ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ (အပိုင်း ၃)
ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၉ ၊ ၂၀၂၃
အပိုင်း ၃
ကျနော် အပိုင်း ၂ မှာ တင်ပြခဲ့သလိုပါပဲ။ ၁၉၆၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဦးနုပါတီရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံဖြစ်တဲ့ “ဒီမိုကရေစီရွေးမှာလား၊ ဖက်ဆစ်စနစ်ကို ရွေးမှာလား” ဆိုတာဟာ လူထုအသည်းနှလုံးကို သိမ်းကျုံးဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ ကျနော်တို့ အဖေတွေ အမေတွေဟာ ဂျပန်ဖက်ဆစ်တွေရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ဘာသီအိုရီ ညာသီအိုရီမှ လေ့လာစရာမလိုဘဲ ဖက်ဆစ်ဝါဒကို အူမချေးခါး နားလည်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဘဝက ပေးတဲ့အသိလို့ဆိုရင် ပိုမှန်မယ် ထင်ပါတယ်။
၁၉၅၈ စစ်တပ် အာဏာသိမ်းပြီး အိမ်စောင့်အစိုးရ ဆိုတာလုပ်ခဲ့ကြတဲ့အခါ စစ်တပ်ရဲ့ လက်တွေ့ ဖိနှိပ်သတ်ဖြတ်မှုများ လုယက်ဓားပြတိုက်မှုများ အခွင့်ထူးခံမှုများ အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအားလုံးကို ရိုက်ချိုးခံခဲ့ကြရတာ ဖြစ်ပါတယ်။ သေချာတာကတော့ ဒီစစ်တပ်ဟာ ဘယ်လို စစ်တပ်ဖြစ်တယ်ဆိုတာ နိုင်ငံရေးသမား ဆိုသူတွေထက် လူထုက အကင်းပါးစွာ သိခဲ့ကြတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတိုင်း စစ်တပ်ဆန့်ကျင်ရေးကို လူထုက တသမတ်တည်း လုပ်ခဲ့ကြတာ အထင်အရှား တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တည်မြဲ(ဖဆပလ) ဟာ စစ်တပ်ပါတီ ဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ ဦးနုရဲ့ သန့်ရှင်း (ဖဆပလ)ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်ကလည်း အိမ်စောင့်အစိုးရကာလတလျှောက် လက်နက်ကိုင်အဖွဲ့အားလုံးကို အပြုတ်တိုက်ရေးပေါ်လစီနဲ့ ပြည်တွင်းစစ်မီးကို ကြီးသထက်ကြီးအောင် မီးမွှေးရင် စစ်တပ်ကို တိုးချဲ့တာ လက်နက်တပ်ဆင်တာ စစ်တပ် စီးပွားရေး တည်ဆောက်တာတွေကို အပြိုင်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဦးနုဟာ အာဏာရတာနဲ့ ဖဆပလ(သန့်ရှင်း) ဆိုတဲ့အမည်ကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီး ပြည်ထောင်စုပါတီ (ပထစ) ဆိုတဲ့ နာမည်နဲ့ ပထစအစိုးရကို ဖွဲ့ ခဲ့ပါတယ်။ အဓိက ဒေါက်ကြီး ၃ ဒေါက်နဲ့ အစိုးရဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ ဦး ဗိုလ် သခင် ဆိုတဲ့ စုဖွဲ့မှု ဖြစ်ပါတယ်။
ဦး ဆိုတာက အရာရှိ အရာခံ ပညာရှိကြီးများအစုအဖွဲ့ ဖြစ်ပါတယ်။ ဦးဝင်း၊ ဦးချမ်းသာ ( အိုင်စီအက်)၊ ဦးချစ်ဖေ၊ မိုးကြိုးဦးအုန်းခင်၊ ဦးပျိုငြိမ်း၊ ဦးလှကျော် စတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါဝင်ပါတယ်။
သခင် အုပ်စုမှာတော့ သခင်တင်၊ သခင်ကျော်ထွန်း၊ သခင်ပန်းမြိုင်၊ သခင်တင်မောင်၊ သခင်သိမ်းမောင်၊ ဗိုလ်တင်မောင်ကြီး၊ သခင်ချန်ထွန်း၊ ဦးစောလူလူ၊ ဦးအုန်းမြင့်၊ သခင်ထွန်းအံ၊ သခင်ထွန်းစိန်၊ ဦးတင်ဦး၊ ဦးဘဇံ၊ ဦးလွမ်းပုံ စတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါဝင်ကြပါတယ်။
သူတို့ဟာ ရှေးယခင် လွတ်လပ်ရေးတိုက်ပွဲကတည်းက ပါ ဝင်ခဲ့ကြသူများ ဖြစ်ကြပါတယ်။
ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်ဗလ၊ ဗိုလ်တာရာ၊ ဗိုလ်မြင့််ဆွေ၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ဗတင်၊ ဗိုလ်မှူးသောင်းထိုက်၊ ဗိုလ်မှူးထင်ပေါ် စတဲ့ ရဲဘော်သုံကျိပ်ဝင်များ အပါအဝင် စစ်ဗိုလ်ဟောင်းကြီးများ ဖြစ်ကြပါတယ်။
သူတို့အချင်းချင်းလည်း တဖွဲ့နဲ့တဖွဲ့ သိပ်အဆင်မပြေကြပါဘူး။ တဖွဲ့ကို တဖွဲ့ အထင်အမြင်သေးမှုတွေ ရှိသလို အကျိုးစီးပွားပြဿနာတွေလည်း ရှိကြပါတယ်။ ပထမ အထွေထွေအတွင်းရေးမှူး နေရာကနေ ဝန်ကြီးအထိ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ဆိုတာကနေ သိသိသာသာ ညီညွတ်မှုမရှိဘဲ အုပ်စုကွဲနေကြတယ်လို့ သုံးသပ်ကြတာ တွေ့ရပါတယ်။
ကျနော် အဓိက ထောက်ပြချင်တာက ဒီမိုကရေစီ ဆိုတဲ့ မျက်နှာဖုံးအောက် လူထုကတော့ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပေါ်ပေါ်ထင်ထင် တောင်းဆိုခဲ့ကြတာချည်းပါပဲ။ အိမ်စောင့်အစိုးရ နာမည်ခံ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ လူထုဟာ ပက်ပက်စက်စက် အဖိနှိပ်ခံနေခဲ့ရတာကနေ လူထုအုပ်ချုပ်တဲ့ အစိုးရတက်လာတာနဲ့ ငြိမ်းချမ်းရေး တောင်းဆိုသံများ မြန်မာပြည်အနှံ့ ပြန့်လွင့်လာပါတော့တယ်။ နိုင်ငံရေးအကျဥ်းသားတွေ ထောင်အသီးသီးက ပြန်လွတ်လာကြတယ်။
သခင်ဖေဌေး၊ ဗိုလ်အုန်းမောင်(လေထီး)၊ သေဒဏ်ချခံထားရတဲ့ ဗိုလ်မှူးချစ်ကောင်းတို့ကိုတော့ ဆက်လက်ဖမ်းဆီးထားခဲ့ပေမဲ့ နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်က ကြိုးသမားတွေကို သေဒဏ်ကနေ တသက်တကျွန်းဒဏ် ပြောင်းပေးခဲ့ပြီး ဗိုလ်မှူးချစ်ကောင်းရဲ့ “သင်ပုန်းချေ လွတ်ငြိမ်းခွင့်” ပေးရန် တိုက်ရိုက်ပန်ကြားချက်ကို လက်ခံပြီး လွှတ်ပေးခဲ့ပါတယ်။
ဗိုလ်မှူးချစ်ကောင်းနဲ့ သမ္မတကြီးမန်းဝင်းမောင်တို့ဟာ လွတ်မြောက်ရေးတိုက်ပွဲကာလက လေထီးဆင်းဖော် ရဲဘော်ရဲဘက်များ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဧပြီလ ၂၅ ရက်မှာ ငြိမ်းချမ်းရေးပန်ကြားချက် ထွက်လာပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးစီးပြီး ဗိုလ်မှူးချုပ်ကျော်ဇော ပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ရေးအဖွဲ့ ၆ ဦးကော်မတီအဖွဲ့ဟာ မတ်လထဲမှာ လူထုလှုပ်ရှားမှုတွေနဲ့အတူ ပေါ်ထွက်လာခဲ့ပါ တယ်။
၁၉၆၀ ပြည့် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဗကသအဖွဲ့ချုပ်ရဲ့ ဆဋ္ဌမအကြိမ် ကျောင်းသား ညီလာခံကြီး ကျင်းပကြပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ၄ နှစ်ကြာ မခေါ်ယူနိုင်ခဲ့တဲ့အတွက် ပြန်လည်ခေါ်ယူကျင်းပကြတာ ဖြစ်ပါတယ်။ ဒီနေရာ ပြောလိုတာက ဗကသအဖွဲ့ချုပ်ဟာ ကမ္ဘာ့ကျောင်းသားသမဂ္ဂအဖွဲ့ချူပ် ( IUS ) နဲ့ ကမ္ဘာ့ဒီမိုကရေစီလူငယ်များအဖွဲ့ချူပ် ( WFDY ) တို့ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဗကသများအဖွဲ့ချုပ်ရဲ့ ဆဋ္ဌမအကြိမ်မြောက် ညီလာခံကြီးမှာ ဆုံးဖြတ်ချက်တွေက...
၁။ တမျိုးသားလုံးအရေး တနိုင်ငံလုံးအရေး ဖြစ်တဲ့ အမျိုးသားရေးတာဝန်များကို လုပ်ဆောင်ရန်
၂။ ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ဆက်လက်ပါဝင် အားဖြည့်လုံးပန်းသွားကြရန် ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီအစိုးရနိဂုံးချုပ်ရန် တွန်းဆော်မှုများ
၁။ ပထစ အစိုးရအတွင်းမှာ ဦး ဗိုလ် သခင် အုပ်စုကွဲနေသလို ဖဆပလ ပမညတ စတဲ့ မြေပေါ်နိုင်ငံရေး အင်အားစုတွေကလည်း စုစုစည်းစည်း ညီညီညွတ်ညွတ် မရှိကြတဲ့အပြင် စစ်တပ်အန္တရာယ်ကို ဘယ်အဖွဲ့အစည်းကမှ အလေးမထားခဲ့ကြခြင်း။
၂။ ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ လူမျိုးစု လွှတ်တော်ရော၊ ပြည်သူ့လွှတ်တော် အပါအဝင် လွှတ်တော်နှစ်ရပ် ပါဝင်တဲ့ ပါလီမန်အစည်းအဝေးက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၀ ( ၁ ) ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်ခြင်း။
၃။ ပထစ အစိုးရမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပေါ်လစီ တိတိကျကျ မရှိခြင်း။
( က ) မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းဝိသေသတိုင်းတို့နဲ့ပတ်သက်ပြီး ပေါ်လစီ တိတိကျကျ မရှိခြင်း
( ဖဆပလ အကွဲမှာ ဦးနုရဲ့ ပေါ်လစီ ၄ ရပ်ကို ယုံကြည်တဲ့အတွက် နိုင်အောင်ထွန်းနဲ့ နိုင်ငွေသိန်း ခေါင်းဆောင်တဲ့ မွန်ပြည်သူ့တပ်ဦးအဖွဲ့ အင်အား ( ၁၀၀၀ ) ကျော် လက်နက်စွန့်ခဲ့ကြပါတယ်။)
( ခ ) ဒုတိယအကြိမ် တရုတ်ဖြူ ကျူးကျော်မှုမှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်အနေနဲ့ တရုတ်ဖြူတပ်ကို ထိထိရောက်ရောက် မတိုက်ခိုက်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေကိုသာ အင်အားသုံး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်က ဗမာပြည်မှာ စစ်တပ်နဲ့ စစ်ရဲ တပ်ရင်းပေါင်း ၉၀ ရှိတဲ့အနက်က တရုတ်ဖြူကို ၇ ရင်းပဲ သုံးပြီး ကျန်တဲ့ ၈၃ ရင်းကို ပြည်တွင်းစစ်မှာ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
လူထုတရပ်လုံးကတော့ တရုတ်ဖြူ ကျူးကျော်စစ်ကို ဆန့်ကျင်ကန့်ကွက် တောင်းဆိုနေကြပါတယ်။
၄။ ၁၇ လကြာ အာဏာအရသာကို ကောင်းကောင်းခံစားထားတဲ့ စစ်တပ်ထိပ်သီး စစ်ဗိုလ်ချုပ်တွေဟာ နေ့စဥ်နဲ့အမျှ စစ်တပ်ကို စစ်ရေး စီးပွားရေးတွေမှာ ခိုင်မာတောင့်တင်းအောင် အစွမ်းကုန်တိုးချဲ့ ခဲ့ကြပါတယ်။
( က ) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်နေဝင်းအမိန့်နဲ့ စစ်တိုင်းဌာနချုပ်တွေ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
၁။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မန္တလေးမြို့
၂။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးမြို့
၃။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့
၄။ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်မြို့
၅။ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် မင်္ဂလာဒုံမြို့
၆။ အမှတ် ( ၇ ) ခြေလျင်တပ်မဟာ မြစ်ကြီးနားမြို့ အမှတ် ( ၁၁ ) ခြေလျင်တပ်မဟာ ဘားအံမြို့ ဆိုပြီး တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
( ခ ) စစ်ဘတ်ဂျက်တွေကို တနှစ်ထက်တနှစ် တိုတောင်းလာတဲ့အတွက် အစိုးရအနေနဲ့ ဘတ်ဂျက် လိုငွေကို ကာမိအောင် ပြည်တွင်းအခွန်တွေကို တိုးမြှင့်ကောက်ခံလာရပါတော့တယ်။ မူလအခွန်ကောက်ခံငွေ ၅၃ ကုဋေကနေ ၆၁ - ၆၂ ဘဏ္ဍာနှစ်မှာ ၁၁၂ ကုဋေ အထိ ၂ ဆ တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ ဒီအတွက် ကုန်စျေးနှုန်းတွေ အလွန်အမင်း ကြီးမားလာပါတယ်။
ဗမာစစ်တပ်က စစ်ဗိုလ်ချုပ် ဆိုသူတွေဟာ များသောအားဖြင့် အခြေခံစိတ်ဓာတ်အရ စဥ်းစားဆင်ခြင်မဲ့တဲ့ လုပ်ရပ်တွေကို လုပ်လေ့ရှိကြပါတယ်။ ဒါက ဘာကို ပြသလဲဆိုရင် အလွန်ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ရှေးရိုးစွဲ စစ်အာဏာရှင် အတွေးအခေါ်တွေကို လက်ခံ ယုံကြည်ခဲ့ကြလို့ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်တပ်ဟာ ဒီအတွေးအခေါ်နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးကို ရန်ပြုခဲ့ကြတာကတော့ အလွန်သေချာလှပါတယ်။
ဒီနေရာမှာ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားအစိုးရတွေရှေ့မှာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တခုကို တင်ပြလိုပါတယ်။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၁ရက်နေ့ တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် လက်မှတ်ရေးထိုးပွဲအတွက် ဝန်ကြီးချုပ်ဦးနုနဲ့အတူ တရုတ်ပြည် သွားခဲ့ကြရာမှာ အိမ်ရှင်နိုင်ငံက ဗမာခေါင်းဆောင်တွေအတွက် စီးဖို့ မော်တော်ကားတွေ အသင့်စီစဥ်ပြင်ဆင်ပေးထားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးနုအတွက် လျာထားပြင်ဆင်ထားတဲ့ ရှေ့ဆုံးက မော်တော်ကားကို ဗိုလ်ချုပ်ကြီးနေဝင်းက အရင် တက်စီးပစ်လိုက်ပါတယ်။ အိမ်ရှင်နိုင်ငံခေါင်းဆောင်တွေတောင် အံ့အားသင့်သွားခဲ့ကြသလို ဦနု အပါအဝင် အတူလိုက်ပါလာသူမှာလည်း မှင်တက်မိသွားကြပါတယ်။ လိုက်ပါသွားသူ အားလုံးက တရုတ်နိုင်ငံမှာ ဖြစ်နေကြရာ ဣန္ဒြေမပျက်ဆက်ပြီး စီးနင်းလိုက်ပါသွားခဲ့ကြတယ်လို့ သိရပါတယ်။
ပြောရမယ်ဆိုရင် ကနေ့ကာလ သမ္မတ မဟုတ်ဘဲ သမ္မတစလွယ် ကောက်ဝတ်သလိုပါပဲ။ စစ်ဗိုလ် ချုပ်တွေဟာ အာဏာငန်းဖမ်းပြီဆိုရင် ရှက်စရာကိုလည်းရှက်စရာမမှတ် မလုပ်သင့်တာကိုလည်း မလုပ်သင့်ရာ မမှတ်၊ မသတ်သင့်တာကိုလည်း မသတ်သင့်ရာ မမှတ် ဟီရိသြတ္တပတရား ပျက်စီးသွားတတ်ကြတာကို မြန်မာပြည်သမိုင်းမှာ အခိုင်အမာတွေ့ခဲ့ကြရတာ ဖြစ်ကြောင်းပါဗျာ။
ကိုအောင်မှိုင်း
( ကိုးကား— ၁။ ဦးနုရေး တာတေစနေသား၊ ၂။ဆရာဝင်းတင့်ထွန်း အမှောင်ကြားက ဗမာပြည်၊ ၃။ ပင်လုံလမ်းကို ပြန်လည်လျှောက်လှမ်းခြင်း ခွန်းမာတ်ရ်ကိုဘန်း ဆလိုင်းကစ်(ပ်) ခိုလျန် ဦးအောင်စောဦး )
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar