ဒီတပတ်အတွင်း ဘာထူးလဲ (နိုင်ငံတကာသာဂိ)
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ခ၂၀၂၃
ဂျိုးဘိုင်ဒင် - ယခင်အပတ်က အမေရိကန်သမ္မတ ဘိုင်ဒင်က state of the union - နိင်ငံတော်အခြေပြမိန့်ခွန်း လွှတ်တော် ၂ ရပ်ရှေ့ရပ်ပြီး ပြည်သူတွေဆီ မိန့်ခွန်းပြောပါတယ်။ ပါတီ ၂ ခု အကြီးအကျယ် ကွဲနေချိန်၊ နိုင်ငံတော်ဘတ်ဂျက် အကြပ်အတည်းတွေ့နေချိန်မှာ ရီပတ်ဘလစ်ကန် လူများစုက ပြည်သူတွေထဲက သက်ကြီးတွေအတွက် ဖူလုံရေးစာရိတ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဖြတ်တောက်ဖို့ လျော့ချဖို့ အသံပေးနေချိန်ဖြစ်ပါတယ်။ social security & Medicare လို့ ခေါ်ကြတယ်။ ဘိုင်ဒင်က လူတွေရှေ့မှာ ဟိုဖက်ကပါတီက အမတ်တွေက ပြည်သူတွေအတွက် လူမှုဖူလုံရေးစာရိတ်တွေ ဖြတ်ချင်နေကြတာ တွေ့လား လို့ အသံပြုလိုက်တော့ - ရီပတ်ဘလစ်ကန်အမတ်တွေ အငိုက်မိပြီး တပြိုင်နက်တည်း ထ ‘မဟုတ်ပါဘူး မဟုတ်ပါဘူး’ သံပြိုင်ဟစ် ငြင်းကြတော့တာပဲ။ သည်တော့ ဘိုင်ဒင်က ‘ဟော တွေ့လား၊ သူတို့က ဘတ်ဂျက်တွေ ဖြတ်တဲ့အထဲ မပါတော့ဘူးလို့ အခုပဲ သဘောတူလိုက်ကြပြီ’ ဆိုပြီး အမြတ်ထုတ်သွားပါတယ်။ လက်ယာစွန်းအမတ်တွေ မငြင်းသာတော့ဘူးပေါ့။
တရုတ်မိုးပျံပူဖောင်း - တရုတ်ပြည်က လွှင့်လိုက်တဲ့ မိုးပျံပူဖောင်းကြီးတလုံးကို အတ္တလန်တိတ်ပင်လယ်ပြင်မှာ အမေရိကန်စစ်တပ်က ပစ်ချလိုက်ပြီး နောက်ထပ် အလားတူ ပူးဖောင်း ၃ လုံးကို အလာစကာ၊ ကနေဒါနဲ့ အမေရိကန်ပြည်တွင်းမှာ ထပ်တွေ့လို့ အမေရိကန်စစ်တပ်က ဒုံးကျည်နဲ့ ထပ်ပစ်ချလိုက်ရပါတယ်။ လူတွေက UFO လို့ ခေါ်တဲ့ ဂြိုဟ်သားတွေလွှတ်လိုက်တဲ့ ယာဉ်တွေလားလို့ လျောက်ပြောနေကြလို့ အိမ်ဖြူတော်က မဟုတ်ကြောင်း ထွက်ပြောရပါတယ်။ တရုတ်ပြည်ကနေ လွှင့်နေတယ်လို့ သံသယဖြစ်နေကြတဲ့ မိုးပျံပူဖောင်းတွေကို အခြားတိုက်တွေမှာလဲ တွေ့ကြတယ်လို့ ပြောကြပါတယ်။
အစက ပူဖောင်းတွေ ဘာလို့ မတွေ့တာလဲဆိုတော့ အမေရိကန် လေကြောင်းစစ်ကြောရေးစနစ်ထဲမှာ လေပူဖောင်းလို အမျိုးအစားမပါဘူး။ သူတို့ စောင့်ကြည့်တဲ့ အရာ၀တ္ထုတွေဆိုတာ စက်ပါတဲ့ ၊ ပျံတဲ့ ၊ ဆက်သွယ်ရေးစနစ်ပါတဲ့ ၊ အမြင့်ပေ သတ်မှတ်ချက်တခုအထက်မှာ ရှိတဲ့၊ လေယာဉ်လမ်းကြောင်းကို မနှောက်ယှက်တဲ့ လေပေါ်က အရာတွေကို စစ်တဲ့ သတ်မှတ်ချက်တွေ ထားလို့ပါ။ သည်တော့ ခုနင်ကလို မိုးပျံပူဖောင်းတွေ ရှိနေနိုင်သော်လည်း ရေဒါတွေမှာ မပေါ်ဘူးပေါ့။ အခုတော့ သတ်မှတ်ချက်စံတွေ ပြင်ပြီး စစ်လိုက်တော့မှ ပူးဖောင်းတွေကို ဖမ်းမိကုန်တာလို့ ဆိုကြပါတယ်။
အမေရိကန်၏ ပြည်တွင်းအကြမ်းဖက်မှုများ -မနေ့က မီချီကန်စတိတ်ယူနီဗာစတီ မှာ အပြင်လူတဦးက သေနတ်နဲ့ ဝင်ပစ်လို့ ကျောင်းသား ၃ ဦး သေ၊ ၅ ဦး ဒဏ်ရာရပါတယ်။ ပစ်သူကတော့ ခန လွတ်မြောက်သွားပြီး ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အမေရိကားမှာ Gun Violance က အလွန် ဆိုးပါတယ်။ ထိုနည်းတူ Police Brutality ရဲတို့၏ အကြမ်းဖက်မှုကလည်း အများကြီးပဲ။ မကြာသေးမီက မင်းဖစ်မြို့မှာ တိုင်ရာနီကိုးဆိုတဲ့ လူငယ်လေးကို ရဲများက လမ်းမှာ ဝိုင်းရိုက်လို့ ဇန်နဝါရီ ၁၀ (၃ ရက်အကြာမှာ) သေဆုံးသွားပါတယ်။ ရဲ ၅ ဦးကို လူသေစေမှု (second degree murder) နဲ့ အမှုစွဲပြီး အရေးယူဖို့ လုပ်နေပါတယ်။ ကျန်ရစ်သူမိသားစုက ကုလသမဂ္ဂမှာ အဲသည်အမှုကို အရေးယူဖို့ တိုင်ကြားတဲ့အထိ ဆောင်ရွက်လိုက်ပါတယ်။ အမေရိကန်၏ ရဲတပ်ဖွဲအကြမ်းဖက်မှုတွေကို ကုလလူ့အခွင့်အရေးကော်မရှင်ကို တိုင်တဲ့အထိ ဖြစ်သွားပါတယ်။
တူရကီ ဆီးရီးယား ငလျင် - ယခင်အပတ်က ဆီးရီးယားနဲ့ တူရကီ ထိစပ်နေတဲ့ ငလျင်ကြော ၇.၈ အဆင့် ပြင်းအားနဲ့ ငလျင် လှုပ်သွားတယ်။ တူရကီမှာ လူ ၄သောင်း သေကြေ ပျောက်ဆုံး၊ ဆီးရီးယားမှာက ယူအန်အဆိုအရ လူ ၅ထောင် သေတယ် ပြောတယ်။ ငလျင်က ဆီးရီးယားသူပုန်တွေ ထီန်းချုပ်နယ်မြေမို့ ဆီးရီးယားသမတက ကန့်သတ်ပိတ်ဆို့ထားလို့ အကူအညီတွေ ဝင်မရဘူးဆိုပါတယ်။ အခုတော့ နယ်စပ် ၂ နေရာကို သမတ အာဆတ်က ဖွင့်ပေးလိုက်ပြီ။ ကယ်ဆယ်ရေးက သဘာ၀ဘေးဒဏ်ဆိုက်ပြီး ၇၂ နာရီအတွင်း ကူရ ကယ်ရတာ အခု နာရီ ၂၀၀ ကျော်ပါပြီ။ ဆီးရီးယားနဲ့ တူရကီမှာ အပျက်အစီးပုံတွေကြားထဲကနေ အသက်ရှင်လျက် လူတွေ ဆက်လက် ကယ်ထုတ်နေရဆဲလို့ သတင်းတွေက ပြောပါတယ်။ တူရကီက အပျက်အစီးပုံတွေထဲမှာ သူတို့မြို့သစ်က တိုက်သစ်တွေ အများအပြား ပြိုကျကုန်တယ် ဆိုတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်နဲ့ အပေါင်းအပါတွေ၏ လိမ်ညာလှည့်ဖြား လုပ်ကိုင်မှုတွေကြောင့် ငလျင်ဒဏ်ခံပါတယ်ဆိုတဲ့ တိုက်တွေ တပြိုင်တည်း အကုန်ပြိုကုန်ကျတာမို့ အသေအပျောက်က အလွန်ဆိုးဝါးပါတယ်။ တူရကီအစိုးရကတော့ တာဝန်ရှိသူတွေကို လိုက်ဖမ်းနေပြီ ပြောပါတယ်။
ဟေတီသမ္မတကို လုပ်ကြံလိုက်တဲ့ အမေရိကန် အလွတ်စစ်သားတွေ - ၂၀၂၁ ဇူလိုင် တုန်းက ဟေတီသမ္မတကို ကြေးစားစစ်သား ၅၀ ကျော်က အိမ်တော်ကို ဝင်စီးနင်းပြီး သတ်ဖြတ်လိုက်တယ်။ သတ်ခိုင်းသူက အမေရိကန်က လုပ်ငန်းရှင် ၂ ဦးက ငွေထုတ်ပေးပြီး၊ အမေရိကန်က လုံခြုံရေးကုမ္မဏီတခုက အလွတ်စစ်သား (Private military contractor) တွေက လက်ခံပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့တာ ဖြစ်တယ်။ သမ္မတကို သတ်ပြီးတော့ သူတို့စိတ်ကြိုက် ဘာသာရေးခေါင်းဆောင်တဦးကို တင်ဖို့ လုပ်ထားတယ်။ အဲသည်ခေါင်းဆောင်က ဟေတီမှာ လုပ်ငန်းကြီးတခု လုပ်တဲ့အခါ ခုနင်ကလူတွေကို ပြန် အလုပ်တွေ ရင်းနှီးမှုတွေ ပေးမယ် ဆိုပဲ။ သို့သော် ဒါတွေ မအောင်မြင်ခဲ့။ အမေရိကန်အစိုးရက ခုနင်က လုပ်ကြံသူတွေကို ဒီနေ့ဖမ်းပြီး စွဲချက်တင်လိုက်တယ် ပြောပါတယ်။ သူတို့ အလွတ်စစ်တပ်က ၂၀၂၀ တုန်းကလဲ ဘူလေးဗီးယားက နိုင်ငံရေးခေါင်းဆောင်တဦး သတ်ဖြတ်မှုမှာ ပတ်သက်ခဲ့ကြတယ်လို့ FBI က စွပ်စွဲထားပါတယ်။ အမေရိကန်တွေက သူများပြည်တွင်းရေး (အထူးသဖြင့် တောင်အမေရိကတိုက်၊ အာဖရီကတိုက်တွေ) မှာ ကြေးစားစစ်သားတွေနဲ့ ချယ်လှယ်ကြတယ်ဆိုတာ ရုပ်ရှင်မှာ မဟုတ်၊ အပြင်မှာလဲ ရှိတယ်ဆိုတာ - ဟို မ အ လ တကောင် သိပြီး ဖြစ်မှာပါ)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar