Breaking News

မြန်မာ-ရှရှား မဟာဗျူဟာ ဆက်ဆံရေးရဲ့ အကျိုးဆက် ဘာတွေရှိနိုင်မလဲ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃


မြန်မာ-ရှရှား မဟာဗျူဟာ ဆက်ဆံရေးရဲ့ အကျိုးဆက် ဘာတွေရှိနိုင်မလဲ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှာ သံတမန်ရေးအရ ဖယ်ကြဥ်ခံလာရတဲ့ မြန်မာစစ်ကောင်စီ အနေနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ ပိုပြီးနီးကပ်အောင် ဆက်ဆံလာတာ တွေ့ရပါတယ်။ 

ယမန်နေ့က ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် အခမ်းအနား ချစ်ကြည်ရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သတင်းဖော်ပြချက်အရ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ ရုရှားနဲ့ မြန်မာသံတမန်ရေး ဆက်ဆံမှုကိုသာမကပဲ စစ်တပ် နှစ်တပ်အကြား အရင်ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အကြောင်း အမြဲတမ်းမဟာမိတ် နိုင်ငံအဖြစ် ဆက်ဆံသွားမယ့်အကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စစ်တပ် ၂ ခု အကြားဆက်ဆံရေး ရှိနေခဲ့တာက အရင်စစ်အစိုးရအာဏာရှိစဥ် ၂၀၀၀ ပြည့်လွန်နှစ်တွေကတည်းက ရုရှားကို အိုင်တီနည်းပညာနဲ့ အခြားစစ်ပညာသင်ဖို့ စစ်အရာရှိတွေကို စေလွှတ်ခဲ့တာဖြစ်ပေမယ့် အခုလက်ရှိ အနေအထားလို စစ်လက်နက်တွေ ဝယ်ယူဖို့ နဲ့ ကမ္ဘာ့သံတမန်ရေးမှာ ကျောထောက်နောက်ခံပေးဖို့ ရည်မှန်းချက်အတွက်ထိ ရည်ရွယ်ချက်ထားပြီး ဆက်ဆံခဲ့တာမျိုး မတွေ့ရပါဘူး။

ယမန်နှစ် ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင် နိုင်ငံတကာက ရုရှားကို နိုင်ငံတကာက ဆက်ဆံကြတဲ့ အနေအထားနဲ့ အဲဒီနောက်ပိုင်း ယူကရိန်း ကျူးကျော်မှုနောက်ပိုင်း  ပူတင်ဦးဆောင်တဲ့ ရုရှားဖက်ဒရေးရှင်းကို စီးပွားရေးအရ၊ သံတမန်ရေးအရ ဒဏ်ခတ်မှုတွေ ကမ္ဘာမှာလုပ်ဆောင်လာကြကာ  ရုရှားနိုင်ငံဟာ  အနောက်ဥရောပရဲ့  စစ်ရေးအရ ရန်သူနိုင်ငံသဖွယ် ဖြစ်လာတာပါ။ 

ယူကရိန်းကို ကျူးကျော်ပြီးနောက် ကမ္ဘာမှာ ရုရှားကို ပေါ်ပေါ်ထင်ထင် ဆက်ဆံသူ ထောက်ခံသူ နည်းပါးလာချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေ အဖို့အဆိုပါ အချက်ကို မျက်ကွယ်ပြုပြီး ရုရှားနဲ့ ပိုမိုနီးကပ်အောင် ဆက်ဆံဖို့ ကြိုးစားနေတာတွေ တွေ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်ကို မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ပြီး ပူတင်နဲ့ တွေ့ဆုံခွင့်ရခဲ့တာကို စစ်ကောင်စီ မီဒီယာတွေမှာ တခုတ်တရ ဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ 

အစဥ်အလာအားဖြင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတက်လာတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့  အားပြိုင်မှု၊ ဒေသတွင်းသြဇာရှိဖို့ ကြိုးပမ်းမှုတွေထဲ ယှက်နွယ်မှုမရှိအောင် ရှောင်ခဲ့ကြပြီး အဲဒီလို နိုင်ငံတကာ မဟာဗျူဟာ၊ အားပြိုင်မှုတွေထဲ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိအောင် လွတ်ကင်းအောင် နေခဲ့ကြတာဖြစ်ပါတယ်။ ယခင် တုန်းက စစ်လက်နက်ဝယ်ယူ ရရှိဖို့အတွက် တခုတည်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ကစားပွဲမှာ အသုံးချခံ နယ်ရုပ်တရုပ် အဖြစ်နဲ့ ပါဝင်ခဲ့တဲ့ အစဥ်အလာမတွေ့ခဲ့ရပေမယ့် အခုတကြိမ်စစ်အာဏာသိမ်းအပြီး စစ်ကောင်စီ အနေနဲ့ အဲဒီလို သမိုင်းအစဥ်အလာတွေကို ချိုးဖောက်ပြီး ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံတနိုင်ငံကို ကျူးကျော်သူ အဖြစ်နဲ့ နာမည်ဆိုးနေချိန်လိုမှာ မဟာဗျူဟာ ဆက်ဆံရေးအဆင့်တွေ အထိဆက်ဆံခြင်း၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို ထောက်ခံတဲ့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်ခြင်းအထိ လုပ်ဆောင်ခြင်းဟာ အန္တရာယ်များတဲ့ သံတမန်ရေး ကစားကွက် တကွက်ဖြစ်ပါတယ်။ 

တနည်းအားဖြင့် ရုရှားဟာ အခုအခါ အနောက်ဥရောပမှာ ဘုံရန်သူနိုင်ငံသဖွယ် ဖြစ်လာနေချိန် ဗီလိန်နိုင်ငံအဖြစ် အများက မြင်နေကြချိန်မှာ စစ်လက်နက် ဝယ်ဖို့နဲ့ ကုလသမဂ္ဂလိုမျိုးမှာ ဗီတိုအာဏာသုံးနိုင်တဲ့ ရုရှားနိုင်ငံကို သစ္စာခံပေါင်းသင်းခြင်းဖြင့် မြန်မာနိုင်ငံအတွက် ကျရောက်လာနိုင်တဲ့ အန္တရာယ် အကျိုးဆက်တွေကို ထည့်သွင်းမစဥ်းစားဘဲ လုပ်ဆောင်ချက် တခုဖြစ်ပါတယ်။ 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ဆယ်စုနှစ် ၂ ခုကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ယခင် နဝတ၊ နအဖ စစ်အစိုးရသည်ပင်လျှင် တရုတ်နိုင်ငံကို အားကိုးခဲ့တာ မှန်ပေမယ့် ကမ္ဘာ့အရေး ကိစ္စတွေမှာ ဘက်တဘက် ဝင်ရပ်ပြီး ထောက်ခံတာမျိုး မလုပ်ခဲ့ဘဲ နိုင်ငံကြီးတွေ အားပြိုင်ပွဲတွေကနေလွတ်ကင်းအောင် နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်တွင်းက အရင် စစ်အာဏာရှင် ၂ ဆက်က မြန်မာနိုင်ငံအပေါ် တန်ပြန် အကျိုးသက်ရောက်မှုနည်းမယ့် သံတမန်ရေးအရ ထောက်ခံမှုတွေ သာပြခဲ့တာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ အခု စစ်ကောင်စီလက်ထက်မှာ အခုလို ရုရှား-ယူကရိန်းစစ်ပွဲကို တရားဝင် ထောက်ခံခြင်းဟာ မိုက်မဲခြင်း သို့မဟုတ် ပေါ်ပေါက်လာနိုင်တဲ့ အကျိုးဆက်တွေကို နားမလည်လောက်အောင် နိုင်ငံတကာ ဆက်ဆံရေးကို နားမလည်ခြင်းတို့သာ ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar