Breaking News

ညိုထွန်းလူ - ဆောင်းရက်တို့ကြွေ၍ နွေရက်တို့သစ်ကာစ

Image- Crd
ဆောင်းရက်တို့ကြွေ၍ နွေရက်တို့သစ်ကာစ
ညိုထွန်းလူ
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃

အညာသားများ၏ အညာကိုအလွမ်းဆုံးအချိန်မှာဆောင်းရက်တို့ကြွေ၍ နွေရက်တို့သစ်ကာစ နွေဦးပေါက်
ရာသီဖြစ်သည်။ နေ့တာက မတိုလွန်းမရှည်လွန်း။ ညများက မပူလွန်း မအေးလွန်း။ ရွက်ဝါတို့ကတဖြုတ်
ဖြုတ်ကြွေကျ၍ ရွက်နုတို့ဝေကာစ။ ကြည့်လေရာတွင် မြူတွေကဝိုင်းလျက်။အညာနွေဦးပေါက်က မြူဆိုင်းပုံသည် ရန်ကုန်က မြူဆိုင်းပုံနှင့်လည်းမတူ။ ရှမ်းပြည်မှာလို ဆောင်းဦးနှင့် မြူတို့ထွေး၍ မှိုင်းနေပုံမျိုးမဟုတ်။ တစ်မျိုးတစ်ဘာသာ ဖြစ်ပါသည်။
အညာနွေတွင် ပွင့်သည့်ပန်းတို့ကလည်း စုံပါသည်။ တမာနံ့ကသင်းသင်း။ အင်ကြင်းကနီနီ။ သရဖီက မွှေးမွှေး။ အဆင်းမှာရော အနံ့မှာပါ တစ်မျိုးနှင့် တစ်မျိုးမတူကြ။ တမာသင်းပုံကအနည်းငယ်ရိုင်းသည်။ အင်ကြင်း
ပွင့်ရနံ့က မယဉ်မရိုင်း။ သရဖီကမူ ယဉ်ယဉ်နှင့် မွှေးသောရနံ့ဖြစ်သည်။ ရွက်ဝါလည်းကြွေ မြူခြေလည်းဆိုင်း ပန်းတိုင်းပွင့်ကြသောကြောင့် အညာနွေကို အညာသားများ လွမ်းကြဟန်တူပါသည်။

ညွှန်း-ပုံတောင်ပုံညာသွားတောလား(မြသန်းတင့်)

ဟုတ်ပါသည်။ ကျွန်တော်သည်လည်း အညာသားဖြစ်၍ ဆရာညွှန်းခဲ့သလို အညာနွေကို လွမ်းရသည်။ ဆိုရလျှင် နွေဦး၏ အငွေ့အသက်တွေကို ရလာစကတည်းက ကျွန်တော့်ဆီသို့  အလွမ်းစိတ်တွေ တိုးဝင်လာခဲ့သည်။
ဆရာမြ(မြသန်းတင့်)၏ တမာနုချိန်စစ်တမ်းတွင် ကျွန်တော်သည် တပို့တွဲအကုန် တပေါင်းအကူး အညာကို လွမ်းနေသည်။ နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော် လွမ်းတတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်း ပေးလိမ့်မည် ထင်သည်။ အညာသားက အညာကို လွမ်းခြင်းဖြစ်သည့်
အတွက် အိမ်လွမ်းဝေဒနာဟုလည်းလည်း ခေါ်နိုင်လိမ့်မည် ထင်ပါ၏ဟု တွေ့လိုက်ရ၍သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။ 

ဆရာ့စာကိုဖတ်ရင်းဆရာ၏ အိမ်လွမ်းဝေဒနာကို မြင်တွေ့လိုက်ရသည်။ ဆရာသည် ရန်ကုန်မြို့ပြဝန်းကျင်ထဲမှာ နေထိုင်ရင်း နွေဦးရာသီရောက်လာတိုင်း သူ့ဇာတိမြေကို လွမ်းနေရှာပါလိမ့်မည်။ သို့ရာတွင် ဆရာ့ခမျာ လွမ်းသာလွမ်းနေရသော်လည်း သူအလွမ်းဆုံးဖြစ်သည့် နွေဦးပေါက်ချိန်ရောက်တိုင်း သူ့ဇာတိမြေသို့ တစ်ခေါက်တစ်လေမျှ သွားနိုင်ခဲ့ဟန်မတူပါ။
လူတိုင်းလူတိုင်း အကြောင်းကြုံဆိုက်လာလျှင် ကိုယ့်ဇာတိမွေးရပ်မြေကို အမှတ်မထင် သတိရမိတတ်သည်။ထိုအခါ သတိရခြင်းနှင့်အတူ အလွမ်းစိတ်တွေရောက်လာတတ်သည်။လွမ်းချင်စရာဖြစ်လာရအောင်လည်း အတိတ်ကာလထဲမှာကိုယ့်ငယ်ဘဝတွေ ရှိနေခဲ့၏။
ကျွန်တော်လည်း ဆရာမြနည်းတူ နွေဦးပေါက်ချိန်ရောက်တိုင်း အိမ်လွမ်းဝေဒနာကို ခံစားရစမြဲ။
သို့သော်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ပြင်းထန်သည့်ခံစားချက်မျိုးတော့ မရှိခဲ့ပါ။ ကျွန်တော့်ငယ်ဘဝသည် ရွာမှာတစ်စိတ်တစ်ပိုင်းရှိခဲ့ပြီး မန္တလေးမှာ လူလားမြောက် ကြီးပြင်းခဲ့ရသည်။ မန္တလေးသည် အညာရပ်ဝန်းဒေသထဲမှာပဲတည်ရှိနေ၍ နွေဦးရောက်လာတိုင်း ရွာကငယ်ဘဝနှင့်အိမ်လွမ်းဝေဒနာသည် ရေးရေး ရိပ်ရိပ်မျှသာရှိတော့သည်။ 
ကျေးလက်ဆန်သောမန္တလေး၏ အညာနွေဦးသည် ကျွန်တော့်အား လွမ်းတချင်စရာကောင်းလောက်အောင် ညှို့ငင်နေလျက်။
နွေဦးရာသီကို မန္တလေးနှင့်အတူ နှစ်ခြောက်ဆယ်နီးပါး ကျွန်တော်ဖြတ်သန်းလာခဲ့ပြီးလေပြီ။ သည်တော့လည်း မန္တလေးသည် ကျွန်တော့်၏အိမ်။ စိတ်လက်ပေါ့ပါး ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့သည့် လောကဝန်းကျင်။ နွေဦးပေါက်ချိန်ရောက်တိုင်း ရဲပတောင်းထအောင် ပွင့်နေကြသည့်လက်ပံပွင့်တွေကို တွေ့ချင်မြင်ချင်၍ ဧရာဝတီမြစ်နဘေးက ကမ်းနားလမ်းဆီသို့ သွားခဲ့သည်။ 
ညနေစောင်းမှာတော့ အောင်ပင်လယ်ကန်ပေါင်ရိုးပေါ်မှ အောက်ခြေမှာ မြူတွေ သွယ်တန်းနေသည့်ရှမ်းရိုးမကြီးကိုငေးကြည့်နေမိတတ်သည်။
သည်မြင်ကွင်း သည်ရှုခင်းတွေက တစ်နှစ်တစ်ကြိမ်နွေဦးပေါက်ချိန်ရောက်မှ ကြုံရသော်လည်း မည်သည့်အခါမျှရိုးအီ၍မသွား။ အမြဲတန်းဆန်းသစ်နေပြီး ခံစားနေရစမြဲ လွမ်းနေရစမြဲ။

ပြီးတော့ နွေဦးပေါက်ချိန်ရောက်မှ စားရသည့် သမုန်းပွင့်၊ ပေါက်ပန်းဖြူပွင့်နှင့် ထနောင်းရွက်သုတ်တွေကိုလည်း မက်မက်မောမောရှိလှသည်။ ကျွန်တော်ကြိုက်မှန်းသိ၍ ရွာကညီမတွေကလည်း လူကြုံဖြင့်ပို့ပေး
သည်။
တခါတော့ အကိုရေ တမာချဉ်တယ်ထားတယ် အကိုစားချင်ရင်ပို့ပေးလိုက်မယ်ဟု ပြောလိုက်၍ နေပါစေဟာ မပို့ပါနဲ့တော့ဟု တားလိုက်ရသည်။ ငပိရည်နှင့်တမာရွက်အတို့ကို ကျွန်တော်ကြိုက်သော်လည်း အသက်အရွယ်အရ ကျွန်တော်မစားရဲတော့။
ကျွန်တော်စာပေဟောပြောပွဲတွေကို နေရာအနှံ့သွားခဲ့သည်။မကွေးတိုင်း မြောက်ပိုင်းရှိ ဆော ကျောက်ထု 
ထီးလင်း ဂန့်ဂေါဒေသတွေ။ စစ်ကိုင်းတိုင်းကတော့ မော်လိုက် မင်းကင်းနှင့်တမူးမြို့မှလွဲ၍ နေရာအစုံရောက်ခဲ့သည်။ သွားခဲ့သည့်အရပ်ဒေသတွေကလည်း အညာဓလေ့ ရွာဓလေ့တွေနှင့် အညာအငွေ့ အသက်တွေ လွှမ်းခြုံထား၍ ကျွန်တော့်အတွက်ကိုယ့်ရွာ ကိုယ့်အရပ်ဒေသဆီသို့ ပြန်ရောက်သွားသလိုဖြစ်သွားခဲ့သည်။ ဟောပြောပွဲ
ပြီး၍ အချိန်တန်အိမ်ပြန်လာခဲ့ရသော်လည်း ကိုယ်ရောက်ခဲ့သည့် အရပ်ဒေသတွေဆီက ချစ်ခြင်းနှင့်အလွမ်းစိတ်သည် ကျွန်တော်နှင့်အတူ တစ်ပါတည်း ပါလာခဲ့ကြသည်။ 

ငယ်စဉ်တုန်းကတော့ အလွမ်း၏အနက်အရှိုင်းကို သိပ်နားမလည်ခဲ့ပါ။ အဖေနှင့်အမေက ရွာအကြောင်းကို လွမ်းလွမ်းတတ ပြောကြတော့ သူတို့ကွယ်ရာမှပြုံးနေရင်း အမေတို့ကတော့ လွမ်းစရာမရှိ ကြံဖန်ပြီး လွမ်းနေကြတော့တာပဲဟု ရူးရူးမိုက်မိုက်တွေးခဲ့ဖူးသည်။ ယခုတော့ ကျွန်တော်ကိုယ်တိုင်ခံစားရ လွမ်းလာခဲ့ရသည်။ သည်တော့မှ ဆရာမြ (ဆရာမြသန်းတင့်)၏အိမ်အလွမ်းဝေဒနာကို ကိုယ်ချင်းစာ နားလည်သွားခဲ့ရတော့သည်။ 

ကျွန်တော့်စိတ်အာရုံတွေက အဝေးဆီသို့ လွင့်ပါးသွားခဲ့ပြန်သည်။ စာပေဟောပြောပွဲ ထွက်ခဲ့သည့်အရပ်ဒေသတွေနှင့်ရွာတွေကိုသတိရလိုက်သောအခါ ရင်ထဲမှာတင်းကြပ်သွားခဲ့ရသည်။ စစ်မီးတောက်နေ၍ ခြေဦးတည့်ဦးရာပြေးလွှားနေကြရသည့်သတင်းတွေက ကျွန်တော့်နှလုံးသားကို ချွန်ထက်သည့်အရာနှင့် အဆက်မပြတ် ထိုး
နှက်သလို နာကျင်နေခဲ့၏။ 
ဆိုးသတင်းတွေက နေ့စဉ်နှင့်အမျှ မကြားချင်မသိချင်ဘဲ ကြားနေရ သိနေရသည်။ ခေတ်ကပေးလိုက်သည့် သည်လိုဆိုးရွားသည့်အဖြစ်မျိုးကို ကြုံတွေ့ရမည်ဟု တခါမျှမတွေးခဲ့။ နေရေးဆိုတာကို ခဏထားလိုက်ဦး၊အရိပ်လို နောက်မှတကောက်ကောက်လိုက်နေသည့် သေရေးထဲမှ လွတ်အောင်ပြေးနေကြရသည့် အညာဒေသက လူတွေ ဘဝတွေ။ 
ထိုအခါ ဘယ်မှမသွားဖြစ်ဘဲ ကိုယ့်အိမ်ထဲမှာပဲနေသည့် ကျွန်တော့်ရင်ထဲမှာအလွမ်းတွေ လွင့်ပျောက်သွားခဲ့ရပြီး နာကျင်ကြေကွဲရတာတွေက အစားထိုးဝင်ရောက်လာခဲ့သည်။ ကြုံတွေ့ရင်ဆိုင်နေရသောခေတ်သည် ကျွန်တော်တို့ ငယ်စဉ်ကဖြတ်သန်းခဲ့ရသည့် ခေတ်လို မရိုးရှင်းခဲ့။ မြန်ဆန်ပြီးအကွေ့အကောက်တွေကလည်းများလှသည်။ 
တစ်ရက်က ညီငယ်တစ်ယောက်လို ခင်မင်နေသည့် မိတ်ဆွေတစ်ယာက်နှင့်တွေ့သည်။ သူ့ဇာတိရွာကိုလည်း စာပေဟောပြောပွဲဖြင့် ကျွန်တော်ရောက်ခဲ့ဖူးသည်။ သူက ...
"ရွာမှာနေလို့မရတော့လို့ အမေ့ကို ဒီမှာပဲခေါ်ထားရတော့တယ်။ အမေကတော့ ရွာကိုသံယောဇဉ်ကြီးလွန်း
တော့ ဘယ်လိုက်ချင်ပါ့မလဲ။ သေရမယ့်အချိန်လည်း ရောက်နေပြီ၊ လူလိုသူလိုမသေရလည်း ကိစ္စမရှိပါဘူးကွယ်၊ ဘယ်လိုပဲသေရသေရ ရွာမှာပဲသေတော့မယ်ကွယ်ဆိုပြီးပြောနေလို့ မနည်းဇွတ်ခေါ်လာရတယ်။ 
ဒါပေမယ့်ဗျာ အမေက ဒီကိုရောက်လာတော့လည်း ဘယ်သူတွေတော့ ရှိပါ့ဦးမလား၊ ဘယ်ဝါတော့ဒုက္ခရောက်နေပြီထင်ရဲ့ ၊ ကျန်းမာရေးကလည်း ကောင်းရှာတာမဟုတ်ဘူးဆိုပြီး သူ့စိတ်ထဲမှာပေါ်လာတဲ့ ရွာကလူတွေရဲ့အကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ပြောနေတယ်။ ညနေရောက်ပြီဆိုရင် စကားမပြောတော့ဘဲ ရွာရှိတဲ့နေရာဆီကိုပဲ ငေးနေတယ်။ စိတ်ဒဏ်ရာရပြီး ရွာလွမ်းစိတ်ကလည်းရှိနေတော့ နောက်နှစ်လလောက်ကြာရင်
ရွာပြန်လို့ရပါပြီအမေရယ်လို့ ဟုတ်ဟုတ် မဟုတ်ဟုတ် အမေစိတ်ချမ်းသာအောင် ပြောလိုက်ရတာပေါ့ဆရာ
ရယ် "
သူ့စကားဆုံးတော့ ဘာပြောရမှန်းမသိတော့ဘဲ အေးကွာဟူ၍သာ ဆိုလိုက်မိသည်။ 

သူ့မိခင်၏ ဆုံးရှုံးမှုအတိုင်းအတာကကြီးမားလွန်းလှသည်။ စိတ်ဖြေသိမ့်ဖို့လည်း မလွယ်ပါ။ သို့ရာတွင် သူ့မိခင်ခမျာ ရွာကိုချစ်စိတ်ဖြင့် လွမ်းနေရင်း တစ်နေ့တချိန်မှာ ရွာကိုပြန်ရောက်လျှင်ဖြင့် ကိုယ့်မြေကိုယ့်နေရာကလေးမှာ တဲထိုးပြီးနေရ နေရ နေလိုက်မဟဲ့ ဟု မျှော်လင့်ချက်တွေရှိနေမှာမလွဲပါ။ 
ဤသည်ပင် ကိုယ့်မြေကိုယ်ဇာတိကို ချစ်မြတ်နိုးစိတ်နှင့် ဘဝကိုတွယ်တာခြင်းကို ဖော်ပြနေလျက်ရှိသည်။ 
ထို့အတူ အခြေအနေအရ ရွာကိုစွန့်ခွာခဲ့ကြရသူတွေအားလုံးကလည်း သည်အချိန်မှာတော့ သူတို့ရွာတွေကို ထိ
ခိုက်နာကျင်စွာဖြင့် လွမ်းနေကြပါလိမ့်မည်။
တကယ်တော့ ဒုက္ခဖြစ်စေသည့် အကြောင်းတရားကို သိနေကြသော်လည်း ကျွန်တော်တို့သည် အလွမ်းတွေ
ကို လွှတ်ချထားခဲ့ဖို့ စိတ်မကူးခဲ့ကြ။ ချစ်မြတ်နိုးစွာဖြင့် လွမ်းကြပါမည်။ ကြေကွဲခံစားရင်းဖြင့်လည်း လွမ်းကြပါလိမ့်မည်။ 
ညနေခင်းရောက်လာ၍ နေအလင်းရောင်က အားဖျော့လာခဲ့၏။ မြူတွေရောထွေးလာခဲ့၍ ပတ်ဝန်းကျင်မြင်
ကွင်းသည် လင်းရာမှ ‌အမှောင်ဆီသို့ ကူးပြောင်းဖို့ဟန်ပြင်နေလေပြီ။ သည်လိုနှင့် တစ်နေဝင်၍ တစ်နေ့တာ
ကုန်ဆုံးသွားတော့ဦးမှာပေါ့။ မည်သို့ပင်ဖြစ်စေ မနက်ဖြန်ဆိုလျှင်တော့ တပို့တွဲကုန်၍ တပေါင်းသို့ရောက်လာတော့မည်ဖြစ်သည်။ သည်တော့လည်း တပို့တွဲအကုန် တပေါင်းအကူး နွေဦးပေါက်ချိန်မှာ အညာကိုလွမ်းနေသည့်ဆရာ့ကိုလည်း သတိရနေမိပြန်သည်။
*
(၁၈.၂.၂၀၂၃) ဆရာမြသန်းတင့်ကွယ်လွန်ခြင်း၂၅နှစ်ပြည့် အမှတ်တရ။
ညိုထွန်းလူ