Breaking News

တိုက်ပွဲ၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အသက်ဆုံးရှုံးမှု၊ နေအိမ်မီးလောင်ပျက်စီးမှုများနဲ့ တနေ့တာသတင်းများ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၅ မြင်ကွင်း

(မိုးမခ) မတ် ၆၊ ၂၀၂၃


တိုက်ပွဲ၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အသက်ဆုံးရှုံးမှု၊ နေအိမ်မီးလောင်ပျက်စီးမှုများနဲ့ တနေ့တာသတင်းများ

 ဒီနေ့ဟာ တပေါင်းလပြည့်နေ့ ဖြစ်လို့ ပုံမှန်အားဖြင့်ဆို တပေါင်းလပြည့်နေ့ ဘုရားသွားကြတဲ့ သတင်းမျိုးက သတင်းစာမျက်နှာတွေမှာ ခေါင်းစီးအဖြစ် တွေ့မြင်ဖတ်ရှုကြရမှာဖြစ်ပေမယ့် အခုလို ကာလမှာ အဲဒီသတင်းမျိုးတွေက ဝါဒဖြန့် စာမျက်နှာတွေမှာသာ သတင်းခေါင်းစဥ် ဖြစ်ပြီး အခြားသော သတင်းဌာနတွေမှာတော့ အဲဒါနဲ့ ပြောင်းပြန် အကြောင်းအရာတွေ ဖြစ်ပါတယ်။ 

တနေ့တာ သတင်းတွေထဲမှာ အရပ်သားတွေကို လက်နက်ကိုင်တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ သတင်း၊ အရပ်သား ဖမ်းဆီးနှိပ်စက် ခံရတဲ့သတင်း၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ သတင်း၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးမီးရှို့ခံရတဲ့သတင်း၊ နှစ်ဖက်တိုက်ပွဲတွေမှာ လက်နက်ကိုင်တပ်တွေ သေဆုံးရတဲ့ အရေအတွက်၊ လက်နက်ကြီး ကျရောက်လို့ အသက်ဆုံးရှုံးရတဲ့ သတင်း၊ ဖမ်းဆီးခံရပြီး လွတ်လပ်တဲ့ တရားစီရင်မှု မဟုတ်တဲ့ သတ်မှတ်ပြီးသား ပြစ်ဒဏ်တွေနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်း၊ ဖမ်းဆီးဖို့ ပစ်မှတ်ထားသူကို မတွေ့လို့ မိသားစုဝင်တွေကို ဓါးစာခံအဖြစ်ဖမ်းဆီးတဲ့သတင်း၊ သတင်းပေး၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့သတင်းတွေက နေ့စဥ် ကြားသိနေရတဲ့ သတင်းတွေ ဖြစ်နေတာ ၂ နှစ်နီးပါးရှိလာပြီ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု အပြီး သီတင်းပတ် အနည်းငယ်ကြာပြီးကတည်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများကို စစ်တပ်နဲ့ ရဲတွေက ဖြိုခွင်းပြီး ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နှင်းချိန်က စလို့ သေနတ်ထိမှန်ပြီး  သေဆုံးရသူတွေရဲ့ အရေအတွက်ကို တတိတတိ ရေတွက်လာကြရတာ ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေ ဖြိုခွင်းနှိမ်နှင်းချိန်တွေမှာ ဆန္ဒပြမှုနဲ့ ဘာမှမသက်ဆိုင်ပဲ စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ ကလေးငယ်တွေရဲ့ အရေအတွက်ကလည်း တယောက်ပြီးတယောက် တိုးတက်လာကာ စိတ်မှတ်နဲ့ တင် မှတ်တမ်းမတင်နိုင်တော့ပဲ စာရင်းဇယားနဲ့ မှတ်တမ်းတင်ရတဲ့ အထိ ဒါဇင်နဲ့ချီ ရာနဲ့ချီလာခဲ့တာ ဖြစ်ပါတယ်။ 

အဲနောက် မကြာခင်မှာ စစ်ကြောရေးလို့ အမည်တပ်ပေမယ့်လည်း အမှန်တကယ် စစ်ကြောတာထက် လက်စားချေ သတ်ဖြတ်ခံရတဲ့ သူတွေရဲ့ အရေအတွက်တွေလည်း တယောက်ပြီး တယောက် ရေတွက်လာရသလို သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။ အဲဒီကိန်းဂဏန်းတွေထဲ အန်အယ်လ်ဒီပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေ အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှတော့ သွေးသောက်ဆိုတဲ့ အဖွဲ့နာမည်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ပေါ်ထွက်လာပြီး သေဆုံးသူအရေအတွက်က တစတစနဲ့ ဒါဇင်နဲ့ချီတဲ့အထိ ရောက်ရှိလာပြန်ပါတယ်။ 

၂၀၂၁ ခုနှစ် လယ်၊ နှောင်းပိုင်းကစလို့ ခုလက်ရှိအချိန်ထိ စစ်မြေပြင်လို့ ဆိုရမယ့် တိုင်းတွေ ပြည်နယ်တွေမှာ အရပ်သား သေဆုံးမှုတွေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်လို့ သံသယနဲ့ သတ်ဖြတ်ခံရမှုတွေ ၊ စစ်ကောင်စီ ဆန့်ကျင်ရေး PDF ကို ကူညီသူလို့ သံသယရှိရုံနဲ့တင် သတ်ဖြတ်ပြီး အလောင်းကို မီးရှို့ခဲ့တာ၊ မြေမြှုပ်ခဲ့တာ၊ ဒီအတိုင်း စွန့်ပစ်ခဲ့တဲ့ သတင်းတွေလည်း နေ့အလိုက် သီတင်းပတ်အလိုက် လအလိုက် ဖတ်ရှုရေတွက်နေရတာ ဖြစ်ပါတယ်။ 

တိုက်ပွဲ ၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု ၊ ကျေးရွာ နေအိမ်ဖျက်ဆီးမှုအပြင် နောက်သတင်း အမျိုးအစားတမျိုးက ရာဇဝတ်မှုတွေ မယုံနိုင်လောက်အောင် နေရာတိုင်းဖြစ်ပွားလာတဲ့ သတင်းဖြစ်ပါတယ်။ ဘဏ်ဓားပြတိုက်မှု၊ နေအိမ်မှာ လုယက်သတ်ဖြတ်မှု၊ လမ်းမှာ လုယက်မှု၊ ကား၊ ဆိုင်ကယ်၊ အနည်းငယ်မျှသော ငွေကြေးပမာဏအတွက်နဲ့ သတ်ဖြတ်ခံရမှုတွေကလည်း လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း အများအပြား ကြားသိခဲ့ရပြီး အခု လပိုင်းမှာတော့ အနည်းငယ် လျော့နည်းသွားသလို ယူဆရပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တနေ့တာ သတင်းတွေထဲ ကောင်းတဲ့ သတင်းအနေနဲ့ မရှိသလောက် ရှားပါးတယ်လို့ ဆိုရမှာ ဖြစ်ပြီး အချင်းချင်း ကူညီယိုင်းပင်းတာ၊ အသက်ကယ်ဆယ်တာ၊ စစ်ဘေးရှောင်ရသူတွေအတွက် အကူအညီထည့်ဝင်တာ၊ အကူအညီပစ္စည်းတွေ ပို့ဆောင်ပေးကြတဲ့ သတင်းတွေ အခါအားလျော်စွာ တွေ့ရပေမယ့် နေ့စဥ် သတင်းခေါင်းစဥ်တွေက အသက်ဆုံးရှုံးမှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ပုံမှန် နေ့စဥ် တွေ့နေကျ သတင်းခေါင်းစဥ်တွေက ဘယ်မြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လို့ ဒေသခံ ဘယ်နှထောင် ထွက်ပြေးတိမ်းရှောင်နေရတယ် ဆိုတဲ့ သတင်းမျိုး၊ ဘယ်ကျေးရွာမှာ သို့မဟုတ် ဘယ်မြို့နယ်မှာ အရပ်သား ဘယ်နှယောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် အလောင်းသာတွေ့ရ တယ်ဆိုတဲ့သတင်း၊ ကျေးရွာ ဘယ်နှရွာ၊ ဘယ်နှရက်အတွင်း နေအိမ် ဘယ်နှရာ မီးရှို့ဖျက်ဆီးခံရတယ် ဆိုတဲ့ သတင်း၊ ဘယ်မြို့နယ်က ဘယ်ဒေသမှာတော့ စစ်ကောင်စီနဲ့ PDF၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ဘယ်နှယောက် သေဆုံး စတဲ့ ခေါင်းစဥ်တွေက နေ့စဥ် သတင်းစာမျက်နှာတွေ၊ ရေဒီယိုသတင်းတွေမှာ နေရာယူထားကြတာ ဖြစ်ပါတယ်။ 

နေ့စဥ် ဒီလိုသတင်းတွေကိုသာ မြင်တွေ့နေကြရ ဖတ်ရှုနေကြရတာဖြစ်ပြီး ဒီသတင်းမျိုး နောက်ရက်တွေမှာ မဖတ်ရအောင် ဆန္ဒဖြစ်ပေါ်ပေမယ့်လည်း အဲဒီဆန္ဒက ခုချိန်ထိ မပြည့်နိုင်သေးပါဘူး။ ပို၍ စစ်ပွဲ တိုက်ပွဲတွေ အရှိန်မြင့်လာချိန် သတင်းတွေထဲ သတ်ဖြတ်မှု၊ သေဆုံးမှု ဖျက်ဆီးခံရမှုတွေ ပိုများလာနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူတွေ အဖို့ အထက်က ရည်ညွှန်းတဲ့ သတင်းတွေကို ဖတ်ရှုနေချိန်မှာ ခံစားရတဲ့ ခံစားချက်ကတော့ မိမိတို့ အသက်၊ နေအိမ်၊ ပိုင်ဆိုင်မှုတွေ ဘယ်တော့ အန္တရာယ်ကျရောက်မလဲဆိုတဲ့ ခံစားချက်နဲ့ ဒီလိုသတင်းတွေကို ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။ မိမိတို့ အိမ်ရော ဘယ်တော့ လုယက်ခံရမလဲ၊ ဘယ်တော့ ဝင်ရောက်ဖမ်းဆီးခံရမလဲ၊ သို့မဟုတ် ပေါက်ကွဲမှုတွေရဲ့ အန္တရာယ်ကို မိမိအနေနဲ့လည်း ကြုံရနိုင်ခြေရှိတာတွေကို တွေးတောမိကြမှာ မလွဲပါဘူး။ 

တဖက်မှာ ဒီလို ခေတ်ဆိုး ခေတ်ပျက်ကနေ ကျော်လွန်နိုင်ဖို့ မျှော်လင့်ချက်အနေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊ လူထုကို အသိပေးထုတ်ပြန်ချက်တွေ တခါတရံ သတင်းတွေထဲပါရှိလာချိန်မှာ မျှော်လင့်ချက် အနည်းငယ် ထွက်ပေါ်လာပေမယ့်လည်း အဲဒီမျှော်လင့်ချက်တွေက ကြာကြာမခံပဲ လေထဲ လွင့်ပျယ်သွားတဲ့ ဆေးလိပ်မီးခိုးငွေ့သဖွယ် လျင်မြန်စွာ ပျောက်ပျက်သွားလေ့ရှိတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လူထုအနေနဲ့ ဖုန်းပေါ်က ဆိုရှယ်မီဒီယာ၊ အင်တာနက် ဝက်ဆိုက်တွေ၊ ယူကျု့ ပလက်ဖောင်း၊ ရေဒီယို ဂြိုဟ်တုစလောင်း စတဲ့ နည်းလမ်းအမျိုးမျိုးသော ပလက်ဖောင်းတွေမှာ တနေ့တာ အဖြစ်အပျက် သတင်းတွေကို ရယူကြည့်ရှုကြချိန်မှာ စိုးရိမ်မှု ၊ ပူပင်မှု၊ စာနာမှု၊ ဒေါသ၊ မခံမရပ်နိုင်မှု၊ ရွံ့ရှာမုန်းတီးမှု စတဲ့ ခံစားချက်တွေက နေ့စဥ် ခံစားနေကြရသလိုပဲ တခါတရံမှာတော့ လူအသက်သေဆုံးမှု အရေအတွက်တွေကို ကိန်းဂဏန်းတွေအဖြစ် မထူးဆန်းတော့တဲ့ အကြောင်းအရာတွေအဖြစ် ယူဆလာတဲ့ အရေထူတဲ့ ခံစားမှုမျိုးလည်း ဖြစ်ကောင်းဖြစ်ပေါ်ကြလိမ့်မှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar