Breaking News

ကိုလှိုင်းသစ် - ကျွန်တော်နှစ်သက်ခဲ့သောစာသားများအကြောင်း (အပိုင်း ၂)

ကျွန်တော်နှစ်သက်ခဲ့သောစာသားများအကြောင်း (အပိုင်း ၂)
မောင်လှိုင်းသစ်
(မိုးမခ) မတ် ၂၁၊ ၂၀၂၃

၁။ “မနက်ဖြန်ကိုနောက်ဆုံးထားပြီးအကြောင်းပြန်ပါတဲ့၊ သဘောတူတယ်ဆိုရင် ဒီအပတ်ထဲပဲငွေချေမယ်၊ ငွေချေမယ့်နေ့ပဲပစ္စည်းဖြုတ်မယ် …….”
* ဖေမြင့် - လူသုံးကုန်ပစ္စည်းရောင်းသူများ (မဟေသီ၊ နိုဝင်ဘာ၊ ၁၉၉၁)

ဒီတခါတော့ ပြုံးစရာလေးနဲ့ပဲအစပြုပေးလိုက်ပါတယ်။ ဆရာဖေမြင့်ဆိုတာနဲ့ ကြီးပွားရေးတက်ကျမ်းတွေ၊ ဘာသာပြန်တွေ သတိရမိကြမှာပါ။ ဘာသာပြန်ဆိုရင်လည်း ချက်ကောဗ့်ရဲ့စာတွေဆို ဆရာဖေမြင့်ဘာသာပြန်မှကြိုက်တာဆိုတဲ့ အစွဲလေးတွေတောင် ရှိကြတာ။ ဆရာဖေမြင့်သည်လည်း ပင်ကိုယ်ရေး၀တ္ထုတိုပေါင်းများစွာကိုရေးခဲ့ပြီး ဝတ္ထုတိုအရေးကောင်းသူပါ။ ပင်ကိုယ်ရေးဝတ္ထုရှည်တော့ မတွေ့ဖူးသေးဘူး။ ထားပါတော့…… ။ ဒီစာသားလေးကတော့ ဆရာ့ရဲ့ လူသုံးကုန်ပစ္စည်းရောင်းသူများ ဆိုတဲ့ ဝတ္ထုတိုလေးကယူပါတယ်။ ဆရာက ဒီဝတ္ထုတိုလေးကို ၁၉၉၁ နိုဝင်ဘာမှာ မဟေသီမဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားတတ္ထုတိုများဆိုတဲ့နာမည်နဲ့ပဲ ဝတ္ထုတိုပေါင်း ချုပ် ကို ၁၉၉×  မှာပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာရေးခဲ့တဲ့အတွက် ဆရာ့အမြင်က ခေတ်ရှေ့နည်းနည်းပြေးတယ်လို့ပဲ ပြောရမယ်။ 

လူသုံးကုန်ပစ္စည်းရောင်းသူများဆိုတာ မိသားစုတစ်စုကစီးပွားရေးမပြေ လည်လို့ လင်ရောမယားကော သားလေးကောက ခန္ဓာကိုယ်ထဲကပစ္စည်းတွေ၊ ကျောက်ကပ်တွေ၊ အသည်းတွေ၊ မျက်လုံးတွေကိုရောင်းစားနေကြတဲ့ မိသားစုတစ်စုပေါ့။ မိန်းမဆိုလည်း အငှားကိုယ်ဝန်ဆောင်တာ ၁၇ ကြိမ် လောက်ရှိပြီ၊ သူ့သားလေးဆိုလည်း စျေးကောင်းရလို့ ကျောက်ကပ်ထုတ်ရောင်းထားတာ ကျန်းမာရေးကမကောင်းတော့ဘူး၊ သူကိုယ်တိုင်လည်း မျက်လုံးတစ်ဖက်၊ ကျောက်ကပ်တစ်လုံး၊ အဆုတ်တစ်မွှာ ထုတ် ရောင်းထားတယ်။ ဖတ်ဖူးတဲ့စာအုပ်တွေထဲကဆိုရင် ဆရာမြသန်းတင့်ရဲ့ သုခမြို့တော်ထဲက ဟာရီစပါးကို သတိရမိတယ်။ အဲဒါနဲ့ တစ်ရက် ...ကလေးကျန်း မာရေးအတွက်လည်း ငွေလိုနေတဲ့အချိန် သူ့မိန်းမကသူ့ကို မပြောသာပြောသာ ပြောလာတယ်၊ ယောကျာ်းလျာတစ်ယောက်က ယောက်ျားဖြစ်အောင်ခွဲစိတ်ပြီး ယောကျာ်းတန်ဆာ တပ်ချင်တယ်။ ကွန်ပျူတာမှာစစ်ကြည့်တော့ သွေးသားအနီးစပ်ဆုံးက သူပဲဖြစ်နေတယ်။ အဲဒါနဲ့ သူ့မိန်းမကိုချဉ်းကပ်၊ စျေးကောင်းပေးပါမယ်ဆိုပြီး ယောကျာ်းတန်ဆာရောင်းဖို့ ပြောလာတာ၊ အဲဒါနဲ့ သူ့မိန်းမက (ငွေလည်းလိုနေတော့) ယောကျာ်းတန်ဆာကိုရောင်းဖို့ သူ့ယောကျာ်းကို တိုက်တွန်းတာပါ။ 

“မနက်ဖြန်ကိုနောက်ဆုံးထားပြီးအကြောင်းပြန်ပါတဲ့၊ သဘောတူတယ်ဆိုရင် ဒီအပတ်ထဲပဲငွေချေမယ်၊ ငွေချေမယ့်နေ့ပဲပစ္စည်းဖြုတ်မယ် …….” အဲဒီမှာယောကျာ်းအိပ်ပျော်နေရာက လန့်နိုးလာတယ်။ အမှန်ကအိပ်မက် မက်နေတာပါ။

စာသားလေးကပြုံးစရာလေးပါ။ Online ပေါ်မှာလည်း ဥရောင်းတယ် ဝယ်တယ်နဲ့ ရေးနေကြတာတွေ့တော့ ဒီစာသားလေးကိုသတိရမိပါတယ်။ တလောက ကိုယ်ခရီးသွားနေတုန်း Online ပေါ်မှာ Page တစ်ခုတက်လာတယ်၊ လဥစျေးကောင်းပေးဝယ်သည်၊ သိန်း ၇၀၀၀ အထိပေးမည်ဆိုပြီးတက်လာတယ်။ အမျိုးသမီးက အဲဒီ Link လေးပို့ပေးပြီး ခရီးသွားနေလို့ ကံကောင်းသွားတယ်မှတ်ဆိုပြီး လှမ်းပြောတယ်။ ကိုယ်လည်းတွေးမိပြီးပြုံးမိပါတယ်။ ညအိပ်ပျော်နေတုန်းဖြုတ်ထား၊ မနက်ကျ မရှိတော့ရင် ဒုက္ခပဲဆိုပြီးပြုံးမိပါရဲ့။ ငွေချေမယ့်နေ့ပဲပစ္စည်းဖြုတ်မယ် ……. ၊ ဆရာကအဲဒီဝတ္ထုတိုပေါင်းချုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။

ဒီနေ့ခေတ်ရဲ့ လူမှုဘဝတွေမှာကော အဲဒီလိုတွေဖြစ်နေပြီလား၊ ကျွန်တော်လည်းမပြောတတ်ဘူး။ ထားပါတော့။ ဒီဝတ္ထုတိုလေးကိုဖန်တီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြန်ကြားရေးဝန်ကြီးလည်း အချုပ်အနှောင်ကနေအမြန်ဆုံးလွတ် မြောက်နိုင်ပါစေ၊ ချက်ကော့ဗ် ဝတ္ထုတွေလည်း ဘာသာဆက်ပြန်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ……..။ ပစ္စည်းတော့ မဖြုတ်ပါနဲ့နော် …။

(၂) “ဒီမှာအိုင်ပီ၊ မိန်းကလေးနှစ်ယောက်ကိုခြောက်လုံးပြူးနဲ့ပစ်ဖမ်းခဲ့ရပါတယ်လို့ နောင်အခါမှာကျုပ် သားမြေးတွေရှေ့မှာပြန်မပြောဝံ့ပါဘူး၊ ခင်ဗျားပစ်ဖမ်းချင်ရင်ဖမ်းလေ…….”
* မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ယိမ်းနွဲ့ပါးဂိုဏ်း

ဆရာမင်းသိင်္ခဆိုတာနဲ့ ဆားပုလင်းနှင်းမောင် ဝတ္ထုတွေကို သတိရကြမှာပါ။ မင်းသိင်္ခလို့ဖြစ်လာစေတာလည်း ဆားပုလင်းနှင်းမောင်ဝတ္ထုတွေ အများကြီးပါ ပါတယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ အစုံပေါ့။ ဆရာ့ဝတ္ထုတိုတစ်ပုဒ်ထဲက စာသားလေးကိုကြိုက်လို့ ရေးလိုက်တာပါ။

ဇာတ်လမ်းက ဆားပုလင်းနှင်းမောင်နဲ့ အိုင်ပီဦးအောင်သင်း ရထားနဲ့ခရီးသွားကြတယ်။ မျက်နှာချင်းဆိုင်မှာ အမျိုးသမီးနှစ်ဦးထိုင်နေတယ်။ရထားကဘူတာရပ်ပြီးပြန်အထွက်မှာ အဲဒီအမျိုးသမီး ၂ ဦးက ဆားပုလင်းနှင်းမောင်နဲ့ ဦးအောင်သင်းကို ဓားနဲ့ပေါက်ပြီး ဆင်းပြေးပါတယ်။ ဆားပုလင်းနှင်းမောင်က သတိရှိပြီး ဦးအောင်သင်းကိုပါ ဆွဲချပြီးရှောင်လိုက်နိုင်ပါတယ်။ အဲဒီမှာဦးအောင်သင်းက ဆားပုလင်းနှင်းမောင်ကိုဆင်းပြေးသွားတဲ့မိန်းကလေးနှစ်ယောက်ကို သေနတ်နဲ့ပစ်ဖမ်းဖို့ပြောတယ်။ အဲဒီမှာဆားပုလင်းနှင်းမောင်ပြောတဲ့စကားက “ ဒီမှာအိုင်ပီ၊ မိန်းကလေးနှစ်ယောက်ကိုခြောက်လုံးပြူးနဲ့ပစ်ဖမ်းခဲ့ရပါတယ်လို့ နောင်အခါမှာကျုပ် သားမြေးတွေရှေ့မှာပြန်မပြောဝံ့ပါဘူး၊ ခင်ဗျားပစ်ဖမ်းချင်ရင်ဖမ်းလေ…….” လို့ပြောပြီးဦးအောင်သင်းကို သေနတ် ထိုးပေးလိုက်တယ်။ အရမ်းတန်ဖိုးရှိတဲ့ သိက္ခာရှိတဲ့စကားလေးပဲ။ 

ကိုယ့်အသက်ကိုရန်ရှာခဲ့တဲ့မိန်းကလေးနှစ်ယောက်ကို သေနတ်နဲ့ပစ်ဖမ်းဖို့စေခိုင်းတာကို သေနတ်အလွယ်တကူရှိပါလျက်၊ ပစ်နိုင်ပါလျက်၊ ပစ်ခွင့်ရှိပါလျက်နဲ့ သတ္တိရှိရှိငြင်းပယ်ခဲ့တယ်။  သူ့သမိုင်းနဲ့ သူ့သိက္ခာကိုတန်ဘိုးထားခဲ့တယ်။ ဆားပုလင်းနှင်းမောင်ဆိုတာ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပေမယ့် ဆားပုလင်းနှင်းမောင်ရဲ့သမိုင်းဟာလှခဲ့တယ်။ ဆရာ့အရေးအသားက ပြောင်မြောက်ခဲ့တယ်။ သတ္တိရှိတယ်ဆိုတာ အဲဒါပါပဲ။ မလုပ်သင့်မလုပ်ထိုက်တာကို ဘယ်သူစေခိုင်းစေခိုင်းဘယ် လောက်ပဲလုပ်ချင်လုပ်ချင် မလုပ်တာ၊ လုပ်သင့်လုပ်ထိုက်တာကိုဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ဖြစ်ဖြစ် ဘယ်သူပဲတားတား လုပ်ရဲတာ၊ ပြောသင့်ပြောထိုက်တာကို ဘယ်သူ့ကိုဖြစ်ဖြစ် ပြောရဲတာ၊ မပြောသင့်မပြောထိုက်တာကို ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မပြောတာ၊ ဒါမျိုးတွေကမှ သတ္တိရှိတယ်လို့ ခေါ်နိုင်တာပါ။ လက်နက်ကိုင်ပြီးရိုက်ရဲနှက်ရဲတယ်၊ လူသတ်ရဲတယ်၊ မလုပ်ရဲတာဘာမှမရှိဘူးဆိုတာ သတ္တိမဟုတ်ပါဘူး။ ဆရာမင်းသိင်္ခဟာ ဆားပုလင်းနှင်းမောင်ကို စရိုက်သေဇာတ်ကောင်အဖြစ် ဖန်တီးခဲ့တယ်။ ဒါပေမယ့် ဆားပုလင်းနှင်းမောင်ရဲ့သရုပ်ဖော်မှုတွေက ပီပြင်တယ်။ 

ဆရာက ဝတ္ထုဇာတ်လမ်းကို ၁၉၃၀ ဆရာစံတောင်သူလယ်သမားအရေး တော်ပုံကိုဖြစ်နေတဲ့အချိန်ကို အခြေခံပြီးရေးခဲ့တယ်။ သူရဲကောင်းတစ်ယောက် ပြောတဲ့စကားပေါ့။ တန်ဖိုးရှိတဲ့စာသားလေးကို ရေးခဲ့တဲ့ ဆရာကတော့ ကွယ်လွန်သွားခဲ့ပြီ။ “ မိန်းကလေးနှစ်ယောက်ကို ခြောက်လုံးပြူးနဲ့ပစ်ဖမ်းခဲ့ရပါတယ် လို့ နောင်အခါမှာကျုပ် သားမြေးတွေရှေ့မှာပြန်မပြောဝံ့ပါဘူး၊ ခင်ဗျားပစ်ဖမ်းချင်ရင် ဖမ်းလေ” တဲ့။ လေးစားစရာ ……။ ဒီနေ့ခေတ်မှာရော ???…………… ။

ကိုလှိုင်းသစ်
26-12-2022 
11:53 PM


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar