မိုးဇော်ဦး - ဦးဝင်းတင်နဲ့ NLD ကြေညာချက် အမှတ် (၉)
မိုးဇော်ဦး - ဦးဝင်းတင်နဲ့ NLD ကြေညာချက် အမှတ် (၉)
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃
(မကြာခင် ထုတ်ဝေမယ့် မိုးဇော်ဦး ရေး — ဦးဝင်းတင် သို့မဟုတ် အရေးတော်ပုံ ကျားရဲ၏ အန္တိဒဏ္ဍာရီ စာအုပ်က ကူးယူသည်။)
အဘကို ပထမဆုံး စကားပြောဖူးတာ ၁၉၈၉ ခုနှစ်က ပန်းဘဲတန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲမှာပါ။ ကျွန်တော်က အဖွဲ့ချုပ် ပန်းဘဲတန်းမြို့နယ် အမှုဆောင်တယောက် ဖြစ်ပါတယ်။ ကြိုဆိုရေး တာဝန်ကျတော့ လေးဘီးကားလေးနဲ့ အဘကို သူ နေတဲ့ လမ်းသစ်ရိပ်သာ အိမ်မှာ သွားကြိုရပါတယ်။
ကားရှေ့ ခေါင်းခန်းထဲမှာ ထိုင်ဖို့ပြောတော့ အဘက မထိုင်ပါဘူး။ ရှေ့ခန်းမှာက တယောက်ပဲ ကောင်းကောင်းထိုင်လို့ရပြီးတော့ လူကြီးကို ဦးစားပေးတဲ့အနေနဲ့ ထိုင်ခိုင်းတာပါ။ အဘက ကျွန်တော်တို့နဲ့ အတူတူ အနောက်မှာ လာထိုင်ပါတယ်။ အဲဒီခေတ်က တက္ကဆီကို လေးဘီးကားလို့ ခေါ်ပါတယ်။ မာဇဒါ ပစ်ကပ်လေးတွေပါ။ အနောက်ခန်းမှာ တတန်းကို သုံးယောက်၊ မျက်နှာချင်းဆိုင် ခြောက်ယောက်လောက် ထိုင်စီးလို့ ရပါတယ်။
အဘက တလမ်းလုံး နိုင်ငံရေး အကြောင်းတွေ ပြောလာပါတယ်။ ကျွန်တော်တို့ရဲ့ ထင်မြင်ချက်တွေကိုလည်း မေးပါတယ်။ အန်အယ်လ်ဒီရဲ့ ကြေညာချက် (၉) အကြောင်း ပြောပြ ပါတယ်။ အန်အယ်လ်ဒီရဲ့ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ သဘောထား၊ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ သဘောထားတွေ လုပ်သင့်တဲ့ လုပ်ငန်းစဉ်တွေအကြောင်း ပြောပါတယ်။
ပြည်ထောင်စုနေ့ ဟောပြောချက်တွေကို စုစည်းပြီး စာအုပ်ထုတ်ဖို့ ဆုံးဖြတ်ကြတော့ ကျွန်တော်က စာပြန်ဖြေတဲ့အလုပ်၊ မူလ ဟောပြောသူတွေကို ပြပြီးပြန်စစ်ဆေးဖို့ အလုပ်တွေ လုပ်ဖို့ တာဝန်ကျပြန်ပါတယ်။ ပန်းဘဲတန်းမြို့နယ်ရုံးမှာ အဘရဲ့ ဟောပြောချက်တွေကို ကျွန်တော် စာပြန်ဖြေပြီး စာမူကို အဘကို သွားပြပါတယ်။ အဲဒီတုန်းက အဘက အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်က အမှတ် (၄၄) တက္ကသိုလ်ရိပ်သာလမ်းမှာပါ။ သူ ရုံးထိုင်တဲ့ ရုံးချုပ် အပေါ်ထပ်က အခန်းလေးထဲကို တိုက်ရိုက်ပဲဝင်ပြီး အကျိုးအကြောင်း ရှင်းပြပါတယ်။
အဘက ခဏစောင့်လို့ပြောပြီး တထိုင်ထည်းပဲ စာမူကို စစ်ပေးလိုက်ပါတယ်။ ဖျက်စရာရှိတာတွေ ဖျက်၊ ပြင်စရာရှိတာပြင်၊ အပိုဒ်ခွဲစရာ ရှိတာတွေ ပြန်ခွဲပေးလိုက်ပါတယ်။ ပြီးတော့မှ လူတယောက် စကားပြောကောင်းမကောင်း၊ ရှင်းမရှင်း၊ အခုလို ပြန်ပြီး အက်ဒစ် (edit) လုပ်တဲ့အချိန်မှာ သိသာတယ်လို့ပြောပါတယ်။ မင်းတို့ အန်တီရဲ့ မိန့်ခွန်းကို ပြန်ပြီးအက်ဒစ် (edit) လုပ်ရင် ဘာမှပြန်ပြင်စရာမလိုလောက်အောင်ပဲ ဆိုပြီး အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကို ချီးကျုးပါတယ်။
NLD ရဲ့ ကြေညာချက်အမှတ် (၉) က အမျိုးသားညီလာခံနဲ့ ဆိုင်ပါတယ်။ ဒီမိုကရေစီ ပြည်ထောင်စုစစ်စစ် ထူထောင်ဖို့ လမ်းပြမြေပုံလည်း ဖြစ်ပါတယ်။ အမျိုးသားညီလာခံတစ်ခု ကျင်းပဖို့လိုတယ်ဆိုတဲ့ အယူအဆကို အဘကစပြီး ဖေါ်ထုတ် ခဲ့တာပါ။ အမျိုးသား ညီလာခံတစ်ခု ကျင်းပရေးကို အဖွဲ့ချုပ်က စတင်ကြေညာ သင့်တယ်ဆိုတဲ့ အယူအဆကို အဘက ဒေါ်အောင် ဆန်းစုကြည် (အန်တီ)ကို ပြောတဲ့ အခါမှာ အန်တီကလည်း သဘောတူ ပါတယ်။
ဒီအယူအဆကို ကြေညာချက်မထုတ်ခင် လူထုအစည်းအဝေးတခုမှာ စပြီး မိတ်ဆက်ဖို့ အဘနဲ့ အန်တီတို့ သဘောတူကြပါတယ်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ သန်လျင် ခရီးစဉ်မှာ စပြီး ပြောကြမယ် လို့ စီစဉ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မနက်မှာ အဘွား ဒေါ်ခင်ကြည် အသည်းအသန် ဖြစ်တဲ့အတွက် အန်တီက မလိုက်နိုင်တော့ဘဲ အဘပဲ သွားခဲ့ရပါတယ်။ အန်တီက အဘပဲ ကြေညာချက်ပါ အကြောင်းအရာတွေကို မိတ်ဆက်ပြောကြားပေးဖို့ ပြောတဲ့အခါမှာ အစတော့ ဒေါ်စုကိုယ်တိုင် ပြောတာပိုကောင်းမယ်ဆိုပြီး အဘက ငြင်းပါတယ်။ အန်တီက အတင်းပြောခိုင်းတော့မှ အဘက လက်ခံပါတယ်။
သန်လျင်မှာလုပ်တဲ့ မြို့နယ်ပေါင်းစုံအစည်းအဝေးမှာ အဘက စကားပြောတဲ့အခါမှာ အမျိုးသားညီလာခံတခု ကျင်းပဖို့ လိုတယ်ဆိုတာကို ထုတ်ဖော်ပြောလိုက်ပါတယ်။ အဲဒီအယူအဆအပေါ် အခြေခံပြီး အဖွဲ့ချုပ်က ဒီမိုကရေစီပြည်ထောင်စုသစ် ကြေညာစာတမ်းလို့ အမည်ရတဲ့ ကြေညာချက် (၉) ကို ထုတ်ပြန်ပါတယ်။ ကြေညာစာတမ်းထဲမှာ သဘောထား ၅ ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၄ ရပ် ပါရှိပါတယ်။
သဘောထား ၅ ရပ်ရဲ့ အဓိက အကြောင်းအရာတွေကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး တန်းတူညီမျှမှုကို လက်ခံပြီး ဘယ်လူမျိုးကိုမှ အထူး အခွင့်အရေးမပေးဖို့နဲ့ လူမျိုးနွယ်စု အားလုံးရဲ့ ခံစားထိုက် ခံစားအပ်တဲ့ ဘယ်အခွင့်အရေးကိုမှ ချုပ်ချယ် ကန့်သတ်မှု မပြုဘူးလို့ အာမခံတာရယ်၊ တိုင်းရင်းသား လူမျိုးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အရ နယ်ပယ်အသီးသီးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ အာမခံတာပဲ ဖြစ်ပါတယ်။
ရှေ့လုပ်ငန်းစဉ် ၄ ရပ် အနှစ်ချုပ်ကတော့ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စု ထူထောင်ရေးအတွက် ပင်လုံညီလာခံကြီးလို ပြည်ထောင်စုကြီးရဲ့ အနာဂတ်ခရီးကို လမ်းညွှန်ပေးမယ့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ အမျိုးသားညီလာခံတရပ် ခေါ်ယူကျင်းပမယ်။ အဲဒီညီလာခံကြီးမှာ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ အခွင့်အရေး တန်းတူရည်တူခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတဲ့ ပြဋ္ဌာန်းချက်တွေ ချမှတ်မယ်။ အဲဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်။ ပြီးရင် တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ပြည်နယ်အားလုံးရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့၊ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှုထုံးတမ်းနဲ့ ဘာသာစကားတွေ စည်ပင်ထွန်းကားဖို့ နည်းလမ်းရှာ၊ လုပ်ငန်းစဉ်တွေ ချမှတ်မယ် စတဲ့ လုပ်ငန်းစဉ်တွေပါပါတယ်။
“တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီး၏ ပြဋ္ဌာန်းချက်များအား အခြေခံ လမ်းညွှန်မှုများအဖြစ် လက်ကိုင်ပြုလျက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရားမျှတမှု ဖြစ်ထွန်းစေကာ အဆင့်အတန်း၊ အခွင့်အရေးနှင့် ဥပဒေသက်ရောက်မှုတို့တွင် ပကတိ တူညီစေသည့်အပြင် လူ့အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ စသော နိုင်ငံတော်၏ ပုံသဏ္ဌာန်နှင့် ရည်မှန်းချက်များအား အခိုင်အမာ အတိအကျ သတ်မှတ်ဖော်ထုတ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တရပ်ကို ဒီမိုကရေစီ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ညှိနှိုင်းရေးဆွဲမည်။” ဆိုပြီး လမ်းပြမြေပုံလည်း အတိအကျ ပါဝင်ပါတယ်။
အဲဒီ ကြေညာစာတမ်းဟာ အဖွဲ့ချုပ်ရဲ့ သမိုင်းမှာ အလွန်အရေးကြီးတဲ့ စာတမ်း ဖြစ်ပါတယ်။ ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး လမ်းပြမြေပုံကို အဖွဲ့ချုပ်က စပြီး ဖော်ထုတ်ရေးဆွဲ ခဲ့တာဖြစ်ပါတယ်။ ဒီလမ်းပြမြေပုံကို နောက်ပိုင်း စစ်အစိုးရက ထပ်တူ ခိုးချခဲ့တာဖြစ်ပါတယ်။ အဲဒီကြေညာချက် (၉) ကြေညာစာတမ်းကို အဘ ရေးခဲ့တာ ဖြစ်ပါတယ်။
ဒီကြေညာချက်ကို ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စုနေ့က ပင်လုံမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စတင်မိတ်ဆက်ပေးပြီး ဗဟိုကော်မတီဝင် ဦးမိုးသူက ဖတ်ကြားခဲ့ပါတယ်။ နိုင်ငံရေးအရ အနှစ်သာရရှိပြီး တိုင်းရင်းသားအရေးလည်း ဖြစ်တဲ့အတွက် ကြေညာချက်ကို ဖတ်ကြားဖို့ လွတ်လပ်ရေးနဲ့ချီပြီး သမိုင်းခဲ့တဲ့ ပင်လုံမြို့ကို တမင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဒီကြေညာချက်အပေါ်အခြေခံပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ အစုအဖွဲ့တွေနဲ့ ညီညွတ်ရေးကြိုးပမ်းမှုတွေကိုလည်း အဘပဲ ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လအစောပိုင်း အဘ အထိန်းသိမ်းမခံရခင်ကလေးမှာပဲ တိုင်းရင်းသားပါတီ (၂၁) ပါတီ စုစည်းပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (United Nationalities League for Democracy) ကိုဖွဲ့နိုင်ရေးအတွက် အဘကိုယ်တိုင် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ အဘကိုယ်တိုင် UNLD ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ UNLD ကိုယ်စား ဦးထောင်ခိုထန်းက တမူးမြို့က ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ (ဦးထောင်ခိုထန်းက အခုတော့ ဆုံးပါးသွားပါပြီ။) UNLD အဖွဲ့ဝင် အဖွဲ့အစည်းတွေက အားလုံး စုစုပေါင်း (၆၇) နေရာ အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့ ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ သမိုင်းဝင် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်တို့၊ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျန်တဲ့ တိုင်းရင်းသား ပါတီ (၄) ပါတီ ပူးတွဲဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့ရဲ့ အခြေခံဟာ အဖွဲ့ချုပ်ရဲ့ ကြေညာချက် (၉) ပဲ ဖြစ်ပါတယ်။ အခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒ သဘောထားတွေကလည်း ဒီကြေညာချက် (၉) နဲ့ မသွေဖည်သေးတာ တွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar