မောင်ဆောင်းခ - တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်ဖို့ လိုတယ်
မောင်ဆောင်းခ - တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်ဖို့ လိုတယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃
နွေဦးတော်လှန်ရေးကာလမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နှစ်နှစ်တာကာလအတွင်း ရုန်းကန် ပေးဆပ်ရမှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေနဲ့အတူ တဖြည်းဖြည်း စနစ်ကျလာ၊ စစ်ပါးဝလာကြာတာကို ဝမ်းသာဖွယ် တွေ့မြင်လာရပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ မိမိကိုယ်ကိုယ် တော်လှန်ရေးစစ်သားတယောက်အဖြစ် ခံယူနိုင်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။ တော်လှန်ရေးစစ်သားတယောက်လို ခံယူကျင့်သုံးပြီး စစ်ကို စစ်နဲ့တူအောင်င တိုက်နိုင်မှ ဒီတိုက်ပွဲက အောင်ပွဲရနိုင်မှာ ဖြစ်ပါတယ်။ ရေရှည်အတွက် မစဉ်းစားဘဲ ခံစားချက်သက်သက်နဲ့ လက်နက်ကိုင်နေတာပဲဆိုရင် ကျနော်တို့ အချိန်မီ ပြင်ဆင်ဖို့ လိုပါပြီ။ ကျနော်ကိုယ်တိုင်လည်း အရင်က စစ်ဆန့်ကျင်ရေး ကဗျာဆရာ၊ လူ့အခွင့်အရေး တက်ကြွလှုပ််ရှားသူဘဝကနေ လက်နက်ကိုင်လမ်းစဉ်ကို ခက်ခက်ခဲခဲ ရွေးချယ်ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင် စစ်သားတယောက်လို လေ့ကျင့်ခံယူပြီး စစ်တပ်တခုကို ကြိုးစားတည်ဆောက်နေနရင်း စစ်တပ် ယဉ်ကျေးမှုကို နားလည်လာမိတာတွေ ရှိခဲပြီး ပြန်လည်ဝေမျှလိုတဲ့ ဆန္ဒလည်း ဖြစ်မိပါတယ်။ ဒီဆောင်းပါးမှာတော့ တော်လှန်ရေးစစ်သားကောင်းတယောက် ဖြစ်ဖို့ အဓိက လိုအပ်တဲ့ အချက် ၃ ချက်ကို ပြန်လည်ဝေမျှလိုပါတယ်။
၁။ အမိန့်နာခံမှုကောင်းခြင်း
အမိန့် လို့ ပြောလိုက်ရင် လူငယ်တွေအနေနဲ့ လက်ခံဖို့ အတော်ခက်ခဲနေကြတာကို တွေ့ရတတ်ပါတယ်။ “မတရားတဲ့ အမိန့်အာဏာတွေကို မလိုက်နာဘဲ အာခံဆန့်ကျင်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန် ဖြစ်တယ်” ဆိုတဲ့ Henry David Thoreau ရဲ့ အယူအဆကို မှီငြမ်းပြီး ဟံသာဝတီဦးဝင်းတင်က “မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး ပြောခဲ့တဲ့စကားက မြန်မာ့နိုင်ငံရေးလောကမှာ အတော်နာမည်ကြီးပါတယ်။ အဲဒါကို တချို့လူငယ်တွေက လိုရာဆွဲ အသုံးချပြီး “အာဏာရှင်ကို မုန်းလို့ တော်လှန်ရေး လာလုပ်ပါတယ် ဆိုမှ အမိန့်တွေ၊ အာဏာတွေနဲ့ လာချုပ်ကိုင်နေတယ်” ဆိုတာမျိုး ပြန်ပြောတတ်ကြပါတယ်။ အခုခေတ်မှာ လွတ်လပ်တဲ့ လူငယ်တိုင်းဟာ မိဘစကားကို နားထောင်ချင်မှ နားထောင်ကြတာ ဆိုတော့ ကျနော် အပါအဝင် ဘယ်သူကမှတော့ တစုံတယောက်က ကိုယ့်ကို အမိန့်ပေး စေခိုင်းနေတာမျိုး မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီ ဆိုရင်တော့ အမိန့်နာခံတဲ့ ရဲဘော်တွေ ဖြစ်ဖို့က အရေးအကြီးဆုံး ဖြစ်လာပါတယ်။ အမိန့်မနာခံဘဲ မသွားနဲ့ ပြောထားတဲ့ နေရာကို သွားလိုက်လို့ မိုင်းနင်းမိပြီး ခြေထောက်တွေ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေ ရှိလာတယ်။ အင်အားမမျှလို့ ပြန်ဆုတ်ဖို့ အမိန့်ပေးတာကို ခေါင်းဆောင် လုပ်ပြီး ကြောက်နေတာလားလို့ ဆိုကာ ဆက်ပစ်နေလို့ ရန်သူ့လက်ထဲ အရှင်ဖမ်းမိသွားတဲ့ ရဲဘော်တွေ ရှိလာတယ်။ ဒီလို စစ်မြေပြင်မှာ ဖြစ်လာတဲ့ အမိန့်မနာခံမှုတွေဟာ သင်တန်းကာလမှာ စနစ်တကျ မလေ့ကျင့်ခဲ့ခြင်းနဲ့ နောက်တန်းစခန်းတွေမှာ အလေးအနက်ထား မနေထိုင်ခြင်း၊ မအုပ်ချုပ်ခြင်းကြောင့် ဖြစ်တာ များပါတယ်။ တော်လှန်ရေးရဲဘော်တွေ ဖြစ်လာပြီဆိုရင်တော့ ဒါ ငါ့အမေအိမ် ရောက်နေတာ မဟုတ်ဘူး၊ တော်လှန်ရေးတပ်ခုမှာ စစ်မှုထမ်းနေတာ ဖြစ်တယ် ဆိုတာကို ခေါင်းထဲထည့်ထားပြီး ဆင့်ကဲအုပ်ချုပ်မှုစနစ်ကို နားလည်ကာ အမိန့်နာခံတတ်တဲ့ အလေ့အကျင့်တွေ ရှိလာဖို့ ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
၂။ နိုင်ငံရေးရည်မှန်းချက်ကို နားလည် သဘောပေါက်ခြင်း
မိမိတပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်များကို ကောင်းစွာ နားလည် သဘောမပေါက်တဲ့ ရဲဘော်တွေဟာ တော်ရုံ အခက်အခဲများ ကြုံလိုက်ရုံနဲ့ ယိုင်နဲ့သွားတာမျိုး၊ နောက်လန်သွားတာမျိုး၊ နောက်ဆုံး တပ်ပြေးဘဝကို ခံယူလိုက်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ လူတွေက တကယ်ကို ခက်ခဲပင်ပန်းလာရင် အာဏာရှင်ကို မုန်းတဲ့စိတ်တွေ ပျောက်သွားတတ်ပါတယ်။ အဲဒီလို မဖြစ်ဖို့ဆိုရင် ကျနော်တို့ ဘာကြောင့် လက်နက်ကိုင်နေရတာ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ တနည်းအားဖြင့် နိုင်ငံရေးအရ ကျေလည်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ခံယူချက်တွေ မပါဘဲ လက်နက်ိုင်ထားရင် မလိုလားအပ်တဲ့ အမှားတွ ဖြစ်ပေါ်လာနိုင်ပြီး အဲဒီတပ်ဟာ ရေရှည်ခံလေ့မရှိဘဲ မာထန်ပြတ်သားမှုလည်း မရှိနိုင်တော့ပါဘူး။ နိုင်ငံရေးအသိ၊ တော်လျန်ရေးသတိ မရှိတဲ့အတွက် ဒလန်လို့ လွယ်လွယ်ခေါင်းစဉ်တပ်ပြီး ရှင်းလင်းတာ၊ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေအပြင် အခြားသော အရပ်ဘက်၊ စစ်ဘက် ကျင့်ဝတ်တွေကို ချိုးဖောက် ကျူးလွန်မှုတွေ ရှိလာနိုင်ပါတယ်။
၃။ ပုဂ္ဂလခံစားချက်များကို လျှော့ချနိုင်ခြင်း
တကိုယ်ရေစာ ရှေ့တန်းတင်မှုတွေ ရှိနေရင် တောထဲမှာ ရှိနေပေမဲ့ တော်လှန်ရေး လုပ်နေတယ်လို့ ခေါင်းစဉ်တပ်လို့ မရနိုင်ပါဘူး။ အများပြည်သူရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ကြရတဲ့အခါ တဦးချင်း လွတ်လပ်ခွင့်နဲ့ လိုဘတွေကို ချိုးနှိမ်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ကို ရက္ခိုင့်တပ်တော်က ပေးတဲ့ အခြေခံစစ်သင်တန်းမှာ “ရန်သူကို မတော်လှန်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး တော်လှန်ရမယ်” လို့ အမြဲမပြတ် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ အဝေးမှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ ချစ်ခင်ရတဲ့သူတွေကို လွမ်းတာ၊ စိတ်မချဖြစ်တာတို့ကို နားလည်ပေးလို့ ရနိုင်ပေမဲ့ အဲဒီခံစားချက်ကြောင့် တော်လှန်ရေးတာဝန်တွေ လစ်ဟင်းလာတာမျိုးတော့ မဖြစ်သင့်ပါဘူး. အဘက်ဘက်က ပြတ်သားနိုင်မှသာ ကျနော်တို့ ဒီတပွဲမှာ အနိုင်ရပါလိမ့်မယ်။
နောက်ပြီး စစ်တပ်တခု ဖြစ်တဲ့အတွက် တဦး တယောက်တည်းအတွက် သီးသန်ံခွဲထုတ် စဉ်းစားပေးရတာမျိုး လုပ်လို့မရပါဘူး။ သို့သော် တာဝန်အကြီး အသေးအပေါ် မူတည်ပြီး တပ်က ပြန်ပေးတဲ့ အခွင့်အရေးကတော့ ကွဲပြားသွားတာတွေ ရှိနိုင်ပါတယ်။ အဲဒါကို တပ်တွင်းမှာ တန်းတူညီမျှမှု မရှိဘူးလို့ လိုရာဆွဲ တွေးနေမိရင် စစ်သားတယောက် မဖြစ်သေးဘူးလို့ပဲ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။ တပ်ထဲမှာ တန်းတူညီမျှဖို့အတွက်က တကယ်တော်တဲ့၊ တကယ် ဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲဘော်တွေကို ဖယ်ချန်မထားဘဲ တာဝန်ပေးနိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။ သူကတော့ တော်ပါတယ်၊ ဒါပေမဲ့ လူကြီးနဲ့ မရင်းနှီးဘူး၊ ငါ့ဆွေမျိုး၊ ငါ့သူငယ်ချင်း၊ ငါ့လူရင်းတွေပဲ နေရာပေးနေတာ ဆိုရင်တော့ တပ်ဖွဲ့အတွင်း တာဝန်ခွဲဝေမှုတွေကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ကြိုးစားတဲ့ ရဲဘော်တိုင်း အရာရှိဖြစ်နိုင်မယ့် အခွင့်အလမ်းကို တရားမျှတစွာ ဖန်တီးပေးထားဖို့ပဲ လိုအပ်ပါတယ်။ အရာရှိပဲဖြစ်ဖြစ်၊ ရဲဘော်ပဲဖြစ်ဖြစ် ပုဂ္ဂလခံစားချက်တွေကို ရှေ့တန်းမတင်မိကြဘဲ တပ်ဖွဲ့ဝင်အချင်းချင်း ကိုယ်ချင်းစာ နားလည်ပေးနိုင်ကြဖို့၊ သဘောထားကြီးကြဖို့၊ အမြော်အမြင်ကြီးကြဖို့ တိုက်တွန်းချင်ပါတယ်။ တခုခုဆိုရင် ကိုယ် ဘာကြောင့် တပ်ထဲ ဝင်လာခဲ့တာလဲ ဆိုတာကို အမြဲ ပြန်စဉ်းစားဖို့ လိုပါတယ်။ တော်လှန်ရေးလုပ်ရတဲ့ မူလရည်ရွယ်ချက်နဲ့ ကိုယ့်ရဲ့ လက်ရှိ ကိုယ့်ပုံစံနဲ့ ကွဲလွဲမှုတွေ ရှိနေပြီလား၊ အမြဲမပြတ် သုံးသပ်ရပါမယ်။
လူဆိုတာ ဖောက်ပြန်တတ်တဲ့သဘော ရှိပါတယ်။ သမိုင်းမှာ ဘယ်လောက်ပဲ အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါစေ၊ လက်ရှိအချိန်မှာ အကျိုးစီးပွားတွေကြောင့် ဖောက်ပြန်သွားကြသူတွေကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပါတယ်။
အနှစ်ချုပ်ရမယ်ဆိုရင် ကျနော်တို့ စစ်သားကော်းတွေ မဖြစ်ဘဲ တော်လှန်ရေး အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လက်နက်ကိုင်ထားတဲ့သူ တဦး တယောက်ချင်းစီတိုင်းမှာ အမိန့်နာခံမှုကောင်းခြင်း, နိုင်ငံရေးရည်မှန်းချက်ကို နားလည် သဘောပေါက်ခြင်းနဲ့ ပုဂ္ဂလခံစားချက်များကို လျှော့ချနိုင်ခြင်းတွေ စတဲ့ အရည်အချင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးကို မကြာခင် ပြီးသွားမှာပဲ ဆိုတဲ့ အတွေးမျိုးနဲ့ ခဏတာ ဧည့်သည်သဘော မလုပ်ကြဘဲ ရေရှည်အတွက် သေချာစဉ်းစားပြီး ခိုင်မာတည်ကြည်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်ကြရပါမယ်။ အဲဒါဆိုရင် ကျနော်တို့ရဲ့ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကလည်း သိပ်မဝေးတော့ဘူးဆိုတာ သေချာပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar