စစ်အုပ်ချုပ်ရေး ဒေသတွေမှာ ညမထွက်ရ အမိန့်ထုတ်
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၈ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၃
စစ်အုပ်ချုပ်ရေး ဒေသတွေမှာ ညမထွက်ရ အမိန့်ထုတ်
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက သူတို့ရဲ့သက်တမ်းကို နောက်ထပ် ၆ လတိုးလိုက်ပြီးနောက် နောက်တရက်မှာ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ လွှဲအပ်လိုက်တဲ့ အမိန့်ကို သက်တမ်းတိုး စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့အပေါ် အမြင်အမျိုးမျိုးနဲ့ ဝေဖန်ကြ၊ ရှုမြင်ကြ ပြောဆိုကြတာတွေ့ရပါတယ်။ နဂိုကတည်းက ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပစ်ခတ်နေတာတွေ ရှိနေပြီးသား အခြေအနေမို့ စစ်အုပ်ချုပ်ရေး ကြေညာလည်း ဘာမှထပ်ပြီး ထူးမလာဘူးဆိုတဲ့ အကဲဖြတ်ဝေဖန်မှုတွေ ကြားသိရသလို၊ ဒီဒေသတွေက PDF တွေ စိုးမိုးထားတဲ့ နယ်မြေတွေ ဖြစ်ပြီးသားမို့လို့ စစ်အုပ်ချုပ်ရေး ကြေညာတာ အဓိပ္ပာယ်မရှိဘူး၊ စစ်ကောင်စီက ကောင်းစွာ စိုးမိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေမဟုတ်လို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တာဟာ စာရွက်ပေါ်က အပြသဘောပဲ ဖြစ်လိမ့်မယ်လို့ ဝေဖန်ပြောဆိုတာလည်း ကြားသိရပါတယ်။ နောက် အမြင်တခုကတော့ စစ်အုပ်ချုပ်ရေးက လက်နက်ကိုင် တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့တွေ အပေါ် ဘာမှ ထူးပြီးသက်ရောက်မှာ မဟုတ်ပေမယ့် အဲဒီဒေသမှာ နေထိုင်နေကြရတဲ့ အရပ်သားတွေ အတွက် အခွင့်အရေး ပိုမိုဆုံးရှုံးနိုင်ပြီး PDF လှုပ်ရှားမှုကို ထောက်ပံ့ကူညီတဲ့ လုပ်ဆောင်မှုတွေ ၊ အားပေးတဲ့ ပြောဆိုရေးသားမှုတွေကို စစ်ခုံရုံးက မတန်တဆ ပုဒ်မတွေနဲ့ စွဲဆိုပြီး အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရနိုင်တာကြောင့် အရပ်သား ပြည်သူလူထုအနေနဲ့ ပိုသတိထားကာ PDF တွေကို ထောက်ခံ အားပေးမှုတွေ လျော့ကျလာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ရှုမြင်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီလို ရှုမြင်မှုတွေ ဝေဖန် အကဲဖြတ်မှုတွေကြားသိရပြီး ရက်အနည်းငယ် အကြာမှာတော့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်တွေထဲပါဝင်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက မြို့နယ် ၂၄ ခုမှာ ညမထွက်ရ အမိန့် လူ ၅ ဦးထက်ပိုပြီးမစုဝေးရ ဆိုတဲ့ အမိန့်တွေကို ထုတ်ပြန်လိုက်တယ်လို့ သတင်းတွေထဲမှာ ဖော်ပြထားကြပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအတော်များများမှာ ညမထွက်ရ အမိန့်က ရှိနှင့်ပြီးဖြစ်ပါတယ်။ မြို့ကြီးတွေမှာ စတင်စဥ်က ည ၈ နာရီ၊ နောက်အနည်းငယ် ကြာပြီးနောက် ည ၁၀ နာရီနဲ့ ခုအခါမှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း မထွက်ရ အမိန့်ထုတ်ထားတာ ၂ နှစ်ပြည့်ခါနီးဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စားသောက်ဆိုင်တွေလို စီးပွားရေး လုပ်ငန်းတွေက တောင်းဆိုတင်ပြမှုကြောင့် ည ၁၀နာရီကနေ ၁၂နာရီ ကို ပြောင်းလဲခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ အဲဒီကာလတွေမှာ နယ်မြို့တွေမှာတော့ ပုဒ်မ ၁၄၄ လို့ခေါ်တဲ့ ထွေအုပ်က ထုတ်တဲ့ ဒေသန္တရ အမိန့်က ရှိပြီးဖြစ်ကြပါတယ်။ သိုပေမဲ့ တိတိကျကျ ကြပ်မတ်နိုင်တာမျိုး မဟုတ်ပဲ အမိန့် ဥပဒေ ထုတ်ပြန်ထားပြီး အရေးယူရင် ယူလို့ရအောင် လုပ်တဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။
အခုစစ်အုပ်ချုပ်ရေး ကြေညာအပြီး ထုတ်ပြန်တဲ့အခါမှာတော့ ညမထွက်ရ အမိန့်ကို ည ၆နာရီကနေ မနက် ၆ နာရီအထိ မထွက်ရထုတ်ပြန်လိုက်တာတွေ့ရပြီး ည ၆နာရီက စလို့မထွက်ရဆိုတဲ့ အမိန့်ကအဲဒီဒေသတွေမှာ နေထိုင်တဲ့ ဒေသခံတွေအဖို့ အခက်အခဲနဲ့ ကြုံရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ ည ၆နာရီနောက်ပိုင်း မထွက်ရဆိုတဲ့အမိန့်က စိုက်ပျိုးရေး မွေးမြူရေး နဲ့ ရေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် လိုက်နာဖို့ ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မစိုးမိုးနိုင်တဲ့ ဒေသတွေအဖို့ ပြဿနာမဟုတ်ပေမယ့် ဟားခါး၊ ဖလမ်း၊ တီးတိန် တို့လို မြို့တွေ အဖို့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ဒေသတွေ နယ်မြေတွေဖြစ်လို့ မြို့နေ လူထုအဖို့ အခက်အခဲနဲ့ ကြုံတွေ့ရနိုင်ခြေရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီလိုအချိန်အတွင်း အပြင်ထွက်တာတွေ့တဲ့အခါ ပစ်ခတ်ခံရနိုင်ခြေ ရှိနေသလို ဖမ်းဆီးခံရရင်လည်း ငွေညှစ်တာ နှိပ်စက်ညှဉ်းပန်းတာ အကျဥ်းချတာတွေနဲ့ ကြုံရနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှု ဖမ်းဆီးမှု မတန်တဆ အပြစ်ပေးမှုတွေကို စစ်အုပ်ချုပ်ရေး အရလုပ်ဆောင်တာလို့ ဆင်ခြေပေးဖို့ ဖြစ်စေတာဖြစ်ပြီး ဒေသခံတွေအဖို့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဖို့ အခက်အခဲတွေ ထပ်ကြုံတွေ့ရနိုင်သလို ရှိစုမဲ့စု အခွင့်အရေးတွေ ထပ်မံ ဆုံးရှုံးသွားနိုင်တဲ့ အဖြစ်အပျက်တခု ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar