ဝါရှင်တန်က NUG အစိုးရရုံးဖွင့်ပွဲ၊ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပွဲ ဖြစ်လာနိုင်ခြေ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၃ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃
ဝါရှင်တန်က NUG အစိုးရရုံးဖွင့်ပွဲ၊ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပွဲ ဖြစ်လာနိုင်ခြေ
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရုံးဖွင့်ပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းတွေထဲပါရှိတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအစိုးရအနေနဲ့ NUG အစိုးရကို ထောက်ခံကြောင်း ထပ်မံပြသလိုက်တဲ့ လက္ခဏာတရပ်ဖြစ်ပြီး မကြာသေးမီက အတည်ပြုထားတဲ့ NDAA ဥပဒေထဲပါဝင်တဲ့ Burma Act လို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် အကူအညီပေးရေး ဆိုင်ရာ အပိုင်းတွေနဲ့ ဆက်စပ်ကြည့်ရင် အမေရိကန် နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီကို ပြုတ်ကျအောင် ကြိုးပမ်းနေတဲ့ NUG အစိုးရကို သံတမန်ရေးအရ၊ လက်တွေ့ အထောက်အပံ့တွေအရ ကူညီမှုတိုးတက်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကို အခုလို သံတမန်ရေးအရ ပိုမိုပြီး ဖိအားပေးလာနိုင်တာဟာ NUG အတွက် နဲ့ စစ်အာဏာရှင် ဖြုတ်ချရေးအင်အားစုတွေအတွက် ပိုမိုအားတက်စရာအချက် တချက်လည်း ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာမှာ သံတမန်ရေးအရ၊ ရုပ်ဝတ္ထုပိုင်းအကူအညီ စသဖြင့် အောင်မြင်မှုတွေ တိုးတက်မှုတွေ ရရှိလာသလို မြေပြင်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွင်း ပြည်သူလူထုကို ကာကွယ်ပေးနိုင်ဖို့လည်း မဟာဗျူဟာ နည်းဗျူဟာအရ နည်းလမ်းရှာကြံ လုပ်ဆောင်ကြဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ ကျေးရွာ မီးရှို့ခံရတဲ့ အဖြစ်အပျက်တွေ တတ်နိုင်သရွေ့ လျော့နည်းသွားအောင်၊ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ ကူညီပေးနိုင်အောင်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပျက်စီးနေတဲ့ အခြေအနေအောက်မှာ အသက်မဆုံးရှုံးရအောင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လို စီစဥ်ဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေလည်း နည်းလမ်းရှာကြံလုပ်ဆောင်နိုင်ကြဖို့ အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်အကြောင်းအရာ တခုကတော့ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပွဲပုံစံသို့ ဦးတည်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက PPST လို့ခေါ်ဆိုတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေစုပေါင်းဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်ကော်မတီက ပြည်ထောင်စုနေ့ အချိန်အခါ သဝဏ်လွှာ ပေးပို့ရာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ တိုင်းပြည်အနေနဲ့ နေရာတိုင်းမှာ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပုံစံကို ဦးတည်နေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အခုလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးကို ပိုမိုကျယ်ပြန့်အောင် ၊ အရှိန်ပိုမြင့်လာစေအောင် စေ့ဆော်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်တပ်အနေနဲ့ လက်မခံဘဲ အာဏာသိမ်းလိုက်ခြင်းက နိုင်ငံရေးသမားတွေသာမက၊ သာမန်အရပ်သားတွေ လူငယ်တွေရဲ့ အတွေးထဲမှာ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာလို့ မရနိုင်တော့ဘူးဆိုတဲ့ ယူဆမှုတွေ၊ သုံးသပ်မှုတွေဆီ ဆိုက်ရောက်စေပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ဘက်ကို ဦးတည်လာခဲ့တာ အခုဆို ၂ နှစ်နီးပါး ပြည့်တော့မယ့် ကာလရောက်ရှိနေပြီး မြန်မာနိုင်ငံ ဒေသအများအပြားမှာ ခုခံတိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ နေအိမ်တွေမီးရှို့ဖျက်ဆီးမှု၊ ရိက္ခာ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ လုယက်ယူဆောင်ခံရတာ ဖျက်ဆီးခံရမှုတွေ အနှံ့အပြားဖြစ်ပွားနေတာ ဖြစ်ပါတယ်၊
PPST ရဲ့ ထုတ်ပြန်ချက်က စစ်ပွဲတွေက အခုအခြေအနေမျိုးထက် ပိုပြီးကျယ်ပြန့်လာနိုင်စရာ ရှိသေးတဲ့သဘောမျိုး အဓိပ္ပာယ်ဆောင်ပြီး လက်ရှိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ကရင်ပြည်နယ်၊ မကွေးတိုင်း အထက်ပိုင်းတွေ အပြင် အခြားသောဒေသတွေမှာပါ စစ်ပွဲက ထပ်မံကျယ်ပြန့်လာမယ့် သဘောမျိုးလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်ကော်မတီဟာ ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ပြီး စတင်ခဲ့စဥ်က ကေအန်ယူရဲ့ ဥက္ကဋ္ဌ မူတူးဆေးဖိုးက ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းခံရပြီး ခုနောက်ပိုင်းမှာတော့ RCSS ရဲ့ ဥက္ကဋ္ဌ စပ်ရွက်ဆစ်က ဥက္ကဋ္ဌ တာဝန်ယူနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး၊ တနည်းပြောရရင် အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချရေးမှာ စစ်ရေးနည်းလမ်းကသာ အဆုံးအဖြတ်ဖြစ်သလား၊ နိုင်ငံရေးဆွေးနွေးမှုတွေက ရော တိုင်းအတာတခုထိ အသုံးချဖို့လိုအပ်သလား စတဲ့ မဟာဗျူဟာဆိုင်ရာ မေးခွန်းတွေကတော့ အခုချိန်ထိ ရှိနေဆဲဖြစ်ပြီး စစ်ပွဲတွေ ဘယ်လောက် ကျယ်ပြန့်လာဦးမလဲဆိုတာ ခု ၂၀၂၃ ခုနှစ်ထဲ စောင့်ကြည့်ရဦးမယ့် နှစ်တနှစ် ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar