Breaking News

ဒီတပတ် ဘာထူးသလဲ - နိုင်ငံတကာသာဂိ (အမေရိကန်ဘဏ်တချို့ ပြေးပြီ - Bank Run ဟုတ်လား)



ဒီတပတ် ဘာထူးသလဲ - နိုင်ငံတကာသာဂိ

(မိုးမခ) မတ် ၁၄၊ ၂၀၂၃

အမေရိကန်ဘဏ်တချို့ ပြေးပြီ - Bank Run ဟုတ်လား


Silicon Valley Bank နဲ့ Signature Bank ၂ခုတို့ ငွေအပ်သူတွေ ပြန်ထုတ်ကုန်လို့ ပြန်မအမ်းနိုင်ဖြစ်ပြီး ဘဏ်တွေ ပြေးကြရတယ်လို့ သတင်းတွေမှာ ပါတယ်။ ဆီလီကွန်ဗယ်လီက အယင်တပတ်၊ အခု တနင်္လာမှာက ဆစ်ဂနေချာဘဏ်။ ပြည်ထောင်စုအစိုးရကတော့ အဲသည်ဘဏ်တွေကို ထိန်းချုပ်လိုက်ပြီးတော့ ဘဏ်စည်းမျဉ်း ဘဏ်အာမခံဥပဒေများနဲ့အညီ ငွေအပ်ထားသူတွေကို ပြန်ထုတ်ပေးနေပြီလို့ ဆိုပါတယ်။ ဘယ်လောက်ဖိုးအထိ ငွေပြန်ရမလဲဆိုတာကတော့ မသိပါဘူး။ FDIC လို့ ခေါ်တဲ့ ပြည်ထောင်စုဆိုင်ရာ ငွေသွင်းခြင်း အာမခံရေး ကော်မရှင်က သွင်းငွေ တဦးလျင် ၂သိန်းခွဲအထိ အာမခံတယ်လို့ ဆိုသော်လည်း သည်ထက်ပိုပြီး ငွေသွင်းထားသူတွေအတွက် ဘယ်လောက် ဆက်လုပ်ပေးမလဲက မေးခွန်းဖြစ်နေပါတယ်။ သမတ ဘိုင်ဒင်ကတော့ အဲသည်ဘဏ်က အမှုဆောင်တွေ ဝန်ထမ်းတွေကို အလုပ်ကနေ အနားပေးပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်မှာ စီးပွားရေး မငြိမ်မသက်ဖြစ် ငွေတွေ ဖောင်းပွ၊ ကုန်စျေးနှုန်းတွေကြီးဆိုတဲ့ သတင်းတွေ ပလူပြန်လို့ လူတွေ စိတ်ပူပန်နေချိန် (တကယ်ကတော့ မြေပြင်ကလူတွေက သိပ်ပြီး အပူမကြီးသေးပါ။ ဆိုရှယ်မီဒီယာက ပိုပြီး ပူပြနေတာပါ)။ ဘဏ်တိုးတွေက မြင့်နေလို့ အရောင်းအဝယ်ကလည်း ပါးတော့ အခုလို ဘဏ်တွေ ပြေးပြီဆိုတော့ လူတွေက ခေါင်းနပမ်း ကြီးကုန်ကြတယ် ဆိုပါတယ်။ စီးပွားတကယ် ပျက်ပြီလားလို့ စိုးရိမ်ကြပါတယ်။

သည်ဘဏ်တွေက ဘာတွေလဲ ဆိုတာကို အရင် ဆန်းစစ်ကြည့်တော့ သူတို့က နည်းပညာကုမ္မဏီအသစ်တွေကို ငွေချေးတဲ့ ငွေလက်ခံစုဆောင်းပေးတဲ့ ဘဏ်လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဘဏ်ကြီးတွေက စွန့်စားမှုများတဲ့ နည်းပညာ start-up အသစ်ပျိုးခင်းတွေ စမ်းသပ်မြုတ်နှံဖို့ ဝန်လေးချိန်မှာ သည်လိုဘဏ်လုပ်ငန်းတွေက အားကိုးရပါတယ်။ သူတို့က အမြတ်တွေ ကြီးသလို အရှုံးကို ရင်ဆိုင်ရဖို့လည်း လွယ်ပါတယ်။ အခုအချိန် ဆီလီကွန်ဗယ်လီဘဏ်မှာ အမြတ်မထွက်ဘဲ အရှုံးများတဲ့ စွန့်စားရတဲ့ ရင်းနှီးမှုတွေထဲ ရေမြုတ်နေချိန် (Under-water) ဘဏ်စာရင်းဖွင့်ထားသူတွေက ငွေတွေ ပြန်ထုတ်ကြတော့ တခါတည်း ပြိုလဲကုန်တာလို့ ဆိုပါတယ်။

၂၀၀၇-၂၀၀၈ အမေရိကန် စီးပွားပျက်ကပ်ဆိုက်တုန်းက အိုဘားမားသမတလက်ထက်မှာ ဘဏ်တွေကို အပြစ်ပေး အရေးယူမှု မရှိဘဲ အကုန်လုံးကို ပြည်သူအခွန်စိုက်ပြီး ကယ်တင်ဖူးပါတယ်။ သည်လိုကယ်တင်လို့ အမေရိကန်ပြည် လူမွဲစာရင်းမဝင်ပေမယ့် ခုနင်ကလို မနိုင်မနင်း စွန့်စားရတဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်တဲ့ မှားယွင်းသူ ဘဏ်အမှုဆောင်ကြီးတွေက ဘာမှ မပွန်းမပဲ့ လွတ်မြောကုန်ကြတာကို ဝေဖန်ကြပါတယ်။ ဒါကြောင့် အိုဘားမားလက်ထက်မှာ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေမှာ အရန်ငွေကြေးတွေ နဲ့ တန်ဖိုးကြီးအာမခံစနစ်တွေ ဝယ်ပြီးမှသာ အချိုးကျ အရှုံးခံသာမည့် ငွေကြေးမြုပ်နှံစွန့်စားမှုတွေ လုပ်ကြဖို့ နည်းဥပဒေသစ်တွေ ပြဌာန်းခဲ့ပါတယ်။ သို့သော် အရင်းရှင်ဘက်တော်သား လက်ယာစွန် သမတကြီး ထရန့် တက်လာတော့ အဲသည် ဘဏ်နည်းဥပဒေတွေကို လျော့ချခဲ့ပါတယ်။ ဒါကြောင့် အခုလို သူများငွေတွေယူပြီး အဆင်အခြင်မဲ့ လောင်းကြေးထပ်ကြတဲ့ ဘဏ်တွေ ပြိုလဲရတာ ထပ်ဖြစ်ရတယ်လို့ သတင်းတွေက သုံးသပ်ပါတယ်။

အခုတော့ ဒီမိုကရက်အစိုးရ ဘိုင်ဒင်တို့က အချိန်မီ ကာကွယ် စောင့်ရှောက် အရေးယူမယ် ပြောပါတယ်။ လုပ်ငန်းရှင်တွေကို ကာကွယ် ကယ်တင်မယ့်အစား အပြစ်မဲ့သူ စားသုံးသူ ဘဏ်ငွေအပ်ထားသူတွေကို ကာကွယ် ကူညီမယ် ပြောထားတော့ စိတ်အေးရမလား မသိ၊ စောင့်ကြည့်ယုံသာ ရှိပါတယ်။

မြန်မာပြည်မှာ မင်းအာင်လှိုင် အာဏာသိမ်းပြီးတော့ ဘဏ်တွေဆီက ပြည်သူတွေ ငွေတွေ ထုတ်ကြတဲ့အခါတုန်းက စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ငွေတွေ ထုတ်လို့မရအောင် တားဆီးခဲ့ပါတယ်။ ပြည်သူတွေအများကြီး နစ်နာ ဒုက္ခရောက်ကြရတယ်။ အခုထိလည်း အစိုးရဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေထဲမှာ ပြည်သူတွေ သိမ်းဆည်းထားတဲ့ ငွေကြေးများစွာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ ဘဏ်တွေကနေ ပြည်သူတွေက ကြိုက်သလောက် ငွေထုတ်လို့ မရတဲ့အပြင် ဘဏ်မှောင်ခိုလုပ်ငန်းပေါ်ပေါက်လာပြီး ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာကို ပွဲစားခ မိုက်ကြေးခွဲခံပြီး ပြန်ထုတ်ရတာကြောင့် စစ်ကောင်စီအသိုင်းအဝိုင်းတွေ ဘဏ်လုပ်ငန်းရှင်တွေထဲက မသမာသူတွေ နေ့ချင်း ကြွယ်၀ချမ်းသာကုန်ကြပါတယ်။ စစ်ကောင်စီကလည်း အပြင်ဘဏ်တွေက ဒေါ်လာတွေကို ဗဟိုဘဏ်ထဲ ထည့်ကြဖို့ မတရားအမိန့်ထုတ်ပြီး ဗဟိုဘဏ်နဲ့ အခြားဘဏ်က ပုဂ္ဂလိကဒေါ်လာစာရင်းတွေကို စျေးနှိမ်ထားတဲ့ ကျပ်ငွေအဖြစ် အဓမ္မပြောင်းခဲ့ပါသေးတယ်။ မြန်မာပြည်မှ တရားဝင်ဘဏ်စနစ်က လည်ပတ်တဲ့ ငွေကြေးအပြင် ဘဏ်စနစ်ပြင်ပ စားသုံးသူလက်ထဲမှာ လက်ငင်းငွေစက္ကူအတိုင်း cash only လည်ပတ်တဲ့ စနစ်ရှိနေတာကြောင့် ယခုအထိ ဘဏ်စနစ်နဲ့ ငွေကြေးစနစ် ဘုံးဘုံးမလဲသေးတာလို့ ဆိုပါတယ်။ အခုချိန်မှာ ဒေါ်လာစျေး ၂၈၀၀ ဝန်းကျင်နဲ့ NUG Pay ဒေါ်လာစျေး ၂၈၆၅ ပေါက်နေပါတယ်။







Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar