Breaking News

ကောင်းဇေလူ - ကိုယ့်သမိုင်း ကိုယ်ရေးကြရမယ့် အချိန်

ကိုယ့်သမိုင်း ကိုယ်ရေးကြရမယ့် အချိန်
ကောင်းဇေလူ
(မိုးမခ) မတ် ၂၁၊ ၂၀၂၃

လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေးအခင်းအကျင်းက အတော်ပြင်းထန်တဲ့ အခြေအနေကိုရောက်နေပြီး အတော်လည်း ရှုပ်ထွေးတဲ့အခြေအနေဆိုက်လာပြီလို့ ဆိုနိုင်တယ်။ အတော်ပြင်းထန်လာတယ်လို့ဆိုရတာက  စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့၊ ရွာသူရွာသားတွေကို အကြောင်းမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်လာတာကြောင့် ဖြစ်ပါတယ်။  စစ်ရာဇဝတ်မှု တွေကျူးလွန်တဲ့ကိစ္စမှာ ကာကွယ်ရေး-ဒုချုပ်ကိုယ်တိုင် အမိန့်ပေးတာ ဖြစ်တယ်လို့သတင်းတွေထွက်လာတယ်။ အတော်ရိုင်းတဲ့အကြံဖြစ်တယ်။ အာဏာသိမ်းစစ်ကောင်စီက တစ် နိုင်ငံလုံးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၆၄) ကြိမ်ကျူးလွန်ခဲ့ပြီး (၇၆၆) ယောက်အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန် ထားကြောင်း RFA သတင်းကဆိုတယ်။
 
၂ဝ၂၁ ဇူလိုင်ကနေ ၂ဝ၂၃ ခုနှစ် မတ်လ ၁၃ ရက်အတွင်း အရပ်သား ၅ ယောက် နဲ့အထက် အစုအပြုံလိုက် သတ် ဖြတ်ခံရ မှုတွေကို NUG က စာရင်းပြုစုထားကြောင်း သိရတယ်။ အစုလိုက်သတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျူးလွန်ခဲ့တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အတော်ရှုပ်ထွေးတဲ့အခြေအနေဆိုက်လာပြီလို့ဆိုရခြင်းက မြန်မာနိုင်ငံမှာ တတိယအင်အားအကြီးဆုံး တိုင်း ရင်းသားနိုင်ငံရေးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ လက်ရှိ နိုင်ငံရေးအနေအထားမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်ဖို့ဆုံးဖြတ်လိုက်ကြောင်း သတင်းထွက်ပေါ်လာခြင်းကြောင့် ဖြစ်တယ်။ SNLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး(မတ် ၁၇-၁၈)မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ဘာကြောင့် ဒီလိုဆုံးဖြတ်ခဲ့ရပုံကို အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဗွီအိုအေသတင်းသို့ အခုလို ပြောခဲ့တယ်။

“နစကအနေနဲ့ ရွေးကောက်ပွဲကိုဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိဘူး။ ဒါ ဆုံးဖြတ်ရ အင်မတန် ခက်ခဲစေပါတယ်။ ဒုတိယတချက်က ပါတီဝင်ထုကို သွားရောက်ပြီးတော့မှ သဘောထားရယူဖို့အတွက် နယ်ဆင်းမယ်၊ အထူးသဖြင့် ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေမှာ တွေ့ဆုံဖို့အတွက် အချိန်နည်းတယ်။ လုံခြုံရေးအရ အကန့်အသတ်ရှိတယ်။ ပါတီဝင်ထုတရပ်လုံးရဲ့သဘောထားကိုရယူဖို့ ခက်တဲ့အတွက်ကြောင့်မို့လို့ မဆုံးဖြတ်နိုင်သေးဘဲနဲ့ လောလောဆယ်အားဖြင့် ဆက်လက်မှတ်ပုံတင်စရာမရှိဘူးလို့ ဆုံးဖြတ်လိုက်ရပါတယ်။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစောကြီးကတည်းက နကစရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း၊ နစကအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့မဆိုထားနဲ့၊ ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွင့်တောင်မရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ ကိုလည်း ဖျက်သိမ်း ထားပြီးဖြစ်ကြောင်း ကြေညာထားပြီးဖြစ်တယ်။ စစ်ကောင်စီရဲ့ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံရေးပါတီများ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမယ်လို့ ဆိုထား ပြီး ရက် ၆၀ ပြည့်တဲ့ မတ်လ ၂၈ ရက် နေ့ကို နောက်ဆုံးနေ့အဖြစ်သတ်မှတ် ကြေညာထားတယ်။ ကုလသမဂ္ဂအပါအဝင် အီးယူ၊ အမေရိကန်နဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတကာ အစိုးရတွေက နကစ ကြေ ညာထားတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေတဲ့အတွက် မထောက်ခံကြဖို့နှိုးဆော်နေကြတယ်။
 
လက်ရှိ မှတ်ပုံတင်ခဲ့တဲ့ပါတီ ၂၀ ကျော်ရှိနေပြီလို့ဆိုတယ်။ စစ်အာဏာမသိမ်းမီ တရားဝင်ရပ်တည်ခဲ့တဲ့နိုင်ငံ ရေးပါတီအရေအတွက် ၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ၄ ပုံ ၁ ပုံမျှသာ ရှိတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ မှတ်ပုံ တင်ဥပဒေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့်ပါတီတွေအဖို့ ငွေအား၊ ပါတီဝင်အရေအတွက်၊ ရုံးခွဲ အရေအတွက်နဲ့ ရွေးကောက်ပွဲကျင်းပခဲ့ရင် တနိုင်ငံလုံးရှိ အမတ်နေရာထက်ဝက်ကျော်ကို ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ဆိုထားတယ်။ ဒီ အချက်တွေကြောင့် ယှဉ်ပြိုင်မယ့် ပါတီအရေအတွက် သိသိသာသာလျော့နည်းသွားအောင် ရည်ရွယ်ရေးဆွဲထားတာဖြစ်တယ်လို့သုံးသပ်ကြတယ်။
 
ဒီအကြောင်းအချက်တွေကြောင့်လို့ဆိုတာထက် စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲ၀င်လိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကိုထောက်ခံရာရောက်တယ်လို့ ယူဆရမယ့် အခြေ အနေကြောင့် ဖြစ်တယ်။ အချုပ်သဘောကတော့ နစကရဲ့ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခြင်းဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးကို ဆန့်ကျင်တာဖြစ်တယ်။ စစ်အာဏာရှင်စနစ် ပြန်လည်အသက်သွင်းဖို့အားပေးရာရောက်တယ်။ ပြည်သူ့ဆန္ဒကို ကျောခိုင်းပစ်ပယ်ရာရောက်တယ်လို့ မထောက်မညှာပြောသင့်တယ်။

စစ်ကောင်စီက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ အတိုက်အခံနိုင်ငံရေးပါတီတွေကို နှိပ်ကွပ်မှုဖြစ်ပြီး၊ ဒီဥပဒေအတိုင်းဆိုရင် နိုင်ငံရေးပါတီတွေ နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိတာ နောက်ပြီး အဲဒီ ဥပဒေသစ်အရဆို ထောင်ဒဏ်ချမှတ်ခံရသူတွေ နိုင်ငံရေးပါတီမှာပါဝင်ခွင့်မရှိတဲ့အတွက်၊ အဓိကနိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးထဲ ဝင်မရအောင် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဝေဖန် ထောက်ပြထားတယ်။
လက်တွေ့မြေပြင်အခြေအနေအရ ဂျန်ဇီးလူငယ်မျိုးဆက်တို့က လက်နက်ကိုင်လမ်းစဉ်သည်သာ တခုတည်းသော ရွေးချယ်စရာလမ်းကြောင်းလို့ ဆိုကြတယ်။ ဒီအခြေအနေကို လက်မခံနိုင်တဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားတွေလည်း ရှိနေတာတွေ့ရပေမယ့် လက်တစ်ဆုပ်စာလူနည်းစုသာ ဖြစ်တယ်။
 
လူငယ်မျိုးဆက်သစ်တို့ရဲ့ လက်နက်ကိုင်နည်းလမ်းကိုမယုံကြည်တဲ့ နိုင်ငံရေးသမား နိုင်ငံရေးအဖွဲ့အစည်းတွေ အဖို့တော့ စစ်ကောင်စီကကြေညာတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေအောက်မှာ မှတ်ပုံတင်ကြမယ့်သဘောဖြစ်တယ်။ လက်ရှိ နကစရဲ့ အတုအယောင်ရွေးကောက်ပွဲအခင်းအကျင်းက ရွေးကောက်ပွဲနည်းလမ်းနဲ့ မြန်မာ့နိုင်ငံရေးကိုအဖြေရှာလိုတဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကိုအသုံးချပြီး စစ်အာဏာ ဆက်လက် ထူ ထောင်မှာ ဖြစ်တယ်။ ဒါကို မမြင်ဟန်ပြုပြီး နစကဆင်ထားတဲ့ ရွေးကောက်ပွဲထောင်ချောက်ထဲ တိုးဝင်မယ့်သူတွေကတော့ နိုင်ငံရေးအရ အချောင်သမားဖြစ်မယ့်အနေအထားဖြစ်တယ်။

ဒီအခြေအနေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဥပဒေကြောင်းအရ အရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်တာ တွေ့ရတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ သတ် ဖြတ်မှုတွေကို အားပေးအားမြှောက်ပြုသူတွေအဖြစ်သတ်မှတ်ပြီး ဥပဒေကြောင်းအရ အရေးယူမယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်။ အခုလို ကြေညာချက်ထုတ်ပြန်ခြင်းဟာ လက်တွေ့အရေးယူနိုင်ခြင်း မယူနိုင်ခြင်းထက် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီတွေကို နိုင်ငံရေးရပ်တည်ချက်အရ အမည်ပျက်စာရင်းထည့်သွင်းလိုက်ခြင်းဖြစ်တယ်။ ပြည်သူဘက်ကလား၊ စစ်ကောင်စီဘက်ကလား ဆိုတာ သိသာထင်ရှားစေဖို့ မေးခွန်းထုတ်လိုက်ခြင်းဖြစ်တယ်။
 
လက်ရှိ ပြည်သူအများ ထောက်ခံထားတဲ့ နွေဦးတော်လှန်ရေးကာလမျိုးမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလည်းဖြစ်  ဒေသတွင်း သြဇာကြီးတဲ့ အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံတဲ့သတင်းလည်း ခုရက်ပိုင်းမှာ တွေ့လာရပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက် ပေါက်တခုအဖြစ်မှတ်ယူပြီး ကြိုဆိုထောက်ခံဖို့စဉ်စားနေသလားဆိုတာတော့ မပြောနိုင်သေးပေမယ့် တရုတ်က ပိုနေမြဲ ကျားနေမြဲ (Status quo) အနေအထားဆီ ပြန်တွန်းပို့လိုတဲ့သဘော ရှိနေပုံရပါတယ်။
 
မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ အလွယ်ခေါ်ဆိုကြတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းကော်မတီ FPNCC အဖွဲ့က ဝ ပြည်နယ် ပန်းခန်းမြို့မှာ ခုရက်ပိုင်းတွေ့ဆုံကြပြီး မတ်လ ၁၆ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့တယ်။ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကိစ္စတွေကို တွေ့ဆုံဆွေးနွေး အမြင်ဖလှယ်ကြတဲ့သဘောလို့ ယူဆရတယ်။ အဖွဲ့ဝင် (၇) ဖွဲ့စလုံးက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီး ၂ ရက်ကြာဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာ ... “မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြန်လည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်နိုင်ငံ၏ကြားဝင်ဆောင်ရွက်မှုအပေါ်  ကြိုဆိုထောက်ခံပါသည် ” လို့ စာပိုဒ် ၆ မှာ ဖော်ပြထားတာ တွေ့ရကြောင်း ဗွီအိုအေသတင်းက ဖော်ပြတယ်။  
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လက်နက်ကိုင်အဖွဲ့တွေအထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် အင် အားအကြီးဆုံးဖြစ်တဲ့ ဝ အဖွဲ့ပါဝင်သလို လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းလက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကနေရာက ပါဝင်တိုက်ခိုက်နေတဲ့ ကေအိုင်အေလို အဖွဲ့လည်း ပါဝင်တယ်။ ရခိုင်ပြည်နယ် လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကအင်အားစု ဖြစ်တဲ့ AA လို အဖွဲ့လည်းပါဝင်နေတာ တွေ့ရတယ်။
 
ဒီမဟာမိတ်အဖွဲ့ဝင်လက်နက်ကိုင်အဖွဲ့အများစုဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ဒေသတွေမှာ အခြေ စိုက်ကြတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့  နယ်စပ်အခြေစိုက်စခန်းလို ကိစ္စရပ်တွေ၊ လက်နက်နဲ့ အခြားကုန်ပစ္စည်းတွေဝယ်ယူရရှိရေး ခေါင်းဆောင်တွေရဲ့ တဦးချင်းလုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အကူအညီနားလည်မှုတွေ ရယူကြရတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် တရုတ်နိုင်ငံက အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အတိုင်းအတာတခုထိ သြဇာရှိတယ်လို့ ဆိုနိုင်ပါတယ်။
 
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ခြင်းဟာ အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်နေတာကြောင့်ဆိုတာ ထက်  အိမ်နီးချင်းနယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်လို့ မြန်မာပြည်တွင်းစစ် ပဋိပက္ခတွေက  တရုတ် နိုင်ငံအပေါ် သက်ရောက်မှုရှိလာနိုင်တာကြောင့်လို့ ဆိုတဲ့ သဘောမျိုးလည်းရှိတယ်။  နောက်တချက်က တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး စီမံကိန်းတွေ အများအပြား ရင်းနှီးမြှုပ်နှံထားတဲ့အတွက် အကျိုးစီးပွားကိစ္စလည်း ပါနေတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၊ တရုတ်နိုင်ငံရဲ့ Belt-and-Road ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစီမံကိန်းမှာပါဝင်နေတာ စတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးစီး ပွားတွေနဲ့လည်း ဆက်နွယ်နေတာကြောင့် နိုင်ငံရေး သြဇာကို အသုံးချပြီး  မြန်မာ့အရေးမှာ ပါ၀င်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံလို့ ဆိုရင်လည်း မမှားပါဘူး။
 
မြန်မာ့အရေးမှာ အနောက်အုပ်စုရဲ့ ဦးဆောင်သူ ဖြစ်တဲ့ အမေရိကန် အနေနဲ့ NUG အစိုးရကို သံခင်း တမန်ခင်းအရ ထင်ထင်ပေါ်ပေါ် ထောက်ခံနေတာကိုလည်း တရုတ်နိုင်ငံက စိုးရိမ်ပုံရပါတယ်။ မြန်မာစစ်တပ်ဟာ လတ်တလောမှာ တရုတ်နိုင်ငံထက် ရုရှားနဲ့ ပိုမိုပူးကပ်ပြီး ဆက်ဆံနေတာ တွေ့ရတယ်။ အကြောင်းကတော့ စစ်လက်နက်အကူအညီ အရေးပေါ်လိုအပ်ချက်ကြောင့်လို့ယူဆရပါတယ်။ အခြားတဖက်မှာ စစ်ကောင်စီအနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ဖိအားပေးနေတဲ့အပေါ် တုံ့ပြန်နိုင်ရေးအတွက် တရုတ်နဲ့ရော၊ ရုရှားနဲ့ပါ ဆက်ဆံရေး တိုးမြှင့်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။ စစ်လက်နက်ဝယ်ယူရရှိရေးအတွက်သာမက၊ သံခင်းတမန်ခင်းစစ်မျက်နှာမှာ အရေးမနိမ့်ဖို့ အတွက် စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးကို မျက်နှာချိုသွေး ဆက်ဆံရတဲ့ အခြေအနေရောက်နေပုံပါပဲ။  

အခုလိုအနေအထားမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့သာမက မင်းအောင်လှိုင်နဲ့ပါ တရုတ်နိုင်ငံက တွေ့ဆုံခဲ့ခြင်းဟာ အမေရိကန်ကပြဋ္ဌာန်းလိုက်တဲ့ Burma Act ကြောင့် မြန်မာ့အရေးကို အဆောတလျှင် ကြားဝင်ဖြေရှင်းဖို့ လိုလားကြောင်း ပြသလိုက်ပုံရတယ်။  တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှုမြင်ရာမှာ ပိုနေမြဲ ကျားနေမြဲ(Status quo)အနေအထားဆီ ပြန်တွန်းပို့လိုတဲ့သဘောရှိတဲ့အတွက် စစ်ကောင်စီကို သူ့နယ်ရုပ်အဖြစ် ဆက်ထားလိုတာဖြစ်တယ်။ ဒါကြောင့် အာဆီယံဘုံသဘောတူညီမှု ၅-ချက်ကို ဆက်လက် အကောင် အထည်ဖော်ဖို့ တရုတ်က ထောက်ခံနေခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံကချမှတ်ခဲ့တဲ့ ဘုံသဘော တူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးဟာ အရေးကြီးပြီး စစ်ကောင်စီက ဒါကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေက တိုက်တွန်းထားတယ်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာ သိမ်းမှုပြီးတဲ့နောက် ၂၀၂၁ ဧပြီလ မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပါ၀င်တက်ရောက် သဘောတူခဲ့တဲ့ အဲဒီအချက် ၅ ချက်ကို တရုတ်ကထောက်ခံနေခြင်းဖြစ်တယ်။ ဒါပေမယ့် မင်းအောင်လှိုင်ကဖမ်းဆီးထားတဲ့အတိုက် အခံခေါင်းဆောင်တွေကိုမလွှတ်တဲ့အပြင် အကြမ်းဖက်မှုတွေလည်း နေ့စဉ်ရက်ဆက်တိုးမြှင့်လုပ်ပြနေတာတွေ့ရတယ်။ အာဆီယံအဖွဲ့ကို မထေမဲ့မြင်လုပ်နေသလိုပါပဲ။

တရုတ်နိုင်ငံက မြန်မာပြည်တွင်းက သယံဇာတ တူးဖော်မှုတွေမှာလည်း စစ်တပ်အာဏာပိုင်တွေနဲ့ပေါင်းပြီး မတော်မတရား အကျိုးအမြတ်ရယူနေတဲ့နိုင်ငံဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုက တရုတ်နိုင်ငံအပေါ် ရွံရှာမုန်းတီးပြီး တရုတ်ဆန့်ကျင်ရေးအမြင်တွေ ရှိနေတာ ဖြစ်တယ်။ မြစ်ဆုံကိစ္စ၊ လက်ပန်းတောင်းတောင် ကြေးနီတူးဖော်တဲ့ကိစ္စ၊ မြေရှားသတ္တုကိစ္စတွေအပြင် ရေနန်ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ကျောက်ဖြူရေနက်ဆိပ် ကမ်းကိစ္စတွေမှာ တရုတ်ဘက်က အသာစီးယူ အမြတ်ထုတ်လွန်းတာတွေဟာ ထင်ရှားတဲ့သာဓက ဖြစ်တယ်။
 
လက်ရှိ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှုမှာ NUG က အရေးပါတဲ့ အခန်းကဏ္ဍမှာပါ၀င်နေတဲ့အတွက် တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ မူဝါဒတရပ်ရှိဖို့ လိုအပ်မှာဖြစ်တယ်။ ဒါပေမယ့်၊  မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာကို အဖြေရှာရေးမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့လက်တွဲပြီး ကြိုးစားမလား၊ တရုတ်နဲ့အာဆီယံတို့နဲ့ သဟဇာတဖြစ်ရေးလမ်းကို လိုက်မလား၊ ဦးနှောက်မုန်တိုင်းဆင်ကြည့်ရမယ်ထင်တယ်။
 
NUG အနေနဲ့ အမေရိကန်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိခြင်းက ကိုယ့်နိုင်ငံ အနာဂတ်ကို ဖော်ဆောင်ရေးအတွက် အကျိုးရှိဖို့ များပါတယ်။ ကွန်မြူနစ်တရုတ်နိုင်ငံရဲ့ လောင်းရိပ်အောက်ကရုန်းထွက်နိုင်ရေးအတွက် အမေရိကန်နိုင်ငံရဲ့အကူအညီ မလွဲမသွေလိုအပ်နေတယ်။ တရုတ်ရဲ့ လောင်းရိပ်အောက်က လွတ်မြောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုံးဝလွတ်မြောက်နေဖို့လည်း လိုပါတယ်။ အချုပ်အားဖြင့် ဒီကနေ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲလမ်းကို လိုက်ပါနေသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လူတွေဖြစ်တယ်။ စစ်တပ်နဲ့ပေါင်းပြီး ကိုယ်ကျိုးရှာဖို့အတွက် ပြည်သူကိုသစ္စာဖောက်ဖျက်သူတွေ ဖြစ်တယ်။ စစ်ကောင်စီ ကိုယ်၌ကလည်း အာဏာ တည်မြဲရေးအတွက် တရုတ် ရုရှားတို့နဲ့ပေါင်းပြီး တိုင်းပြည်ကို ရောင်းစားနေတာဖြစ်တယ်။ တရုတ်နဲ့ ရုရှားရဲ့ နောက်မြီးဆွဲအဖြစ်နဲ့ ပြည်သူကို သစ္စာဖေါက်ခြင်း ဖြစ်တယ်။ ဒီတော့ ဒီကနေ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ ပြည်သူ့အကျိုးကို ကာကွယ်ကြမှာလား။ ကိုယ်ကျိုးရှာကြမှာလား။ ကိုယ့်သမိုင်း ကိုယ်ရေးကြရမယ့် အချိန်ဖြစ်ပါတယ် ။။။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar