Breaking News

စစ်အုပ်ချုပ်ရေးက ဘာတွေ ထူးခြားမလဲ


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၃ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၄၊  ၂၀၂၃


စစ်အုပ်ချုပ်ရေးက ဘာတွေ ထူးခြားမလဲ

စစ်ကောင်စီက ၆ လ သက်တမ်းတိုးအပြီးမှာ ဆက်တိုက်ဆိုသလို စစ်အုပ်ချုပ်ရေး မြို့နယ် ၃၇ ခုကို ကြေညာလိုက်ပါတယ်။ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က စာမျက်နှာ ၃၀ လောက်ရှည်လျားတဲ့ ပြီးခဲ့တဲ့ ၂ နှစ်အခြေအနေ စစ်အာဏာမသိမ်းမီအချိန်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မဲစာရင်းနဲ့ ပတ်သက်တဲ့ စစ်တပ်ရဲ့ စောဒက တိုင်ကြားမှုတွေ အကြောင်းတွေကို ရှည်လျားစွာ အစီရင်ခံခဲ့တာ တွေ့ရပါတယ်။ 

ကာလုံကို အစီရင်ခံတဲ့အထဲ လက်ရှိနိုင်ငံရဲ့ လုံခြုံရေး အခြေအနေဆိုတဲ့ အပိုင်းမှာ မြို့နယ် ၆၅ မြို့နယ်ကို လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ် ဖေါ်ပြထားတာတွေ့ရပါတယ်။ အခု စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေဟာ အဆိုပါ ၆၅ မြို့နယ်ထဲက ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ 

စစ်အာဏာသိမ်းပြီးခါစ မတ်လ လယ်မှာ ရန်ကုန်မြို့မှာ ၆ မြို့နယ် အဲဒီနောက် မန္တလေးမြို့မှာ ၅ မြို့နယ်ထုတ်ပြန်ခဲ့ပြီး မေလဝန်းကျင်က ချင်းပြည်နယ် မင်းတပ်မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် စစ်အုပ်ချုပ်ရေး ကြေညာတာ ထပ်မရှိတော့ပေမယ့် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက စစ်အုပ်ချုပ်ရေး နဲ့ လုပ်ဆောင်တာတွေထက်ကို ဥပဒမဲ့ သတ်ဖြတ်တာ ၊ ဖမ်းဆီးတာ နှိပ်စက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အထက်မှာ ဖေါ်ပြထားတဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၁ဒါဇင်ကျော်မှာ ဘာတွေ ထူးခြားလဲဆိုတာ ပြန်သုံးသပ်ကြည့်ရင် နိုင်ငံရေး လှုပ်ရှားမှု၊ လက်နက်ကိုင် တိုက်ခိုက်မှုစတာတွေနဲ့ ပတ်သက် ဖြစ်ပွားတဲ့ အမှုအခင်းတွေကို စစ်ခုံရုံးက အကျဥ်းနည်းနဲ့ စစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ် ချမှတ်တာမျိုးတွေ ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ 

သေဒဏ်အမိန့်ချမှတ်မှုတွေဟာ စစ်ခုံရုံးနဲ့ ချမှတ်တာ အများစုဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာဆိုရင် လှိုင်သာယာ၊ မြောက်ဥက္ကလာ ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေ ဒလန်လို့ စွပ်စွဲသတ်ဖြတ်မှုတွေ နဲ့ စွဲဆိုပြီး သေဒဏ်ချမှတ်ခဲ့တဲ့ အမှုတွေ အများအပြားက စစ်ခုံရုံးက ချမှတ်ခဲ့တာတွေ ဖြစ်ပါတယ်။ 

စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာပြီးရင် လုပ်ရိုးလုပ်စဥ်အရ စစ်ခုံရုံးက စီရင်ခွင့်ရှိတဲ့ ဥပဒေပုဒ်မ အမျိုးအစား ၂၃ မျိုးကို ကြေညာကာ အဲဒီ ဥပဒေပုဒ်မတွေ ကို စစ်ခုံရုံးက စီရင်ခွင့်ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နိုင်ငံရေး ဆန့်ကျင်မှု လက်နက်ကိုင် တိုက်ခိုက်မှု နဲ့ဆက်နွယ်တာတွေကို စစ်ခုံရုံးက စီရင်ဖို့လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ 

ကိုဂျင်မီနဲ့ ကိုဇေယျာသော်၊ လှိုင်သာယာက ကိုအောင်သူရဇော်နဲ့ အခြားတဦး တို့ကို သေဒဏ်စီရင်ခဲ့တာလည်း စစ်ခုံရုံးကပဲ ဖြစ်ပါတယ်။ 

စစ်ခုံရုံးက ပုံမှန် အရပ်ဘက် တရားရုံးတွေလို ၂ ဖက်သက်သေတွေ စစ်ဆေးတာ၊  အပြန်အလှန်လျှောက်လှဲတာ၊ တရားရင်ဆိုင်ရသူက ရှေ့နေငှားရမ်းခွင့် စတဲ့အခွင့်အရေးတွေ အပြည့်အဝပေးစရာ မလိုတဲ့ သဘောလည်းဖြစ်ပြီး အကျဥ်းနည်းနဲ့ စစ်ဆေးစီရင်တယ်လို့ ဆိုတဲ့ တရားလိုတင်ပြတဲ့ သက်သေစစ်ဆေးပြီး အပြစ်ရှိမရှိကို မေးမြန်းရုံမေးမြန်းကာ စီရင်ချက်ချမှတ်တဲ့ သဘောမျိုးဖြစ်ပြီး သက်ဆိုင်ရာစွဲဆိုတဲ့ ပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်တဲ့ သဘာဝလည်း ဖြစ်ပါတယ်။ ချမှတ်ခံရတဲ့ အမိန့်ကို အရပ်ဘက်တရားရုံးအဆင့်ဆင့် အယူခံဝင်ခွင့်မရှိပဲ စစ်တပ်ဘက်က အကြီးဆုံးဆီ ပြင်ဆင်ချက်လျှောက်တာ၊ အသနားခံစာတင်တာသာ ရှိတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် စစ်အုပ်ချုပ်ရေးအောက်မှာ စစ်တပ်က အုပ်ချုပ်ရေးကို အပြည့်အဝ ချုပ်ကိုင် တာဝန်ယူတာတင်မကပဲ အဲဒီဒေသထဲမှာ ဖြစ်ပွားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုအခင်းကိစ္စတွေမှာ ခုခံပိုင်ခွင့်၊ သက်သေတင်ပြခွင့် စတဲ့ အခွင့်အရေးတွေ ထပ်မံဆုံးရှုံးပြီး အဆင့်ဆင့် အယူခံခွင့်လည်း ဆုံးရှုံးတဲ့ သဘောဖြစ်ပါတယ်။ 

ဒီလို ဆိုလို့ အခုလည်းပဲ စစ်ဖြစ်ပွားရာ နေရာတွေမှာ ၊ စစ်ကြောင်းထိုးတဲ့အခါ ကျေးရွာတွေမှာ သတ်ချင်ရင် သတ်နေတာ၊ ဖမ်းချင်ရင် ဖမ်းနေတာတွေ ရှိနေပြီးဖြစ်လို့ ပိုထူးမလာဘူး မဟုတ်လား လို့ စောဒက တက်ကောင်းတက်နိုင်ပါတယ်။ စစ်ကိုင်းမှာ ကယားမှာ မကွေးတိုင်းအထက်ပိုင်း တို့မှာ သတ်ချင်သတ်နေတဲ့ အနေအထားဖြစ်လို့ မထူးဘူးဆိုတာလည်း အတိုင်းအတာတခု အထိ မှန်ပေမယ့် စစ်အုပ်ချုပ်ရေးနောက်မှာ ပိုပြီးတရားလက်လွတ် လုပ်ခွင့်ပေးထားသလို ဖြစ်စေလိမ့်မယ် ဆိုတာကို ရှင်းလင်းပြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

PDF လို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အဖို့ လက်နက်ကိုင် တိုက်ခိုက်သူတွေအတွက် ဥပဒေကြောင်းက သိပ်အရေးမပါပေမယ့် ကျန်အရပ်သားတွေကို နိုင်ငံရေးဆန့်ကျင်မှုတွေနဲ့  လက်နက်ကိုင်တိုက်ခိုက်မှုတွေကို မထောက်ခံဖို့ မပတ်သက်ဖို့  စစ်ကောင်စီက တိုးမြှင့်ခြိမ်းခြောက်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ပါဝင်ပတ်သက်မှု ထောက်ခံမှု အနည်းငယ်မျှ ရှိရုံနဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်မယ်ဆိုတဲ့ သတင်းစကားမျိုးလို့လည်း ယူဆရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar