Breaking News

စစ်အုပ်ချုပ်ရေးက တဖက်၊ ကြားကာလအုပ်ချုပ်ရေးက တဖက်နဲ့ အသံတိတ်သပိတ် ပြည်သူ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၃၊  ၂၀၂၃


စစ်အုပ်ချုပ်ရေးက တဖက်၊ ကြားကာလအုပ်ချုပ်ရေးက တဖက်နဲ့ အသံတိတ်သပိတ် ပြည်သူ

ဖေဖော်ဝါရီ ၂ ရက် စစ်ကောင်စီထုတ်ပြန်ချက်မှာ "ပုံမှန်အခြေအနေမဟုတ်တဲ့" မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ် လေးခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာပါတယ်။  စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ မွန်ပြည်နယ်က ၁ မြို့နယ်၊ ကရင်ပြည််နယ်က ၂ မြို့နယ်နှင့် ကယားပြည်နယ်က ၄ မြို့နယ်တို့ ပါဝင်ပါတယ်။ သည်နယ်မြေတွေမှာ စစ်ကောင်စီဘက်က လေတပ်နဲ့ စစ်အင်အားသုံး အကြမ်းဖက်မှုတွေ တိုးမြှင့်နေပြီး ပြည်သူတွေဘက်က ခုခံကာကွယ်နေရတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF ရဲဘော်များသို့ မိန့်ခွန်းပြောကြားချက်မှာလည်း - အခုဆိုရင် PDF တပ်မတော်မှာ တပ်ရင်း (၃၀၃)ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အနေနဲ့ မြို့နယ်ပေါင်း (၂၆၀) မှာ ဖွဲ့စည်းထူထောင်နိုင်ခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ ပကဖတွေ ပအဖတွေ၏ စုဖွဲ့မှုတွေ ဝင်ရောက်လာပြီ ဆိုရင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနဲ့ ပြန်လည်တုံ့ပြန်ဖို့ ခြေလှမ်းစတယ်လို့ ဆိုနိုင်ပါတယ်။ နွေဦး ၂ နှစ်ပြည့်ချိန်မှာ စစ်ကောင်စီဘက်က အရှိတရားကို လက်ခံအတည်ပြုပေးလိုက်ရပြီလို့ ဆိုနိုင်ပါတယ်။

"၂၀၂၃ ခုနှစ်သည် တော်လှန်ရေးကို တဆစ်ချိုး၍ ပိုပိုပြီး‌ ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် အဓိကကျသည့် အုပ်ချုပ်ရေးပိုင်းတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းပြီးနောက် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလာနိုင်ခဲ့ကြောင်း၊  တော်လှန်ရေးသည် မြေပြင်တွင် ဦးစီးဦးဆောင်ကာ ဆောင်ရွက်နေကြသူများ၏ စွန့်လွှတ်စွန့်စားမှု၊ ကြိုးပမ်းအားထုတ်မှုသည် အားလုံး၏ ခွန်အားဖြစ်ကြောင်း"ဝန်ကြီး ဒေါက်တာတူးခေါင်က ပြောကြားလိုက်တယ်လို့လဲ ရေဒိယိုအင်န်ယူဂျီမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်ကောင်စီက တဖက်ကလည်း စစ်အုပ်ချုပ်ရေးနဲ့ တပြည်လုံး ဆက်အုပ်ချုပ်ဖို့ ၆ လ သက်တမ်း တိုးပါတယ်ဆိုပေမဲ့ တဖက်ကလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖယ်ရှားပစ်နိုင်ဖို့ ၂၀၂၃ စစ်ကောင်စီ၏ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ ကြိုးပမ်းနေတာကိုလည်း ငြင်းမရပါဘူး။ အဲသည်အတွက် နိုင်ငံရေးပါတီများအတွက် ညွှန်ကြားချက်တွေ လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားတာမို့ ပြည်တွင်းမှာ ရပ်တည်နေတဲ့ နိုင်ငံရေးပါတီများက စစ်ကောင်စီအလိုကျ ဆက်လုပ်မလား၊ သူတို့ရပ်တည်မှုတွေကို ရပ်ဆိုင်းပစ်ကြမလား တချိန်မှာတော့ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီကိုယ်တိုင်ကတော့ သူ့လက်ထဲက ဥပဒေတွေ နည်းပဒေတွေကို သားရေကွင်းလို ချုံ့ ချည် ချဲ့ ချည် လုပ်နိုင်တာမို့ သူတို့လက်ခုပ်ထဲက ရေလိုဖြစ်နေတဲ့ ပြည်တွင်းကပါတီတွေရဲ့ ကံကြမ္မာက ၂၀၁၀ စစ်အုပ်စုဝင် သိန်းစိန်၏ ကြံ့ခိုင်ရေးပါတီခေတ်တုန်းကထက် မှုန်မှိုင်းနေတယ်လို့ ဆိုနိုင်ပါတယ်။

နွေဦးတော်လှန်ရေး၏ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ CRPH ကနေ ကြီးမှူးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုလည်း ၂ နှစ်ပြည့်အမီ ကျင်းပနိုင်ခဲ့ကြတာကို ထုတ်ပြန်ခဲ့ပါတယ်။  တက်ရောက်သူ အမတ်ဦးရေ ၂၃၇ ဦး၊ ၅၈ % ကျော် နဲ့ ကျင်းပနိုင်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  ဖေဖော်ဝါရီလ (၂) ရက် နေ့ နံနက် ၁၀ နာရီတွင် ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယနေ့နှင့် နောက်ဆုံးနေ့အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြီးစီးတယ်လို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေး၏ အစိတ်အပိုင်းတခုဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်တရပ် ရပ်တည်လည်ပတ်နေတာကို  symbolic လက္ခဏာတခုအဖြစ် ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ ကာလုံအစည်းအဝေး ခေါ်ဆိုတဲ့ လက္ခဏာချင်း နှိုင်းယှဉ်ကြည့်တဲ့ အကဲခတ်တွေကတော့ စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေးအရ အားနည်းပြီး စစ်အာဏာရှင်အားကောင်းနေပုံသာ မြင်ရတာမို့ သူတို့ဘက်မှာ လူထု ထောက်ခံမှု မရှိတာ ထင်ရှားတယ်လို့ ထောက်ပြကြပါတယ်။

လူထုထောက်ခံမှုဟာ စစ်ကောင်စီဘက်မှ လုံး၀မရှိတာက နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်မှာ ထုတ်ဖော်လိုက်တဲ့ အသံတိတ်သပိတ် အောင်မြင်မှုက ထင်ရှားပြီးသား ဖြစ်ပါတယ်။ တတိုင်းပြည်လုံး၏ တခဲနက်သော တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကြီးဟာ မြန်မာပြည်သူလူထုက စစ်ကောင်စီကို လုံး၀အလိုမရှိဘူးဆိုတာ symbolic သက်သေလက္ခဏာတရပ် ထုတ်ပြတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို မလွန်ဆန်နိုင်လို့ သူတို့နဲ့ အနီးကပ်ဆုံး ရပ်တည်နေကြသူတွေကိုယ်တိုင်ကလည်း အသံတိတ်သပိတ်ကို ဝင်ရောက်ဆင်နွှဲနေကြတယ်ဆိုတာကိုလည်း ပြသလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုအားလုံးကိုယ်တိုင်က စစ်အာဏာရှင်ကို မထောက်ခံဘူး၊ ဆန့်ကျင်ကြတယ်၊ ကျရာ ရောက်ရာ ထောင့်တွေကနေ တွန်းလှန်နေကြတယ် ဆိုပေမယ့် အချို့သောပြည်သူတို့မှာကတော့ အသက်အိုးအိမ်ကို စိုးရိမ်ကြောင့်ကြမှု ကြောက်ရွံ့မှု အတိုင်းအတာအလိုက် တော်လှန်ရေးအပေါ် လိုက်ပါ ဆောင်ရွက်မှု ရေချိန် နည်းတာ အကန့်အသတ်ရှိတာကို တော်လှန်ရေးခေါင်းဆောင်တွေ အင်အားစုတွေက နားလည်ပေးကြလိမ့်မယ် ထင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar