မင်းငြိမ်းအေး - ငါ့တိုင်းပြည်နှစ်ပတ်လည်
ငါ့တိုင်းပြည်နှစ်ပတ်လည်
မင်းငြိမ်းအေး
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၃
ကေဇရေ
မင်းအုတ်ဂူရှေ့မှာ
ငါ၊ ကဗျာရွတ်တယ်
ကန်စွန်းနွယ်ပွင့်လေးလို
ကိုယ့်အပွင့်ကို
အရောင်မှန်အောင်ပွင့်ခဲ့တဲ့
မင်းအကြောင်း
ကိုသန်းထွန်းပြောသလို
နာမည်မရှိတဲ့
ဘုရားနီလမ်းပေါ်မှကွာ။
ဇော်ထွန်းရေ
ဒေါ်ဒွေးနော်ရဲ့စာအိတ်ကို
ငါမြင်ရတော့
မင်းရဲ့လက်ပစ်ဗုံးကဗျာ
သတိရတယ်
ပုလဲမှာ
လက်နက်ကိုင်လမ်းစဉ်ရဲ့အစဟာ
မင်းပါ
နောက်ဆုံးမိနစ်ထိ
လိပ်ပြာသန့်ခဲ့တဲ့
မင်းအတွက်
နောက်ဆုံးမိနစ်ထိ
ငါ၊တာဝန်ကျေခဲ့ပါတယ်။
ငါ့တိုင်းပြည်နှစ်ပတ်လည်
ခွေးပတ်လည်ဝိုင်းနေဆဲ။
သတိရပါတယ်
လူဆိုတာ
ကိုယ့်နာမည်ကိုထားပြီး
ကိုယ့်အလောင်းကို
ကိုယ်ပြန်သယ်ရတဲ့
တော်လှန်ရေးမပြီးမချင်း
ငါသစ္စာပြုပါတယ်။
မင်းတို့ရဲ့နာမအောက်မှာ
ငါ၊ဒီကဗျာကို
ရေးပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar