ကိုအောင်မှိုင်း - ရိုးစင်းတဲ့ ကဗျာဆရာ
ကိုအောင်မှိုင်း - ရိုးစင်းတဲ့ ကဗျာဆရာ
(မိုးမခ) ဖေဖော်ဝါရီ ၃ ၊ ၂၀၂၃
ကဗျာတွေးရင်း
ကဗျာဆရာ့ခေါင်း
မီးထတောက်ရဲ့
ရိုးစင်းတဲ့ကဗျာဆရာ ဖြစ်ချင်တယ်။
ကဗျာရေးရင်း
ကဗျာဆရာ့လက်
အသစ်ထွက်ရဲ့
ရိုးစင်းတဲ့ ကဗျာဆရာ ဖြစ်ချင်တယ်။
လေယာဥ်မြင်တိုင်း
စိတ်ရိုင်းဝင်ကာ
ဓားနဲ့နုပ်နုပ်ပိုင်း
သင်္ချိုင်းပို့ချင် နေလေရဲ့။
ဒို့ တိုင်းဌာနီ
မွေးရပ်ဆီမှာ
မျိုးဆက်တို့သွေး
မခြောက်သေးသ၍
ပန်းတွေလဲ မပွင့်ကြ
ငှက်တွေလဲ တေးမဆိုကြ
မိုးစက်တွေလဲ ရေမဖြစ်ကြ။
သူမျှော်ငါမျှော်
လွတ်လပ်ဖို့မျှော်
သူအော် ငါအော်
လွတ်လပ်ဖို့ အော်
သူဆော် ငါဆော်
လွတ်လပ်ဖို့ဆော်
တသံတည်းညီ
တချီတည်းရုန်း
စစ်မျိုးတုံးအောင်
စစ်မောင်းသံပေး
ငြာသံတေးနဲ့ စစ်ထိုးကြ။
လွတ်မြောက်ရာလမ်း
ပန်းခင်းမထားဘူး
လွမ်းရင်းမနားဘူး
ဓားမိုးတဲ့ခေတ်ဆိုး
ဓားတွေကို ရိုက်ချိုး
ရှေ့တလှမ်းချင်းတိုး
စစ်ကိုပျိုးလို့ စစ်ထိုးကြ။
တပ်ဦးက
ကဗျာဆရာ
အလံကိုင်ပါ
အလံရိုးကို
တင်းတင်းဆုပ်ပါ
လေမှာဝှေ့ယမ်း
တော်လှန်ပန်းကို
ပင်လုံရွာမှာပျိူးပါ
ကဗျာဓားကို ထုတ်ပြီး
တောထုတ်ပစ်လိုက်စမ်းပါ။
ရန်သူတကာ
ကြောက်ဒူးတုန်ပါစေ
မိတ်ဆွေအပေါင်း
ရွှင်လန်းကြပါစေ
အလံကိုင်ရွေးပွဲ
သူရဲကောင်းရွေးပွဲ
အာဇာနည်ရွေးပွဲ
ပွဲတိုင်းမှာမော်ပါစေ
ပွဲတိုင်းမှာ တော်ပါစေ
ပွဲတိုင်းမှာ ကျော်ပါစေ။
ဒါမှ
ရိုးရှင်းတဲ့ကဗျာဆရာ ဖြစ်မယ်။