွေနဲ့ တော်လှန်ရေးမှာ ရှေ့ဆက်လို့မရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့တယ်လို့ သတင်းတွေထဲဖေါ်ပြကြပါတယ်။
တော်လှန်ရေးက တတိယမြောက်နှစ်ထဲ ဝင်ရောက်လာပြီဖြစ်ပြီး လူထုကို တိတိကျကျ နဲ့ ဆုပ်ကိုင်ပြလို့ရတဲ့ ရလဒ်တွေ ပေးနိုင်ဖို့ လည်းပြောဆိုခဲ့တာတွေ့ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေး တရားဝင်စတင်ကြေညာခဲ့တဲ့ ၂၀၂၁ခုနှစ် မေလ က စတင်တွက်ကြည့်ရင် ၂ နှစ်ခွဲကျော် ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုက ၂ နှစ်ပြည့်တဲ့အချိန်မှာ စစ်ကောင်စီတပ်တွေ အနေနဲ့ စစ်မျက်နှာ အများအပြားဖွင့်ထားရတဲ့ အနေအထား၊ နယ်မြေအများအပြားမှာ စစ်ကောင်စီအနေနဲ့ လမ်းမကြီးတွေ၊ မြစ်ကြောင်းလမ်းတွေ၊ တမြို့နဲ့တမြို့ဆက်သွယ်ထားတဲ့ လမ်းတွေကို စိတ်ချလက်ချ မသွားနိုင်တဲ့အနေအထားမျိုး မှာ ရှိနေတာဖြစ်လို့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ ရဲတွေကို ကန့်သတ်မှုတခုအောက် ထားရှိပြီး ထိန်းချုပ်ထားတဲ့ သဘောမျိုး ဆိုလို့ရနိုင်ပေမယ့် တဖက်မှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံနေရဆဲ၊ အရပ်သားတွေကို PDF တပ်ဖွဲ့ဝင် သို့မဟုတ် ထောက်ခံသူအဖြစ် စွပ်စွဲ သတ်ဖြတ်ခံနေရဆဲ၊ မြို့တွေမှာ ဖမ်းဆီးမှု၊ တရားရုံးတင်ကာ ထောင်ဒဏ်တွေ၊ သေဒဏ်တွေအထိ ချမှတ်နေဆဲ ဖြစ်ပါတယ်။
မကွေးတိုင်း အထက်ပိုင်း၊ စစ်ကိုင်းတိုင်းရဲ့ ဒေသအများစု၊ အချို့သော မန္တလေးတိုင်းရဲ့ ဒေသတွေက နယ်မြေအရ တဆက်တစပ်ထည်း ဖြစ်နေပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကျေးရွာမီးရှို့ခံရမှုတွေ ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီး၊ ယူဆောင်သွားတာ ခံရတာတွေ ဖြစ်နေဆဲဖြစ်ပါတယ်။
PDF တပ်ဖွဲ့ဝင် အဖြစ်ပါဝင် တိုက်ခိုက်နေသူတွေက တိုက်ခိုက်နေကြပြီး ကျန်မိသားစုဝင်တွေ ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုး ရှိမနေပဲ ဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတခုလုံးကို ခုခံမှုရှိနေသရွေ့ စစ်ကောင်စီက စစ်ကြောင်းထိုး၊ ဖျက်ဆီး၊ သံသယရှိသူကို သတ်ဖြတ်တာတွေကို ဆက်လက်လုပ်ဆောင်နေဦးမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။
ဒီအနေအထားကို သုံးသပ်ကြည့်တဲ့အခါ စစ်ကိုင်းတိုင်းနဲ့ အချို့သော မကွေး၊ မန္တလေးတိုင်းတွေက ဒေသခံ လူထုအဖို့ အသက်ရှင်သန်ရေးက ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ လူထုကို အကာအကွယ်ပေးနိုင်ဖို့ကိုလည်း ပထမဦးစားပေး စဥ်းစားလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အချက်ကိုတွေ့ရမှာ ဖြစ်ပါတယ်။
တိုက်ပွဲဖေါ်ဆောင်ဖို့၊ ရန်သူရဲ့ စခန်း၊ ယာဥ်တန်း၊ အခြေစိုက်တပ်ရင်းတွေ အထိသွားရောက်တိုက်ခိုက်ဖို့ ကလည်း အရေးပါသလို ပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လို လုပ်ဆောင်မလဲဆိုတာလည်း အရေးတကြီး ထည့်သွင်းစဥ်းစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ဒေသခံပြည်သူလူထု နဲ့အတူ ရောနောနေထိုင်ကြပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခြင်းက ပြောက်ကျားစစ်ရဲ့ သဘောသဘာဝ ဖြစ်တာ မှန်သော်လည်း ဒေသခံလူထု ကို စစ်ကောင်စီတပ်တွေက ပစ်မှတ်သဖွယ်ထားပြီး ဝင်ရောက်မွှေနှောက်တာ ဖမ်းဆီးတာ သတ်ဖြတ်တာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းက လူထုအတွက် ပိုင်ဆိုင်မှုဆုံးရှုံး၊ အသက်ဆုံးရှုံးတာတွေ များလာပြီး လူထုအနေနဲ့ တော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးဖို့ ခက်ခဲလာပြီး ရပ်တည်ရေး နဲ့ တော်လှန်ရေးကို ထောက်ခံမှု ရှေ့ဆက်မတိုးနိုင်တဲ့ အနေအထားမျိုး ဖြစ်မသွားအောင်လည်း စဥ်းစားဖို့ လိုအပ်တာဖြစ်ပါတယ်။
ပြောက်ကျားစစ်ဖော်ဆောင်ခြင်းက မှားယွင်းတဲ့ ဗျူဟာမဟုတ်သော်လည်း ဘယ်လိုနေရာမှာ တိုက်ပွဲဖော်ဆောင်ကြမလဲဆိုရာမှာ ပြန်လည်သုံးသပ်ကြဖို့ လိုအပ်ကောင်း လိုအပ်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ပထဝီအနေအထားနဲ့ အခြားသော ဒေသ၊ ပြည်နယ်၊ တိုင်းတွေရဲ့ ပထဝီအနေအထား မတူညီကြတာလည်း သဘာဝလည်းရှိကြတာ ဖြစ်လို့ အခုကာလဟာ ပြည်နယ် သို့မဟုတ် တိုင်းဒေသ တခုချင်းရဲ့ သီးခြား လက္ခဏာ၊ တိုက်ပွဲဖော်ဆောင်မယ့် နေရာဒေသရွေးချယ်ခြင်းတွေကို ပြန်လည်သုံးသပ်သင့်ကြတဲ့ အချိန်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar