စကောလယ်တော - ခွေးသတိပြု
စကောလယ်တော - ခွေးသတိပြု
(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၃
လူသွားလူလာများ ကားဂိတ်တွေအနီးက အဆောက်အဦတခု။ ဒီနေရာမှာ စာအုပ်နဲ့ စာရေးကိရိယာဆိုင်ကြီး လာဖွင့်ဖူးတယ်။ မကြာဘူး။ ပြုတ်သွားတယ်။ အလှကုန်နဲ့ စတိုးဆိုင်လည်း နှစ်ပတ်မလည်လိုက်ရဘူး။ ကွန်ပျူတာစာစီစာရိုက်နဲ့ ရောင်စုံမိတ္တူကူး၊ ကတ်အမျိုးမျိုး ပလတ်စတစ်လောင်းသည်လည်း သက်တမ်းတိုရှာတယ်။ တည်းခိုခန်း တခုပဲ။ ဒါပေမဲ့ နှစ်နှစ်လောက်ကြာ ထင်ပါရဲ့။ အခုတော့ ငှားရန် ဆိုင်းဘုတ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် နှစ်ခုက အခိုင်အမာ နေရာယူထားတယ်။
အဲဒီ ဗီနိုင်းဆိုင်းဘုတ်ထက် ခိုင်မာတာက လူတွေ။ လူတွေက ဟောဒီအဆောက်အဦကို နာမည်တခု ချစ်စနိုး ပေးထားကြတယ်။ “နမ်းတွင်း” တဲ့။ မသိသူတွေက မန္တလေး နန်းမြို့ရိုးထဲက ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ နေကြတဲ့ နန်းတွင်းသားတွေကို အစွဲပြု ခေါ်တယ်လို့ ထင်ကြလိမ့်မယ်။ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်။
နမ်းတွင်းမှာ နေ့ရော ညရော ထမင်းအိုး တည်နေကြတဲ့သူတွေ ရှိတယ်။ မီးခိုးတွေ အူမနေ၊ မီးသွေးပေါက်သံတွေ မထွက်ဘူး။ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် တည်နေကြတဲ့ ထမင်းအိုးတွေလေ။ ခန္ဓာကိုယ်ကို လောင်စာလုပ်ပြီး တည်ကြရတဲ့ အိုးတွေ။ တချို့လည်း ပြည့်ပြည့်၊ တချို့လည်း မပြည့်တပြည့်။ တချို့က ဆယ်ကျော်သက်၊ တချို့က ဘယ်နှဆယ်ကျော်မှန်း အခန့်မှန်းရ ခက်အောင် ဖြီးလိမ်း ခြယ်လို့ သလို့။ အရောင်အသွေး စုံတယ်။
အကြောင်းမသိကြတဲ့ ပုရိသတွေ လည်ပြန်ကြည့်ရင်း ခလုတ်တိုက်သူ တိုက်မိကြ။ အဲဒီလို တံတွေးဖြိုချသူတွေကို နမ်းတွင်းမလေးတွေက ချိုချိုအီအီ ထူထူပျစ်ပျစ် အပြုံးနဲ့ ငေးရီတဲ့ မျက်လုံးတွေ၊ အကြည့်တွေ လက်ဆောင်ပြန်ပေးလေ့ရှိတယ်။ စိတ်မခိုင်တဲ့ ကိုကိုတွေ ယိုင်ကြဖို့ပဲ။ နမ်းတွင်းသူလေး ပင့်နေတဲ့ မျက်ခုံးတစုံမှာ အဓိပ္ပာယ်တွေ၊ စကားလုံးတွေ တလှေချည်း။ လိုရာသုံး မယ့်တကိုယ်လုံး ဆိုသလိုပဲ။
ဒီနေ့တော့ သူတို့ ထိုင်နေကျ လှေကားထစ်လေးမှာ တယောက်ပဲ ရှိတယ်။ ကျန်တဲ့နှစ်ယောက်က ပလက်ဖောင်းအောက်ကို ဆင်း၊ သူတို့ဆီ တူရူလာနေတဲ့ မော်တော်ဆိုင်ကယ်စီးသူတိုင်းကို အရှိန်လျှော့အောင် သင်္ကေတပြပြီး စကားပြောနေကြတယ်။
မသိသူတွေက ‘ဟ ဘယ်လိုဟာတွေလဲ၊ အမြှူအဆွယ် ကြမ်းလှချေလား’ ထင်စရာ။ မသိဘဲ လျှောက်တွေးထင်ရင် မှားမယ်။
“ရှေ့မှာ ခွေးဖြူနဲ့ စစ်ခွေးတွေ ဆိုင်ကယ် ဖမ်းနေတယ်” တဲ့။
နမ်းတွင်းသူတွေလည်း နှလုံးသားနဲ့ပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar